AI ဖြင့် ဖန်တီးထားသော သရုပ်ဖေါ်ပုံ


မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် အာဏာရှင်များ၏ ထင်ရှားသော လက္ခဏာတခုမှာ လက်ရှိအာဏာကို ခိုင်မာစေရန် သမိုင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။ သို့သော် သမိုင်းဆိုသည်မှာ အဆောက်အဦးတခု၊ ရုပ်တုတခု၊ အလံတခု သို့မဟုတ် ဆိုင်းဘုတ်တခုမျှ မဟုတ်ဘဲ လူထု၏ စုပေါင်းမှတ်ဉာဏ်၊ နိုင်ငံရေးအတွေ့အကြုံနှင့် မျိုးဆက်များအကြား လက်ဆင့်ကမ်းလာသော အမှတ်တရများ၏ ပေါင်းစည်းမှုဖြစ်သည်။


မကြာသေးမီက ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ၊ ရုပ်တုများ အတင်းအဓမ္မ ဖယ်ရှားခြင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး ၏ ပါတီသင်္ကေတ ခွပ်ဒေါင်းအလံတော်တံဆိပ်ကို အဓမ္မ ဖယ်ရှားခြင်းနှင့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် ခြံဝန်းထိပ်မှ ဗိုလ်ချုပ်အောင်ဆန်းပုံကို ဖယ်ရှားခြင်း အစရှိသည်တို့ကို အကြမ်းဖက် စစ်အုပ်စုက ဆက်တိုက် ပြုလုပ်လာသည်ကိုတွေ့ရသည်။ NLD ပါတီရုံးချုပ်မှ ပါတီသင်္ကေတများ ဖယ်ရှားခံရခြင်း၊ ဒေသအချို့တွင် သမိုင်းဆိုင်ရာ သင်္ကေတများ ပြောင်းလဲခြင်း စသည့် ဖြစ်ရပ်များသည် အာဏာပိုင်များအနေဖြင့် နိုင်ငံရေးပြိုင်ဘက်များ၏ သင်္ကေတနှင့် သမိုင်းပုံရိပ်များကို အများပြည်သူ၏ မြင်ကွင်းမှ ဖယ်ရှားလိုသည့် ကြိုးပမ်းမှုအဖြစ် ဝေဖန်သုံးသပ်ခံရလျက်ရှိသည်။

သို့သော် ထိုသို့သော နည်းလမ်းများသည် တိုင်းပြည်တည်ဆောက်ရေးအတွက် အကျိုးထက် အန္တရာယ်ကို ပိုမိုဖြစ်စေနိုင်သည်။ အကြောင်းမှာ နိုင်ငံတည်ဆောက်ရေးသည် အမှတ်တရများကို ဖျက်ဆီးခြင်းမဟုတ်ဘဲ ကွဲပြားသော သမိုင်းအတွေ့အကြုံများကို အသိအမှတ်ပြုခြင်းအပေါ် အခြေခံသောကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်ပဲ  သမိုင်းကို ဖယ်ရှားရန် ကြိုးစားသည့်အခါ နိုင်ငံရေးပြဿနာများ၏ အရင်းအမြစ်များကို မဖြေရှင်းနိုင်သည့်အပြင် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေခြင်းသာ ဖြစ်စေလိမ့်မည်။

စစ်အုပ်စု အနေဖြင့် ဗမာ့တပ်မတော်တည်ထောင်သူ၊  လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပက်သက်သည့် သမိုင်းဆိုင်ရာ သင်္ကေတများကို ဖျောက်ဖျက်ဖယ်ရှားခြင်းမှာ ယခုကာလသည် ပထမဆုံးအကြိမ် မဟုတ်ပါ။ ၁၉၈၈ နောက်ပိုင်း  ၂၀၁၅ ခုနှစ် မတိုင်မီ ကာလများကတည်းက သမိုင်း သင်္ကေတများကို ထိုကဲ့သို့ ဖျောက်ဖျက်သည့် ဖြစ်စဥ် ဖြစ်ရပ်များ ရှိခဲ့ဖူးပြီး ဖြစ်သည်။ သို့သော်လည်း သမိုင်းအမှတ်အသား သင်္ကေတများ ဖျောက်ဖျက်ခံထားရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရပြီးသည့် ကာလတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းပုံရိပ်နှင့် ပက်သက်၍ ဖျောက်ဖျက်ခံထားရသည့် သမိုင်းသင်္ကေတများကို အပြိုင်အဆိုင် ဖေါ်ထုတ်ထုဆစ်ကြရင်း ပြည်နယ်တချို့တွင် ပွတ်တိုက်မှုများ ဖြစ်ပွားခဲ့သည်ကိုလည်း သင်ခန်းစာယူဖွယ် ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက ယနေ့အချိန်အထိ ရင်ဆိုင်နေရဆဲဖြစ်သော တိုင်းရင်းသားအရေးနှင့် ဖယ်ဒရယ်အရေးတို့မှာ သမိုင်းပုံရိပ်များကို ဖယ်ရှားခြင်းဖြင့် ဖြေရှင်းနိုင်သည့် ပြဿနာများ မဟုတ်ပေ။ ထို့အတူ လွတ်လပ်ရေး ရပြီးနောက် တပါတီ အာဏာရှင် စနစ်၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှု ခရီးကြမ်းဖြတ်သန်းမှု မျာသည်လည်း မြန်မာ့သမိုင်းတွင် ဖျောက်ဖျက်၍ ရနိုင်ကောင်းသည့် သမိုင်းအမှတ်သညာများ မဟုတ်ပါ။ တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးတောင်းဆိုချက်များမှာ အာဏာခွဲဝေမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှမှုနှင့် လုံခြုံရေးအာမခံချက်တို့နှင့် သက်ဆိုင်သည်။

ဒီမိုကရေစီအရေးတိုက်ပွဲ၏ တောင်းဆိုမှုများမှာ ပရောဖက်ရှင်နယ် စစ်တပ်၊  နိုင်ငံရေးနှင့် မပတ်သက်သည့် စစ်တပ်အဖြစ် ပြုပြင်ပြောင်းလဲခြင်း အပါအဝင်၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ပုံနှင့် ဒီမိုကရေစီနည်းကျ နှုန်းစံတန်ဖိုးများဖြင့် နိုင်ငံရေးစနစ် - တနည်းအားဖြင့် -  ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အဖြစ် ပြုပြင် ပြောင်းလဲ တည်ဆောက်ရေး ဖြစ်သည် ။

ထိုတောင်းဆိုချက်များနှင့် တိုင်းပြည်တည်ဆောက်ရေး လိုအပ်ချက်များကို နိုင်ငံရေးဆွေးနွေးပွဲများနှင့် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ သမိုင်းဆိုင်ရာ အမှတ်သညာများကို အဓမ္မဖျောက်ဖျက်ခြင်းအားဖြင့် မရရှိနိုင် ။

မြန်မာနိုင်ငံ၏ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုတို့သည် လူအများစု၏ နိုင်ငံရေးမှတ်ဉာဏ်တွင် အရေးပါသော အစိတ်အပိုင်းတခု အဖြစ် ဆက်လက် တည်ရှိနေမည် ဖြ စ်သည်။ ထို့အပြင် ထိုပုံရိပ်များကို နိုင်ငံရေးနယ်ပယ်မှ ဖယ်ရှားရန် ကြိုးစားခြင်းအားဖြင့်  လူထု၏ နိုင်ငံရေးအယူအဆများကို ဖယ်ရှားနိုင်မည်ဟူသော အာမခံချက် မရှိပေ။ ထိုသို့သော ကြိုးပမ်းမှုများက ပိုမို၍ သင်္ကေတဆန်သော အဓိပ္ပာယ်များကို မကြာခဏ ဖန်တီးပေးတတ်သည်။

အမှန်စင်စစ် အနာဂတ် မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးသော မေးခွန်းမှာ မည်သူ၏ သမိုင်းကို မည်သူက ဖျက်ပစ်မည်နည်း ဆိုသည်မဟုတ်ဘဲ မည်သို့သော သမိုင်းအမှန်တရားများကို အားလုံးက  လက်ခံနိုင်မည်နည်း ဆိုသည့် မေးခွန်းဖြစ်သည်။ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ အားလုံး ပါဝင်နိုင်သော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေးသဘောတူညီချက်အခြေခံများအား  တည်ဆောက်ရယူခြင်း မပြုနိုင်သေးသရွေ့ သင်္ကေတများကို ဖယ်ရှားခြင်းက ပဋိပက္ခကို အဆုံးသတ်စေမည် မဟုတ်ပဲ ပိုမိုနက်ရှိုင်းစေမည်သာဖြစ်သည်။

သမိုင်းအမှန်တရားကို အာဏာသုံး၍ ခေတ္တဖုံးကွယ်ထားနိုင်သော်လည်း ထာဝရ ဖျောက်ဖျက်ပစ်၍ မရနိုင်။ တိုင်းပြည်တည်ဆောက်ရေး၏ အခြေခံသည် အမှတ်တရများကို ဖျက်ဆီးခြင်း မဟုတ်ဘဲ မတူကွဲပြားသော သမိုင်းအတွေ့အကြုံများနှင့် နိုင်ငံရေးသဘောထားများကို အတူတကွ ရပ်တည် ရင်ဆိုင်နိုင်သော နိုင်ငံရေးစနစ်တရပ် တည်ဆောက်ခြင်း၊ ပြုစုပျိုးထောင်ခြင်းသာ ဖြစ်သည်။

ထို့အတူ တပ်မတော်၏ ပုံရိပ်ကောင်းကို ပြန်လည်တည်ဆောက်ရာတွင်လည်း ကြော်ငြာရေးရာ၊ ဝါဒဖြန့်ချိရေးရာ သို့မဟုတ် သင်္ကေတများအား ပြောင်းလဲပြသရုံဖြင့် မရနိုင်ပါ။ သမိုင်းအတွေ့အကြုံများက ပြသနေသည်မှာ စစ်တပ်တရပ်၏ ဂုဏ်သိက္ခာသည် ၎င်း၏ လက်နက်အင်အားထက် လူထု၏ ယုံကြည်မှုအပေါ် သာလျှင် မူတည်ကြောင်း ဖြစ်သည်။

အနီးအဝေး သမိုင်းမှ သင်ခန်းစာများကို ကြည့်မည်ဆိုလျှင်—

(၁) လွတ်လပ်ရေးခေတ် တပ်မတော်၏ အခြေခံစိတ်ဓာတ်ကို ပြန်လည်လေ့လာရမည်

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့သည့် ဗမာ့တပ်မတော်၏ မူလရည်ရွယ်ချက်မှာ နိုင်ငံနှင့် ပြည်သူကို အကာအကွယ်ပေးရန် ဖြစ်သည်။ တပ်မတော်သည် နိုင်ငံ၏ အရှင်သခင်မဟုတ်ဘဲ ပြည်သူ့ဝန်ထမ်း အဖွဲ့အစည်း ဖြစ်ကြောင်း အခြေခံအယူအဆ ရှိခဲ့သည်။

ထို့ကြောင့် ပုံရိပ်ပြန်လည်တည်ဆောက်လိုပါက “နိုင်ငံသည် တပ်မတော်အတွက်” မဟုတ်ဘဲ “တပ်မတော်သည် နိုင်ငံအတွက်” ဆိုသည့် စိတ်ဓာတ်ကို ပြန်လည်ထူထောင်ရမည်။

(၂) အမှားများကို ဝန်ခံနိုင်သော သတ္တိ လိုအပ်သည်

ကမ္ဘာ့သမိုင်းတွင် စစ်တပ်များ၏ ပုံရိပ်ပြန်ကောင်းလာမှုကို ကြည့်လျှင် အမှားများကို ဖုံးကွယ်ထားခြင်း ထက် ရင်ဆိုင်ဖြေရှင်းခြင်းက ပိုမို အောင်မြင်သည်ကို မြင်ရပေလိမ့်မည်။

ဥပမာအားဖြင့် စစ်ပြီးခေတ် ဂျာမဏီနှင့် ဂျပန်နိုင်ငံတို့တွင် အတိတ်အမှားများကို လေ့လာသင်ကြားပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြသည်။ အမှားကို ဝန်ခံခြင်းသည် အားနည်းချက် မဟုတ်ဘဲ ယုံကြည်မှု ပြန်ရယူရန် ပထမခြေလှမ်းဖြစ်သည်။

(၃) နိုင်ငံရေးမှ ခွဲထွက်ရမည်

နိုင်ငံရေးအာဏာကို တိုက်ရိုက် ဖြစ်စေ၊  စစ်တပ် နှီးနွယ်သည့် ပါတီဘက်လိုက်မှုဖြင့် ဖြစ်စေ၊ ကိုင်တွယ် အသုံးချသော စစ်တပ်များသည် အများအားဖြင့် လူထုအကြား အငြင်းပွားဖွယ် အဖွဲ့အစည်းများ ဖြစ်လာတတ်သည်။ အောင်မြင်သော နိုင်ငံများတွင် စစ်တပ်က နိုင်ငံတော်အာဏာကို မလွှဲသာမရှောင်သာ ရယူခဲ့ကြရသည့်တိုင်အောင် အာဏာကို ယာယီအားဖြင့်သာ ကိုင်စွဲပြီးနောက် နိုင်ငံရေးမှ အမြန်ဆုံး ဆုတ်ခွါလေ့ရှိသည်။

အောင်မြင်သော ဒီမိုကရေစီနိုင်ငံများတွင် စစ်တပ်၏ အဓိကတာဝန်မှာ နိုင်ငံကာကွယ်ရေးဖြစ်ပြီး ရွေးကောက်ခံအစိုးရ၏ အရပ်ဘက်ထိန်းချုပ်မှုအောက်တွင် လုပ်ဆောင်ကြသည်။ ထိုသို့ဖြစ်မှသာ စစ်တပ်ကို ပါတီတခု သို့မဟုတ် အုပ်စုတခု၏ အင်အားအဖြစ် ပြည်သူလူထုက မမြင်တော့ဘဲ နိုင်ငံတော်အဖွဲ့အစည်းအဖြစ် ပုံဖေါ် ရှုမြင်နိုင်မည် ဖြစ်သည်။

(၄) တိုင်းရင်းသားများ၏ ယုံကြည်မှုကို ပြန်တည်ဆောက်ရမည်

မြန်မာနိုင်ငံ၏ ထူးခြားချက်မှာ စစ်တပ်နှင့် လူထုအကြား ဆက်ဆံရေးပြဿနာသာမက စစ်တပ်နှင့် တိုင်းရင်းသားလူမျိုးများအကြား ယုံကြည်မှုပြဿနာပါ ရှိနေခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာ ဖိနှိပ်ခံရမှု၊ ပဋိပက္ခနှင့် စစ်ပွဲများကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုများကို အသိအမှတ်ပြုခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းနှင့် စစ်မှန်သည့် နိုင်ငံရေးအဖြေရှာခြင်းတို့ မရှိဘဲ ပုံရိပ်ကောင်း ပြန်ရရန် ခက်ခဲမည် ဖြစ်သည်။

(၅) ဂုဏ်သိက္ခာသည် အာဏာမှ မဟုတ်ဘဲ ယုံကြည်မှုမှ လာသည်

သမိုင်းတွင် လူထုက လေးစားသော စစ်တပ်များသည် အာဏာအရှိဆုံး စစ်တပ်များ မဟုတ်ကြပေ။ ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးပြီး ဥပဒေအောက်တွင် နေထိုင်နိုင်သော စစ်တပ်များ ဖြစ်ကြသည်။

အင်အားဖြင့် ကြောက်ရွံ့စေ၍ ရရှိနိုင်သော လေးစားမှုသည် ယာယီသာ ဖြစ်သော်လည်း၊ ယုံကြည်မှု အပေါ် တည်ဆောက်ထားသော ဂုဏ်သိက္ခာသည် ရေရှည်တည်တံ့ကြောင်း ခေတ်ပြိုင် နိုင်ငံသမိုင်းများတွင် လေ့လာ တွေ့ရှိနိုင်ပါသည်။

နိဂုံး

တပ်မတော်၏ပုံရိပ်ကောင်းကိုပြန်လည်တည်ဆောက်ရန်အတွက် အရေးကြီးဆုံးသင်ခန်းစာမှာ သမိုင်းကို ဖျောက်ဖျက်ဖုံးကွယ် ခြင်းမဟုတ်ဘဲ သမိုင်းထံမှ သင်ယူခြင်းဖြစ်သည်။ အတိတ်ကို ဖုံးကွယ်ခြင်းထက် ရင်ဆိုင်၍ သင်္ခန်းစာ ရယူခြင်း၊ နိုင်ငံရေးအာဏာထက် အမျိုးသားအကျိုးစီးပွားကို ဦးစားပေးခြင်း၊ ကြောက်ရွံ့မှုထက် ယုံကြည်မှုကိုတည်ဆောက်ခြင်းတို့ဖြင့်သာ စစ်တပ်တရပ်၏ ဂုဏ်သိက္ခာကို ရေရှည် ပြန်လည်ရရှိစေနိုင်သောလမ်းကြောင်းသို့ ဦးတည်နိုင်မည် ဖြစ်ပေသည်။


Next
Next

Fueling the Generals: How Myanmar’s Neighbors Are Helping Prolong Military Dictatorship