မြန်မာ့ "တစ္ဆေသင်္ဘောအုပ်စု" နှင့် ဒေသတွင်းရှိ ဘဏ်များက အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို မည်သို့ ရှောင်ကွင်းနေသနည်း

မြန်မာဆန်းစစ်လေ့လာရေးဂျာနယ်

Read in English

အနောက်အုပ်စု၏ "ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ" (Smart Sanctions) သည် မြန်မာစစ်တပ်ကို အကြပ်ရိုက်စေရန် ရည်ရွယ်သော်လည်း၊ ပင်လယ်ပြင်တွင် ပုန်းလျှိုးကွယ်လျှိုး သွားလာခြင်းနှင့် ဒေသတွင်း ဘဏ္ဍာရေးလမ်းကြောင်းများ ပြောင်းလဲခြင်းတို့ဖြင့် လည်ပတ်နေသော ဆန်းပြားသည့် "အရိပ်မည်းစီးပွားရေး" (Shadow Economy) အားဖြင့် စစ်ကောင်စီသည် စောင့်ကြည့်စစ်ဆေးမှုများကို ကျွမ်းကျင်စွာ ရှောင်ကွင်းနိုင်ကြောင်း သက်သေပြနေသည်။

အဓိကတင်ပြချက် - ဤဆန်းစစ်ချက်သည် စစ်ကောင်စီအနေဖြင့် "တစ္ဆေသင်္ဘောအုပ်စု" (Ghost fleet) နည်းဗျူဟာများကို အသုံးပြုကာ လေယာဉ်ဆီ ကန့်သတ်ချက်များကို မည်သို့ အောင်မြင်စွာ ကျော်လွှားခဲ့ကြောင်းနှင့် ၎င်းတို့၏ အဓိက ဘဏ္ဍာရေးစီးဆင်းမှုကို စည်းမျဉ်းတင်းကျပ်လာသည့် စင်ကာပူမှ ဗျူဟာမြောက် ကြားနေဝါဒ ကျင့်သုံးသည့် ထိုင်းဘဏ်လုပ်ငန်းများဆီသို့ မည်သို့ ပြောင်းရွှေ့ခဲ့ကြောင်းကို လေ့လာထားသည်။


အရိပ်မည်းစီးပွားရေး၏ ကြံ့ကြံ့ခံနိုင်မှု

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး ငါးနှစ်အကြာတွင် အနောက်အုပ်စု၏ "ပစ်မှတ်ထား ပိတ်ဆို့မှုများ" နှင့် မြန်မာစစ်ကောင်စီအကြား အားပြိုင်မှုသည် ရှောင်တိမ်းမှု အဆင့်မြင့်သည့် အခြေအနေသို့ ရောက်ရှိလာသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့သည် လေယာဉ်ဆီနှင့် နိုင်ငံပိုင်ဘဏ်များကို ပိတ်ဆို့မှုများ တိုးမြှင့်ခဲ့သော်လည်း စစ်ကောင်စီ၏ ရှင်သန်ရေးဗျူဟာသည် သမားရိုးကျကုန်သွယ်မှုမှ ဆန်းပြားသော "အရိပ်မည်းစီးပွားရေး" ဆီသို့ ကူးပြောင်းသွားခဲ့သည်။

ရလဒ်များမှာ စိုးရိမ်ဖွယ်ရာ ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် လေယာဉ်ဆီ တင်သွင်းမှုသည် မက်ထရစ်တန်ချိန် ၁၀၉,၆၀၄ တန် အထိ ရှိခဲ့ပြီး၊ ၎င်းသည် အာဏာသိမ်းပြီးနောက်ပိုင်း အမြင့်ဆုံးပမာဏဖြစ်ကာ ယခင်နှစ်ကထက် ၆၉% တိုးလာခြင်း ဖြစ်သည်။ ဤမြင့်တက်မှုကို ဖြစ်ပေါ်စေသည့် အကြောင်းအရာ နှစ်ခု ရှိသည်။ ၎င်းတို့မှာ အီရန်၏ ပိတ်ဆို့မှု ရှောင်ကွင်းသည့် နည်းဗျူဟာများကို အသုံးပြုထားသော ဆီတင်သင်္ဘော အုပ်စုများနှင့် ဘဏ္ဍာရေးစီးဆင်းမှုများကို စင်ကာပူမှ ထိုင်းဘဏ်လုပ်ငန်းများဆီသို့ အလုံးအရင်းနှင့် ပြောင်းရွှေ့လိုက်ခြင်းတို့ ဖြစ်သည်။

အပိုင်း ၁ - တစ္ဆေသင်္ဘောအုပ်စုနှင့် လေယာဉ်ဆီ တင်သွင်းမှု မြင့်တက်လာခြင်း

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် အဓိကလက်နက် ဖြစ်လာသော်လည်း Jet A-1 လေယာဉ်ဆီမရှိဘဲ လေယာဉ်များ ပျံသန်း၍မရပေ။ ၂၀၂၃-၂၀၂၄ ခုနှစ် လောင်စာဆီ ပိတ်ဆို့မှုများကို ရှောင်ကွင်းရန် စစ်ကောင်စီသည် ပင်လယ်ပြင်တွင် တရားမဝင်သည့် နည်းလမ်းများကို ကျင့်သုံးလာခဲ့သည်။

AIS "အမှောင်" စစ်ဆင်ရေးများ ။ ။ ဆီတင်သင်္ဘောများသည် မြန်မာ့ဆိပ်ကမ်းများတွင် ဆီချနေစဉ်အတွင်း ၎င်းတို့၏ အလိုအလျောက် သတင်းပေးစနစ် (AIS) ကို ပိတ်ထားခြင်း သို့မဟုတ် တည်နေရာအမှားများကို ထုတ်လွှင့်သည့် "spoofing" နည်းပညာကို အသုံးပြုခြင်းများ ပုံမှန် ပြုလုပ်လာကြသည်။

အီရန်နှင့် ချိတ်ဆက်မှု ။ ။ ၂၀၂၅ ခုနှစ် အချက်အလက်များအရ အနည်းဆုံး အဓိက လေယာဉ်ဆီ တင်ပို့မှု ၉ ခုကို အီရန်၏ ပို့ကုန်ကွန်ရက်များနှင့် တိုက်ရိုက်ပတ်သက်နေသော သင်္ဘောများက ဆောင်ရွက်ခဲ့ကြောင်း အတည်ပြုနိုင်သည်။ ဤ "တစ္ဆေသင်္ဘောများ" သည် အနောက်အုပ်စု၏ ရေကြောင်းအာမခံနှင့် အခြား စည်းမျဉ်းများ၏ အလှမ်းဝေးရာတွင် လည်ပတ်နေကြသည်။

ဗီယက်နမ် ကြားခံစခန်း ။ ။ အထောက်အထားများကို ပိုမိုဝေဝါးစေရန်အတွက် လောင်စာဆီများကို ဗီယက်နမ်ရှိ သိုလှောင်ရုံများမှတဆင့် မကြာခဏ ဝယ်ယူရောင်းချလေ့ရှိသည်။ ထိုလောင်စာဆီများ ရန်ကုန်သို့ ရောက်ရှိလာသည့်အခါတွင် ၎င်း၏ မူရင်းဇစ်မြစ်မှာ ပိတ်ဆို့ခံထားရခြင်းမရှိသည့် ကြားခံကုမ္ပဏီတခု၏ "အထွေထွေစီးပွားဖြစ်ကုန်သွယ်မှု" အဖြစ် ဖုံးကွယ်ပြီးသား ဖြစ်နေတတ်သည်။

 အပိုင်း ၂ ။ ။ အသေးစိတ်လေ့လာချက်

ထိုင်းနိုင်ငံသို့ ဥပဒေကြောင်းအရ ပြောင်းရွှေ့ခြင်း

စစ်ကောင်စီ၏ ရှင်သန်ရေးဗျူဟာတွင် အထင်ရှားဆုံး ပြောင်းလဲမှုမှာ ပင်လယ်ပြင်၌ မဟုတ်ဘဲ ဒေသတွင်း ဘဏ်လုပ်ငန်းများတွင် ဖြစ်သည်။ စင်ကာပူအာဏာပိုင်များက ၎င်းတို့၏ ဘဏ္ဍာရေးကဏ္ဍတွင် ငွေကြေးမသမာမှုများကို အောင်မြင်စွာ ဖယ်ရှားလိုက်ပြီးနောက် စစ်ကောင်စီ၏ လက်နက်ဝယ်ယူရေးအတွက် ငွေပေးချေမှုများကို ထိုင်းနိုင်ငံရှိ ဘဏ်များမှတဆင့် ပြောင်းလဲ ပြုလုပ်လာကြသည်။

၁ ။ စင်ကာပူဘဏ်များမှ ငွေကြေး အလုံးအရင်း ထွက်ခွာခြင်း

၂၀၂၄ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာများ ထွက်ပေါ်လာပြီးနောက်၊ စစ်ကောင်စီ၏ ကမ္ဘာနှင့် ဆက်သွယ်ရာ ပြတင်းပေါက်ဖြစ်ခဲ့သော စင်ကာပူဘဏ်များသည် စစ်တပ်နှင့် ပတ်သက်သည့် ငွေပေးချေမှုများကို ၉၀% နီးပါး ဖြတ်တောက်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီသည် ၎င်း၏ ဘဏ္ဍာရေး အခြေခံအဆောက်အအုံကို ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ရာ စစ်ဘက်ဆိုင်ရာ ဝယ်ယူမှုများနှင့် ပတ်သက်သည့် ငွေလွှဲပြောင်းမှုများသည် ၂၀၂၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၀ သန်း ရှိခဲ့ရာမှ နောက်ပိုင်းကာလတွင် ဒေါ်လာ ၁၂၀ သန်းကျော်အထိ ခုန်တက်သွားခဲ့သည်။

၂ ။ "Nostro" အကာအကွယ်နှင့် ဥပဒေကြောင်းအရ ခုခံမှုများ

Siam Commercial Bank (SCB) နှင့် Krungthai Bank (KTB) အပါအဝင် ထိုင်းဘဏ်ကြီးများသည် မြန်မာနိုင်ငံပိုင်ဘဏ်များအတွက် နိုင်ငံခြားငွေစာရင်း (Nostro accounts) များ၏ အဓိက ဝန်ဆောင်မှုပေးသူများ ဖြစ်လာသည်။ ၎င်းတို့၏ ဥပဒေကြောင်းအရ ခုခံချေပချက်မှာ အချက်သုံးချက်ပေါ်တွင် အခြေခံသည်။

(က) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အယောင်ပြချက်

ဘဏ်တွင်းသို့ ဝင်ရောက်လာသော ငွေကြေး၏ "အကောင်း၊ အဆိုး" သဘာဝကို ခွဲခြားရန် မဖြစ်နိုင်ကြောင်း ဘဏ်များက ဆင်ခြေပေးကြသည်။ ငွေပေးချေမှုများကို ထိုင်းဥပဒေအရ တားမြစ်မထားသည့် လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါး သို့မဟုတ် စွမ်းအင်လုံခြုံမှု အတွက် ပေးချေမှုများအဖြစ် မကြာခဏ လုပ်ဆောင်လေ့ရှိသည်။

(ခ) စီရင်ပိုင်ခွင့် အကန့်အသတ်များ

ထိုင်းနိုင်ငံသည် အမေရိကန် သို့မဟုတ် အီးယူ၏ တဖက်သတ်မူဝါဒဖြင့် ချမှတ်ထားသော ပိတ်ဆို့မှုများကို လိုက်နာရန် ဥပဒေအရ တာဝန်မရှိပေ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့မှု မချမှတ်သရွေ့ ဤသို့သော နိုင်ငံအချင်းချင်း ငွေပေးချေမှုများကို ပိတ်ပင်ခြင်းသည် ၎င်းတို့၏ "ကြားနေ" ရပ်တည်ချက်နှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေမည်ဟု ထိုင်းဘဏ်များက ဆိုကြသည်။

(ဂ) စွမ်းအင် ချိတ်ဆက်မှု

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ သဘာဝဓာတ်ငွေ့ လိုအပ်ချက်၏ ၁၅% နီးပါးကို ထောက်ပံ့ပေးနေသည်။ ဤအချက်က ခိုင်မာသော ဘဏ္ဍာရေးလမ်းကြောင်းတခုကို ဖန်တီးပေးထားသည်။ ဓာတ်ငွေ့အတွက် ပေးချေမှုများသည် စစ်ကောင်စီအတွက် ၎င်းတို့၏ လက်နက်ဝယ်ယူမှုများတွင် အသုံးပြုရန် လိုအပ်သည့် ထိုင်းဘတ်နှင့် အမေရိကန်ဒေါ်လာကဲ့သို့သော ငွေမာများကို ရရှိစေသည်။

၃။ အဆင့်မြင့် စိစစ်မှု (EDD) ၏ အကန့်အသတ်များ

ထိုင်းဘဏ်များက "အဆင့်မြင့် စိစစ်မှုများ" (Enhanced Due Diligence) ပြုလုပ်သည်ဟု ဆိုသော်လည်း အားနည်းချက်တခု ရှိနေကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။ ၎င်းမှာ ဘဏ်များ၌ ကုမ္ပဏီအတု (Shell companies) များကို ခွဲခြားစိစစ်နိုင်သည့် သတင်းအချက်အလက် မရှိခြင်းပင် ဖြစ်သည်။ စစ်တပ်အတွက် "ရှေ့ထွက်ကုမ္ပဏီ" တစ်ခုကို ကုလသမဂ္ဂ သို့မဟုတ် အမေရိကန် ဘဏ္ဍာရေးဌာနက ဖော်ထုတ်နိုင်သည့် အချိန်တွင် စစ်ကောင်စီသည် ၎င်း၏ ရန်ပုံငွေများကို အသစ်စက်စက် အဖွဲ့အစည်းတခုဆီသို့ ပြောင်းရွှေ့ပြီး ဖြစ်နေတတ်သည်။

နိဂုံး - အားပြိုင်မှုနှင့် ရေရှည်စစ်ပွဲ

စီးပွားရေး ပိတ်ဆို့အရေးယူမှုများသည် အားနည်းသည့် ချိတ်ဆက်မှုများ အပေါ်တွင် အခြေစိုက်ထားကြောင်း "အရိပ်မည်းစီးပွားရေး" က သက်သေပြခဲ့သည်။ ဒေသတွင်းရှိ ဘဏ္ဍာရေး ဗဟိုချက်မများက ကြားနေမှုကို အကာအကွယ်ယူကာ ဘဏ္ဍာရေး စီးဆင်းမှုများကို ဆောင်ရွက်ပေးနေသရွေ့၊ တစ္ဆေသင်္ဘောအုပ်စုများက ဆက်လက် ခုတ်မောင်းနေသရွေ့၊ စစ်ကောင်စီသည် ၎င်း၏ လေကြောင်းစစ်ဆင်ရေးများအတွက် လိုအပ်သည့် လောင်စာဆီများကို ရရှိနေဦးမည်ဖြစ်သည်။ ၂၀၂၆ ခုနှစ် အတွက် စိန်ခေါ်မှုမှာ ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် မဟုတ်တော့ဘဲ၊ ဒေသတွင်း တည်ငြိမ်မှုထက် ကုန်သွယ်မှုကို ပိုမိုတန်ဖိုးထားသည့် နိုင်ငံများက နယ်စပ်များကို ဖြတ်ကျော်၍ ငွေကြေးပို့ဆောင်ပေးနေမှုများကို မည်သို့မည်ပုံ ရပ်တန့်စေနိုင်မည်နည်း ဆိုသည့် အချက်ပင် ဖြစ်သည်။

Previous
Previous

လာရာ တူ၍ လားရာ မတူသည့် ရဟန်းများ