လာရာ တူ၍ လားရာ မတူသည့် ရဟန်းများ
ဒီဆောင်းပါးကို ရေးသားချိန်ဟာ အမေရိကန်နိုင်ငံမှာ ထေရဝါဒီ သံဃာတော် အပါးနှစ်ဆယ်လောက်က ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီး မိုင်နှစ်ထောင်ကျော် ခရီးရှည်ကို လျှောက်လှမ်းနေချိန်နဲ့ တိုက်ဆိုင်နေသလို၊ ရိုဟင်ဂျာလူမျိုးတွေကို မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်နေခဲ့ချိန်မှာ မြန်မာသံဃာနှစ်ပါးက လူမျိုးခြား ဘာသာခြား အမုန်းတရားတွေ ဟောကြားပြီး လူသတ်ခြင်းကို အားပေးအားမြှောက် ပြုခဲ့ကြောင်း နိုင်ငံတကာ တရားရုံး (ICJ) မှာ အထောက်အထား တင်ပြချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းတဲ့ ဘာသာတရားတခု ဖြစ်တယ်လို့ ကမ္ဘာ့လူသား အများစုက ယေဘုယျအားဖြင့် လက်ခံထားကြပါတယ်။ တိဘက်သာသနာပိုင် ဒလိုင်လားမားနဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဇင်ဘုန်းတော်ကြီး သိနက်ဟန် (Thich Nhat Hanh) တို့ရဲ့ အားထုတ်မှုတွေကြောင့် သက်ဝင်ယုံကြည်သူတွေ တိုးပွားလာနေတဲ့ အနောက်နိုင်ငံတွေမှာတော့ - ဗုဒ္ဓနည်းကျ ကျင့်စဉ်များဟာ လူသားတွေရဲ့ စိတ်နှလုံးကို ငြိမ်းချမ်းစေတယ်လို့ ယုံကြည်ကြပါတယ်။
အနောက်နိုင်ငံတွေမှာ ဗုဒ္ဓဘာသာက အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြန့်ပွားနေချိန်မှာ နဝတ/နအဖ စစ်အစိုးရက မြန်မာရဟန်းသံဃာတွေအပေါ် အဓမ္မမှုကြီး နှစ်ခုကို ကျူးလွန်ခဲ့ပါတယ်။ ပထမ တခုကတော့ စစ်အစိုးရအပေါ် ပတ္တနိကုဇ္ဇနကံ ဆောင်ခဲ့ကြတဲ့ မန္တလေးက ရဟန်းသံဃာတွေကို ၁၉၉၀ ခုနှစ်မှာ အကြမ်းဖက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒုတိယ တခုကတော့ ရန်ကုန်မြို့နဲ့ ပခုက္ကူမြို့တွေမှာ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆုတောင်းခဲ့ကြတဲ့ သံဃာတွေကို ၂၀၀၇ ခုနှစ်မှာ သွေးမြေကျ အကြမ်းဖက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနှစ်ကြိမ်စလုံးမှာ အကြမ်းဖက်သူက စစ်တပ် ဖြစ်ခဲ့ပြီး၊ အကြမ်းဖက်ခံရသူတွေက သံဃာတော်တွေ ဖြစ်ခဲ့ကြပါတယ်။
ဒီလို အကြမ်းဖက်ခံခဲ့ရတဲ့ မြန်မာသံဃာတော်တွေဟာ ပြည်သူလူထုနဲ့ ဓမ္မတရားဖက်က ရပ်တည်ခဲ့ကြသူတွေ ဖြစ်လို့ မြန်မာနဲ့ ကမ္ဘာ့ပြည်သူတွေရဲ့ သနားကြင်နာမှုနဲ့ လေးစားကြည်ညိုမှုကို ရရှိခဲ့ကြပါတယ်။ သို့သော်လည်း မြန်မာပြည်က သံဃာတော်အများစုရဲ့ ကောင်းမွန်တဲ့ ပုံရိပ်ဟာ မကြာခင်မှာပဲ ညှိုးမှိန်လာပါတော့တယ်။
သံဃာတွေရဲ့ ၁၉၉၀ ခုနှစ် ပတ္တနိကုဇ္ဇနကံဆောင်ခြင်း အပြီးမှာ စစ်တပ်က သံဃာထုထဲကို အရပ်ဝတ် သတင်းပေးတွေနဲ့ သင်္ကန်းဝတ် စစ်ထောက်လှမ်းရေးတွေကို စိမ့်ဝင်စေခဲ့ပါတယ်။ တချိန်တည်းမှာပဲ ထေကြီးဝါကြီး သံဃာတချို့ကို အဂတိ လိုက်စားစေခြင်းအားဖြင့် စစ်တပ်လိုလားတဲ့ သံဃာတွေ ပေါ်လာအောင် လုပ်ပြီး၊ သံဃာထုရဲ့ ညီညွတ်ရေးကို ဖြိုခွဲခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ စစ်အစိုးရဟာ ဗုဒ္ဓဘာသာဝင် မြန်မာအများစုရဲ့ ထောက်ခံမှုကိုရအောင် ကြိုးစားတဲ့အနေနဲ့ လူမျိုးခြား၊ ဘာသာခြား အမုန်းတရားတွေကို စစ်တပ်ပိုင် သတင်းစာနဲ့ အသံလွှင့်ဌာနတွေကနေ ရေးသား ထုတ်လွှင့်လာပါတယ်။
၂၀၀၂ ခုနှစ်မှာတော့ ဦးဝီရသူ ခေါင်းဆောင်တဲ့ အစ္စလာမ်ဘာသာဆန့်ကျင်ရေး ၉၆၉ လှုပ်ရှားမှု ပေါ်ပေါက်လာပါတယ်။ ဦးဝီရသူဟာ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေးတရားတွေကို ၂၀၀၁ ခုနှစ်ကတည်းက ဟောပြောရေးသားခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ အမုန်းတရား ဟောပြောမှုတွေကြောင့် ၂၀၀၃ ခုနှစ် ကျောက်ဆည်မြို့ လူမျိုးရေးအဓိကရုဏ်းမှာ အစ္စလာမ်ဘာသာဝင် ဆယ်ဦး သေဆုံးခဲ့ရပါတယ်။ ဒီအမှုကို စစ်ဆေးအရေးယူပေးဖို့ နိုင်ငံတကာက ဖိအားပေးလာချိန်မှာ စစ်အစိုးရဟာ ဦးဝီရသူကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ပေမဲ့ ၂၀၁၂ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ရခိုင်အမျိုးသမီးငယ်တဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ကြောင့် ရခိုင်ပြည်နယ်မှာ လူမျိုးရေးအဓိကရုဏ်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဦးဝီရသူနဲ့ ၉၆၉ အဖွဲ့ဟာ ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး အစ္စလာမ်မုန်းတီးရေးနဲ့ အစွန်းရောက် အမျိုးသားရေးလှုံ့ဆော်မှုတွေကို ရခိုင်ပြည်နယ်မှာသာမက တပြည်လုံးမှာပါ ပြုလုပ်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ ၉၆၉ အဖွဲ့ဟာ "အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့" (မဘသ) အဖြစ် အသွင်ပြောင်းသွားခဲ့ပြီး၊ ဦးဝီရသူကပဲ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆက်လက် ဦးဆောင်ခဲ့ပါတယ်။ သီတဂူဆရာတော် ဦးဉာဏိဿရဟာ မဘသ ခေါင်းဆောင်ပိုင်းမှာ အစပိုင်းက ပါဝင်ခဲ့ပြီး၊ နောက်ပိုင်းမှာ နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ မဘသ အဖွဲ့ကိုတော့ ထင်ထင်ရှားရှား ဆက်လက်အားပေးခဲ့ပါတယ်။ တချိန်က ရာဇောဝါဒသုတ်ကို ဟောကြားခဲ့လို့ အာဏာရှင်ဦးနေဝင်းရဲ့ အမျက်ဒေါသကို ခံယူခဲ့ရတဲ့ ဦးဉာဏိဿရဟာ နောင်အခါမှာ ဦးနေဝင်းထက် ပိုရက်စက်ပြီး၊ လူထုက ပိုမုန်းတီးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆရာ-ဒကာ ဆက်ဆံရေး တည်ဆောက်ခဲ့ပါတယ်။ ဒီနောက် မင်းအောင်လှိုင်ရဲ့ မင်းဆရာနဲ့ ရွှေကျင်သံဃာဂိုဏ်းရဲ့ သာသနာပိုင် ဖြစ်လာခဲ့ပါတယ်။
၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်များ အတွင်းမှာတော့ ရိုဟင်ဂျာတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်ပြီး မြန်မာပြည်ထဲကနေ မောင်းထုတ်တဲ့ စီမံကိန်းကို စစ်တပ်က အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီရာဇဝတ်မှုတွေ မဖြစ်ပွားခင်နဲ့ ဖြစ်ပွားနေစဉ်အတွင်းမှာ ဦးဝီရသူနဲ့ ဦးဉာဏိဿရတို့ဟာ အဲဒီ ရာဇဝတ်မှုတွေကို အားပေးအားမြှောက်ပြုတဲ့ စကားတွေကို ဟောပြောခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးခဲ့ပါတယ်။
သဘောထားတင်းမာတဲ့ အမျိုးသားရေးဝါဒကို ဇောင်းပေးပြီး၊ အကြမ်းဖက်မှုကို အားပေးခဲ့တဲ့ ဦးဝီရသူကို Time မဂ္ဂဇင်းကြီးက "ဗုဒ္ဓဘာသာ အကြမ်းဖက်ဝါဒ၏ မျက်နှာစာ" (The Face of Buddhist Terror) လို့ ကမ္ပည်းတင်ခဲ့ပြီး၊ သူကလည်း အဲဒီဘွဲ့ကို ဂုဏ်ယူစွာ လက်ခံခဲ့ပါတယ်။ ဦးဝီရသူဟာ နိဗ္ဗာန်ရောက်ကြောင်းတရားတွေကို ဟောပြောသူ မဟုတ်ဘဲ လူမျိုးရေးနဲ့ ဘာသာရေးအပေါ် အခြေခံတဲ့ အကြောက်တရားနဲ့ အမုန်းတရားတွေကို ဖြန့်ဝေခဲ့သူ ဖြစ်ပါတယ်။ Facebook ပေါ်မှာ တောမီးလို ပျံ့နှံ့ခဲ့တဲ့ သူ့ရဲ့ တရားခွေတွေမှာ ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုးကို အစ္စလာမ်ဘာသာနဲ့ ဘင်္ဂါလီလူမျိုးတွေက ဝါးမျိုတော့မယ်လို့ ဟောပြောခဲ့တဲ့အပြင်၊ ရိုဟင်ဂျာတွေကို ဘီလူးတွေ၊ ခွေးရူးတွေနဲ့ နှိုင်းယှဉ်ပြီး၊ လူသားများ မဟုတ်သယောင် နှိမ်ချပြောဆိုခဲ့ပါတယ်။
ဦးဝီရသူက ကြမ်းတမ်းတဲ့ အရပ်သုံး ဖရုဿဝါစာ စကားတွေနဲ့ အမုန်းတရားကို ဖြန့်ဖြူးနေချိန်မှာ၊ ဦးဉာဏိဿရကတော့ ဘာသာရေးသမိုင်းတွေကို အသုံးပြုပြီး ဘာသာခြားမုန်းတီးရေးတရားတွေကို ဟောပြောခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်က ရိုဟင်ဂျာရွာတွေကို မီးရှို့ရှင်းလင်းနေချိန်မှာ စစ်အရာရှိကြီးတွေကို သူဟောကြားခဲ့တဲ့ တရားဟာ လူအများကို အံ့အားသင့်စေခဲ့ပါတယ်။ သူက ဘုရားဟော မဟုတ်တဲ့ မဟာဝံသကျမ်းလာ ရှေးဟောင်းဇာတ်လမ်းတပုဒ်ကို ကိုးကားပြီး - "ငါးပါးသီလ မစောင့်ထိန်းကြသူတွေနဲ့ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြသူတွေဟာ လူစင်စစ်မဟုတ်ကြတဲ့အတွက် သူတို့ကို သတ်ဖြတ်ခြင်းကြောင့် အပြစ်လည်း မဖြစ်သလို၊ ငရဲလည်း မကျနိုင်ဘူး" လို့ ဟောပြောခဲ့ပါတယ်။ စစ်အရာရှိကြီးတွေကို သူပေးခဲ့တဲ့ သတင်းစကားက ရှင်းပါတယ်။ အဲဒါကတော့ - "ဘာသာခြားတွေကို စိတ်ကြိုက် သတ်ဖြတ်နိုင်တယ်" ဆိုတာပါပဲ။ တနည်းအားဖြင့် လူသတ်လိုင်စင်ကို ဘာသာရေးတံဆိပ်တုံးထုပြီး ထုတ်ပေးလိုက်တဲ့ သဘောပါပဲ။ ဒါ့ကြောင့်လည်း ICJ မှာ တရားလိုရှေ့နေတွေက ဦးဉာဏိဿရရဲ့ ဒီစကားကို သက်သေခံတခု အဖြစ် တင်ပြခဲ့တာ ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ သံဃာအမျိုးအစားတွေကို ကြည့်မယ်ဆိုရင် -
(၁) ပတ္တနိကုဇ္ဇနကံဆောင်ခဲ့တဲ့ မြန်မာသံဃာတွေ
(၂) လူမျိုးခြား၊ ဘာသာခြား အမုန်းစကားတွေ ပြောနေကြတဲ့ မြန်မာသံဃာတွေနဲ့
(၃) ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်နေကြတဲ့ နိုင်ငံတကာ သံဃာတွေ ဆိုပြီး သုံးမျိုးသုံးစား တွေ့ရပါလိမ့်မယ်။ လမ်းလျှောက်သံဃာတော်တွေထဲမှာ မြန်မာသံဃာတော်တပါး ပါဝင်သလို၊ ဦးဆောင်သံဃာတော် ဦးပညာကာရဟာလည်း ရဟန်းဘဝနဲ့ မြန်မာနိုင်ငံမှာ တရားဘာဝနာ ကျင့်ကြံခဲ့ဖူးသူ ဖြစ်ပါတယ်။
အခု ဆက်လက်ပြီး အဲဒီ သံဃာ သုံးမျိုးရဲ့ တွေးခေါ်ဆင်ခြင်ပုံနဲ့ လုပ်ငန်းဆောင်ရွက်ပုံကို လေ့လာကြည့်ကြရအောင်ပါ။
(၁) ပတ္တနိကုဇ္ဇန ကံဆောင်ကြတဲ့ မြန်မာသံဃာများ
ထေရဝါဒ ဗုဒ္ဓဘာသာဝင် မင်းအစိုးရတွေဟာ သူတို့ရဲ့ အုပ်ချုပ်မှုကို တရားဝင်စေဖို့အတွက် သံဃာနဲ့ သာသနာကို ထောက်ပံကာကွယ်ပေးကြလေ့ ရှိပါတယ်။ သို့သော် သံဃာကို ထောက်ပံ့ရုံ၊ သာသနာကို အကာအကွယ်ပေးရုံ သက်သက်ကြောင့်တော့ ဓမ္မကြောင်းအရ တရားသောမင်း ဖြစ်မလာနိုင်ပါဘူး။ နိုင်ငံကို အုပ်ချုပ်သူဟာ ပြည်သူလူထုအပေါ် မင်းကျင့်တရားများနဲ့ အညီ အုပ်ချုပ်ပါမှ ဓမ္မရာဇာ (တရားနဲ့ ညီညွတ်တဲ့မင်း) ဖြစ်တယ်လို့ ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာ ဖော်ပြထားပါတယ် (စတုက္ကနိပါတ် - ၄၊ ကောကိလဝဂ် - ၃၃၄၊ ရာဇောဝါဒဇာတ်)။
ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ သံဃာတော်တွေဟာ တိုင်းရေးပြည်ရာမှာ ပါဝင်ပတ်သက်လေ့ မရှိကြပါဘူး။ ဒါပေမဲ့ အုပ်ချုပ်သူတွေကြောင့် တိုင်းသူပြည်သားတွေ အတိဒုက္ခရောက်ရတာမျိုး ရှိလာရင်တော့ ဘုရားဟော မင်းကျင့်တရားတွေနဲ့အညီ တိုင်းပြည်အုပ်ချုပ်ဖို့ သံဃာတော်တွေက သတိပေးဟောပြောလေ့ ရှိကြပါတယ်။ အကယ်၍ အုပ်ချုပ်သူတွေဟာ တိုင်းသူပြည်သားတွေကိုသာမက သံဃာကိုပါ ထိပါးလာပြီ ဆိုရင်တော့ သံဃာတွေအနေနဲ့ ဝိနည်းတော်နဲ့အညီ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီး အုပ်ချုပ်သူကို သတိပေးနိုင်ပါတယ်။ ပတ္တနိက္ကုဇ္ဇန ကံဆောင်တယ် ဆိုတာကတော့ အပြစ်ပြုထားသူထံကနေ ဆွမ်းလက်မခံခြင်း၊ အဆက်အဆံမပြုခြင်း ဖြစ်ပါတယ်။
ပတ္တနိက္ကုဇ္ဇန ကံဆောင်ရာမှာ အပြစ်ပြုသူတို့အနေနဲ့ မိမိတို့ရဲ့ အပြစ်ကို မြင်နိုင်ဖို့နဲ့ အမှားပြင်နိုင်စေဖို့အတွက် သံဃာတွေက ဒေါသမပါစေဘဲ မေတ္တာစိတ်နဲ့သာ ဆောင်ရွက်ကြရပါတယ်။ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သံဃာနဲ့ သာသနာတော်ကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကတော့ ဒါကို အာဏာဖီဆန်ခြင်းလို့ ယူဆကြပြီး၊ သံဃာတွေကို လူဝတ်လဲစေတာကစလို့ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေအထိ ကျူးလွန်ခဲ့ကြပါတယ်။
(၂) လူမျိုးခြား၊ ဘာသာခြား အမုန်းတရား ဖြန့်ခဲ့ကြတဲ့ မြန်မာသံဃာများ
စစ်ပွဲ သို့မဟုတ် အကြမ်းဖက်မှုတွေကို အမျိုးသားရေးကိစ္စ အသွင်ဆောင်ပြီး အားပေးလှုံ့ဆော်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် သံဃာတွေ နိုင်ငံတကာသမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ ဒါဟာ အုပ်ချုပ်သူတွေနဲ့ သံဃာတွေ အပြန်အလှန် မှီခိုကြရာကနေ ပေါ်ထွက်လာခဲ့တဲ့ သမိုင်းပုံရိပ် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ သမိုင်းဖြစ်ရပ် နှစ်ခု ရှိခဲ့ပါတယ်။
ပထမ ဖြစ်ရပ်ကိုတော့ ဦးဉာဏိဿရ တလွဲသုံးခဲ့တဲ့ မဟာဝံသကျမ်းမှာ မှတ်တမ်းတင်ထားပါတယ်။ မဟာဝံသ (မဟာဝင်) ကျမ်းဟာ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) ရဲ့ သံဃာသမိုင်းနဲ့ ရာဇဝင်ကို မှတ်တမ်းတင်ထားတဲ့ကျမ်း ဖြစ်ပါတယ်။ ဒီကျမ်းကို အေဒီငါးရာစုအတွင်း အနုရာဓပူရမြို့တော်မှာရှိတဲ့ မဟာဝိဟာရကျောင်းမှာ မဟာနာမ ရဟန်းက ကဗျာအသွင်နဲ့ ရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ မဟာဝံသကျမ်းမှာ သီဟိုဠ်ဘုရင် ဗုဒ္ဓဘာသာဝင် ဒုဋ္ဌဂါမဏိနဲ့ ဟိန္ဒူဘာသာဝင် ဒမိဠ/တမီလ်ဘုရင် ဧဠာရတို့ အကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီး အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားထားပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲကြီးတွေအပြီး ရန်သူအပေါ် အနိုင်ရခဲ့ပေမဲ့ လူပေါင်း ထောင်သောင်းချီ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ လူသတ်မှုများစွာကို ကျူးလွန်ခဲ့မိတဲ့ မိမိရဲ့အပြစ်ကြောင့် စိတ်နှလုံး မသာမယာဖြစ်နေတဲ့ ဒုဋ္ဌဂါမဏိမင်းကို ဖျောင်းဖျတဲ့အနေနဲ့ သံဃာတချို့ မိန့်ကြားခဲ့တဲ့ စကားတွေကို အထက်မှာ ရေးခဲ့ပြီးပါပြီ။ ၁၉၈၃ နဲ့ ၂၀၀၉ ခုနှစ်အတွင်းမှာ သီရိလင်္ကာစစ်တပ်နဲ့ တမီလ် သူပုန်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာလည်း သီရိလင်္ကာ သံဃာတချို့က ဘာသာခြားတွေကို သတ်ရင် အပြစ်မရှိသယောင် ဟောပြောခဲ့ပါတယ်။
သီရိလင်္ကာ သံဃာတချို့က အကြမ်းဖက်မှုကို လှုံ့ဆော်ခဲ့ပေမဲ့ စစ်ပွဲတွေမှာ ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်တာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ အေဒီ ၁၀ ရာစုနဲ့ ၁၇ ရာစု အတွင်းက ဂျပန်ပြည်မှာတော့ လက်နက်ကိုင်ပြီး စစ်တိုက်ကြတဲ့ သံဃာတပ်ဖွဲ့တွေ ပေါ်ထွန်းခဲ့ဖူးပါတယ်။ အဲဒီခေတ် ဂျပန်ပြည်မှာ ပေါ်ထွန်းခဲ့တဲ့ သံဃာ့ဂိုဏ်းကြီးတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်လေ့ ရှိကြပါတယ်။ ဂျပန်ဘာသာနဲ့ ဆိုဟေး (Sōhei) လို့ခေါ်တဲ့ အဲဒီသံဃာတွေဟာ သူတို့ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအရှိန်အဝါကို ချဲ့ထွင်ဖို့အတွက် လက်နက်ကိုင် သံဃာစစ်တပ်တွေကို တည်ထောင်ပြီး စစ်တိုက်ခဲ့ကြပါတယ်။
အမျိုးသားရေးစိတ် အစွန်းရောက်တဲ့ သီရိလင်္ကာ၊ ဂျပန်နဲ့ မြန်မာ သံဃာတွေဟာ ကိုယ်နဲ့ မတူသူတွေကို ကိုယ့်ရန်သူလို့ သဘောထားကြပါတယ်။ သံသယစိတ်နဲ့ အကြောက်တရားကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင် "ငါတို့" နဲ့ ဘာသာခြား "သူတို့" ဆိုပြီး လူ့အဖွဲ့အစည်းကို သင်းခွဲပါတယ်။ ဒီနောက် မိမိတို့ရဲ့ ပတ်လည်ကို "အမျိုး၊ ဘာသာ၊ သာသနာ" ဆိုတဲ့ တံတိုင်းကြီး ကာရံလိုက်ပြီး တံတိုင်းအပြင်ကလူ မှန်သမျှကို ရန်သူသဖွယ် ဆက်ဆံပါတယ်။ ဒီနည်းနဲ့သာလျှင် ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်နိုင်မယ်လို့ သူတို့က ယုံကြည်ကြပါတယ်။
(၃) ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်နေကြတဲ့ သံဃာများ
ဒီသံဃာတွေရဲ့ အတွေးအခေါ်ဟာ သူ့ဘက် ကိုယ့်ဘက် ခွဲခြားဆက်ဆံတတ်တဲ့ အမျိုးသားရေး အစွန်းရောက် သံဃာတွေရဲ့ အတွေးအခေါ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။
ရှေးခေတ် ကပိလလဝတ်နဲ့ ကောလိယနိုင်ငံတွေကြားမှာ စီးဆင်းနေတဲ့ ရောဟီနီမြစ်ကို အကြောင်းပြုပြီး နှစ်နိုင်ငံ စစ်ဖြစ်တော့မယ့်အရေးကို ဂေါတမဗုဒ္ဓ ကိုယ်တော်တိုင်က တရားပြပြီး ဖြေရှင်းပေးခဲ့တဲ့ ဖြစ်ရပ်တခု ရှိခဲ့ပါတယ်။ ဗုဒ္ဓဟာ ကပိလဝတ် ရှင်ဘုရင်ရဲ့ သားတော် ဖြစ်ပေမဲ့ ကောလိယနိုင်ငံသားတွေကို ရန်သူလို့ မသတ်မှတ်ဘဲ လူသားတွေလို့သာ ရှုမြင်ပြီး တူညီတဲ့ မေတ္တာထားခဲ့ပါတယ်။
မောရိယခေတ် ကလိင်္ဂစစ်ပွဲကြီးမှာ အောင်နိုင်ခဲ့တဲ့ အာသောကမင်းကြီးဟာ စစ်တလင်းပြင်မှာ ပြန့်ကျဲကျန်ရစ်တဲ့ နှစ်ဖက်စစ်သည်ရုပ်အလောင်းတွေကို သူ့လူ ကိုယ့်လူရယ်လို့ ခွဲခြားမမြင်တော့ဘဲ လူသားတွေ အဖြစ်သာ ရှုမြင်ခဲ့ပြီး ဝမ်းနည်းကြေကွဲခဲ့ပါတယ်။ အဲဒီလို ယူကြုံးမရဖြစ်နေတဲ့ အာသောကမင်းကြီးကို ဗုဒ္ဓဘာသာ ရဟန်းငယ်တပါးက တရားပြပြီး ငြိမ်းချမ်းစေခဲ့ဖူးတဲ့ ဖြစ်ရပ်တခုလည်း သာသနာ့သမိုင်းမှာ ရှိပါတယ်။
ဒီဖြစ်ရပ်ကြီး နှစ်ခုက ပေးတဲ့ သင်ခန်းစာကတော့ - လူသားတွေကို သူ့လူ ကိုယ့်လူ အဖြစ် ခွဲခြားရှုမြင်ခြင်းဟာ လောကကို စောင့်ရှောက်ရာ မရောက်ဘဲ ပျက်စီးခြင်းကိုသာ ဖြစ်စေတယ်ဆိုတာပါပဲ။ အမေရိကမှာ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်နေကြတဲ့ ထေရဝါဒီ သံဃာတော်တွေဟာ အဲဒီ သင်ခန်းစာကို နှလုံးသွင်းပြီး လမ်းလျှောက်နေကြခြင်း ဖြစ်ပါတယ်။
ဒီလမ်းလျှောက်ပွဲရဲ့ ဦးဆောင်သံဃာတော် ဦးပညာကာရဟာ ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး သိနက်ဟန်ရဲ့ "လူသားအချင်းချင်းဟာ ရန်သူ မဟုတ်၊ သူတို့ကြားက အမုန်းတရားသာလျှင် တကယ့်ရန်သူဖြစ်တယ်" ဆိုတဲ့ သွန်သင်မှုကို လိုက်နာသူ ဖြစ်ပါတယ်။ ဘုန်းတော်ကြီး သိနက်ဟန်ဟာ ဗီယက်နမ်စစ်ပွဲအတွင်းမှာ ရန်ဘက်တွေ ဖြစ်ခဲ့ကြတဲ့ တောင်နဲ့ မြောက်ဗီယက်နမ်တို့ကြားမှာ တဖက်ဖက်ကို ဘက်လိုက်ဖို့ ငြင်းဆန်ခဲ့မှုကြောင့် တောင်ဗီယက်နမ်အစိုးရက ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်နေကြတဲ့ သံဃာတော်တွေဟာ ကမ္ဘောဒီးယား ပြည်တွင်းစစ်ကာလ (၁၉၆၇-၁၉၇၅) မှာ ပေါ်ထွန်းခဲ့တဲ့ ရဟန်းတော် မဟာဂေါသနန္ဒရဲ့ ကျင့်စဉ်နဲ့အညီ လမ်းလျှောက်နေကြတာ ဖြစ်ပါတယ်။ မဟာဂေါသနန္ဒဟာ နှစ်ဖက်ရန်သူတပ်များ အပြန်အလှန် ပစ်ခတ်နေကြတဲ့ တိုက်ပွဲတွေနဲ့ မိုင်းကွင်းတွေကြားမှာ ရဲဝံ့စွာ လမ်းလျှောက်ရင်း ငြိမ်းချမ်းရေးကို တောင်းဆိုခဲ့ဖူးပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကလည်း - "နှစ်ဖက်စစ်သားတွေဟာ ရန်သူတွေ မဟုတ်၊ သူတို့ကြားက အမုန်းတရားနဲ့ လက်နက်တွေကသာ ရန်သူတွေ ဖြစ်တယ်" ဆိုတာကို သက်သေပြချင်တာပါ။
"အမေရိကားသာ ပထမ" ဆိုတဲ့ မူဝါဒနဲ့အတူ အမေရိကားမှာ နိုင်ငံခြားသားအမုန်းတရားတွေ ကြီးစိုးနေချိန်မှာ ပေါ်ထွန်းလာတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲဟာ အမေရိကန်လူထုရဲ့ စိုးရိမ်သောကတွေကို အတိုင်းအတာ တခုအထိ ပြေလျော့သွားစေတာတော့ အမှန်ပါပဲ။ ခရီးစဉ်တလျှောက်လုံးမှာ ဦးပညာကာရ ပေးနေတဲ့ အသိတရားကတော့ - "လူတိုင်းရဲ့ အဇ္ဈတ္တ အတွင်းသဏ္ဍာန်မှာ ငြိမ်းချမ်းနိုင်မှသာ လူ့လောကကြီး ငြိမ်းချမ်းမယ်" ဆိုတဲ့ အသိတရားပဲ ဖြစ်ပါတယ်။
ဒါကတော့ ထေရဝါဒဆိုတဲ့ လာရာလမ်းချင်း တူညီပါလျက်နဲ့ လျှောက်လှမ်းကြတဲ့ လမ်းချင်းမတူကြတဲ့ သံဃာသုံးမျိုးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ခံယူချက်နဲ့ လုပ်ဆောင်ချက်တွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ဘယ်လိုရှိသလဲဆိုတာကို ဒီကနေ့ ဒီအချိန်မှာ ကျနော်တို့အားလုံး မျက်ဝါးထင်ထင် မြင်နေရပါပြီ။