အချုပ်အခြာအာဏာကို ပြည်သူသာပိုင်သည်
သရုပ်ဖော်ပုံကို AI ဖြင့် ဖန်တီးသည်။
“အချုပ်အခြာအာဏာကို ပြည်သူသာပိုင်သည်” ဆိုသည့် အခြေခံမူသည် ၁၉၄၇ ပင်လုံစိတ်ဓာတ်၊ ၁၉၄၈ မြန်မာ့ လွတ်လပ်ရေးအယူအဆနှင့် ခေတ်သစ် ဒီမိုကရေစီနိုင်ငံတော်များ၏ အခြေခံတန်ဖိုး ဖြစ်သည်။ နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာသည် နယ်မြေပိုင်ဆိုင်မှု သို့မဟုတ် အစိုးရအဖွဲ့တခု၏ အာဏာသက်သက် မဟုတ်ဘဲ ပြည်သူများ၏ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ နိုင်ငံရေးတွင် ပါဝင်ခွင့်နှင့် အုပ်ချုပ်သူများအား အာဏာအပ်နှင်းနိုင်သည့် အခွင့်အရေးတို့ကို အခြေခံထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ အဖြစ်အပျက်များနှင့် မကြာမီက ပြုလုပ်ခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံပြု ရွေးကောက်ပွဲများသည် တရားမျှတမှုမရှိကြောင်း ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မှုများကြားတွင် မင်းအောင်လှိုင်၏ တရုတ်၊ အိန္ဒိယ စသည့် အင်အားကြီး အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်သည့် ခရီးစဉ်များသည် နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် နိုင်ငံရေး တရားဝင်မှုတို့ကို ရှာဖွေသည့် လှုပ်ရှားမှုတရပ်သာ ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။
အိမ်နီးချင်းအင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွား
တရုတ်နှင့် အိန္ဒိယတို့အတွက် မြန်မာနိုင်ငံသည် ဒီမိုကရေစီတန်ဖိုးထက် ပထဝီနိုင်ငံရေးနှင့် လုံခြုံရေး အကျိုးစီးပွားတို့အတွက် ပိုမို အရေးကြီးသည့် နေရာတခု ဖြစ်သည်။
တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၊ ရှားပါးသတ္တုအရင်းအမြစ်များနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းတို့အတွက် မဟာဗျူဟာကျသော နိုင်ငံဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားအတွက်မူ မြန်မာနိုင်ငံသည် ၎င်းတို့၏ အရှေ့မြောက်ဒေသ လုံခြုံရေး၊ မြန်မာအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ထိန်းညှိရေး နှင့် အိန္ဒိယ၏ ချိတ်ဆက်လမ်းကြောင်းစီမံကိန်းများအား အကောင်အထည်ဖော်နိုင်ရေးတို့သည် အဓိက ဦးစားပေး ဖြစ်သည်။
ရုရှားနိုင်ငံအတွက်ဆိုလျှင် မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချနိုင်ရေး၊ စွမ်းအင်နှင့် နျူကလီးယားနည်းပညာနယ်ပယ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့သည် ၎င်း၏ အဓိကအကျိုးစီးပွား ဖြစ်နေသည်။
ထို့ကြောင့် အဆိုပါနိုင်ငံများသည် မြန်မာပြည်သူများ၏ နိုင်ငံရေးဆန္ဒထက် ၎င်းတို့၏ အမျိုးသား အကျိုးစီးပွားကို ဦးစားပေး ဆုံးဖြတ်လျက် ရှိသည်မှာ အထင်အရှား ဖြစ်သည်။
မြန်မာ့အချုပ်အခြာအာဏာ အားနည်းလာခြင်း၏ လက္ခဏာများ
ခေတ်သစ် မြန်မာ့သမိုင်းတလျှောက်တွင် ကြုံတွေ့နေရသည့် စစ်အာဏာသိမ်းမှု အဆိုးကျော့ သံသရာ ကြောင့် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကြားရှိ သဟဇာတဖြစ်မှု (State-Society Relation) အားနည်းယုတ်လျော့လာခြင်းသည် ရေရှည်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကိုပါ အားနည်းလာစေကြောင်းကို အောက်ဖော်ပြပါ အချက်အလက်များက သက်သေခံလျက်ရှိသည်။
၁။ ပြည်သူ့အာဏာ ပျက်စီးခြင်း သို့မဟုတ် ဖျက်ဆီးလုယူခံရခြင်း
ပြည်သူများ၏ မဲဆန္ဒကို ပယ်ဖျက်ပြီး အာဏာကို လက်နက်ဖြင့် ရယူခြင်းသည် “ပြည်သူပိုင် အချုပ်အခြာအာဏာ” ကို တိုက်ရိုက် ချိုးဖောက်ခြင်း ဖြစ်သည်။
ပြည်သူ့ဆန္ဒကို ကိုယ်စားပြုသည့် နိုင်ငံရေးအဖွဲ့အစည်းများနှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုသည့် အာဏာခက်မသုံးဖြာ အားနည်းသွားသည့်အခါ နိုင်ငံတော်၏ တရားဝင်မှု (legitimacy) ပါ လျော့နည်းလာသည်။ အကျိုးဆက်အားဖြင့် ပြည်တွင်း၌ ပဋိပက္ခများ ပိုမို ပြင်းထန်လာသည်။
၂။ နိုင်ငံခြား အင်အားများအပေါ် မှီခိုမှု မြင့်တက်ခြင်း
စစ်အစိုးရသည် နိုင်ငံတကာပိတ်ဆို့မှုများနှင့် သံတမန်ရေးအထီးကျန်မှုတို့ကို ရင်ဆိုင်နေရသောကြောင့် စီးပွားရေး၊ လက်နက်နှင့် နိုင်ငံရေး အထောက်အပံ့များအတွက် တရုတ်၊ ရုရှားနှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများ အပေါ် ပိုမို မှီခိုလာရသည်။
ထိုသို့ မှီခိုလာရခြင်းသည် မြန်မာနိုင်ငံ၏ အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်းကောင်း၊ သဘာဝအရင်းအမြစ် ထုတ်ယူမှုများနှင့် နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်များတွင် နိုင်ငံတော်၏ ဆုံးဖြတ်ပိုင်ခွင့်ကို အားနည်း စေနိုင်သည်။
၃။ နယ်မြေထိန်းချုပ်နိုင်စွမ်း ကျဆင်းခြင်း
အချုပ်အခြာအာဏာ၏ အရေးကြီးဆုံး အချက်တခုမှာ နိုင်ငံတော်သည် မိမိပိုင် နယ်မြေတခုလုံးကို ထိရောက်စွာ စီမံအုပ်ချုပ်နိုင်ခြင်း ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်လာပြီး၊ နယ်စပ်ဒေသအများအပြားတွင် စစ်အုပ်စု၏ ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာသဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာအား ထိရောက်စွာ အကောင်အထည်ဖော်နိုင်စွမ်းကို ထိခိုက်စေသည်။
၄။ နိုင်ငံတကာဆက်ဆံရေးတွင် ညှိနှိုင်းနိုင်စွမ်း အားနည်းခြင်း
ပြည်တွင်း၌ တရားဝင်မှု အားနည်းသော အစိုးရများသည် နိုင်ငံတကာနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင်လည်း အားနည်းလေ့ရှိသည်။
အုပ်ချုပ်သူ၏ နိုင်ငံတော်ကိုယ်စားပြုမှုကို ပြည်သူများက အယုံကြည် မရှိသောအခါ အခြား နိုင်ငံများ၏ အစိုးရများကပါ မြန်မာနိုင်ငံကို တန်းတူမိတ်ဖက်အဖြစ် မရှုမြင်တော့ဘဲ ၎င်းတို့၏ မဟာဗျူဟာအကျိုးစီးပွားအတွက် အသုံးချနိုင်သည့် နယ်မြေတခုအဖြစ် ရှုမြင်နိုင်ခြေ မြင့်မားလာသည်။
အထက်ဖော်ပြပါ အချက်အလက်များက သက်သေခံနေကြသည့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပျက်ယွင်းမှုကို ပြန်လည်ခိုင်မာလာစေရန်အတွက် အချုပ်အခြာအာဏာ အားနည်းလာစေခြင်း၏ အကြောင်းအရင်းခံဖြစ်သည့် စစ်အာဏာသိမ်းမှု အဆိုးကျော့ သံသရာကို အကြောဖြတ်ရန် အစောတလျင် လိုအပ်လျက်ရှိသည်။
ရေရှည်အကျိုးဆက်များ
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု၏ လက်တွေ့ ရေရှည်အကျိုးဆက်များ အနေဖြင့် ပြည်သူနှင့် နိုင်ငံတော်အကြား ယုံကြည်မှု ပျက်ပြားခြင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ် နှောင့်နှေးခြင်း၊ လူသားအရင်းအမြစ်နှင့် ဉာဏ်ရည်ယိုစီးမှု မြင့်တက်ခြင်း၊ စီးပွားရေးကျဆင်းမှုနှင့် ဆင်းရဲမွဲတေမှု တိုးမြင့်လာခြင်း၊ မြန်မာနိုင်ငံအပေါ် အင်အားကြီးနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှု ပိုမိုနက်ရှိုင်းလာခြင်း၊ နိုင်ငံ၏ ညှိနှိုင်းဆုံးဖြတ်နိုင်စွမ်းနှင့် လွတ်လပ်စွာရပ်တည်နိုင်စွမ်းတို့ အားနည်းလာခြင်း စသည်တို့ကို ကြုံတွေ့နေရ သည်။
နိဂုံး
အချုပ်အခြာအာဏာသည် အစိုးရတရပ်၏ အာဏာတည်မြဲမှု သက်သက်ကို ဆိုလိုခြင်း မဟုတ်ပါ။ အချုပ်အခြာအာဏာ၏ မူလအရင်းအမြစ်မှာ ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသောပြည်သူများ ဖြစ်သဖြင့် ထိုအာဏာသည် ပြည်သူတို့ထံမှသာ ဆင်းသက်လာရမည် ဖြစ်သည်။
ပြည်သူ့ဆန္ဒကို အခြေမခံသည့် အာဏာရှင်စနစ်များသည် နိုင်ငံတော်၏ တရားဝင်မှုကို အားနည်းစေပြီး နောက်ဆုံးတွင် နိုင်ငံခြားအင်အားများအပေါ် မှီခိုရမှု ပိုမိုမြင့်တက်စေသည်။ ထိုအခြေအနေတွင် အချုပ်အခြာအာဏာသည် စာရွက်ပေါ်တွင်သာ ကျန်ရှိနိုင်ပြီး လက်တွေ့တွင် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး နှင့် လုံခြုံရေး ဆုံးဖြတ်ချက်များအပေါ် ပြည်ပနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှု ပိုမိုတိုးပွားလာနိုင်သည်ကို မြန်မာနိုင်ငံ၏ မျက်မှောက်အခြေအနေက သက်သေပြလျက်ရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ အပြည့်အဝ ပြန်လည်ခိုင်မာလာရေး အတွက် အရေးကြီးဆုံးအချက်မှာ ပြည်သူများ၏ နိုင်ငံရေးဆန္ဒကို လေးစားသည့်၊ သက်ဆိုင်သူ အားလုံး ပါဝင်မှုရှိသည့်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်အား အခြေခံသော နိုင်ငံရေးဖြေရှင်းမှုတရပ်ကို စုစည်း တည်ဆောက်နိုင်ခြင်းသာလျင် ဖြစ်သည်။
မိမိတို့၏ အာဏာတည်မြဲရေးအတွက် ပြည်ထောင်စုအတွင်း ရှိ နိုင်ငံရေး အသိုက်အဝိုင်း ၊ လူမှု အသိုက်အဝိုင်းများအကြား သွေးခွဲ အုပ်ချုပ် ဆက်ဆံခြင်းအားဖြင့် ပြည်တွင်း၌ ပဋိပက္ခမီး ငြိမ်းနိုင်မည် မဟုတ်သကဲ့သို့ အချုပ်အခြာအာဏာပိုင်နိုင်ငံတခု၏ ဂုဏ်သိက္ခာကိုလည်း ပြန်လည်ရယူနိုင်မည် မဟုတ်ပါ။ စစ်အုပ်စု အနေဖြင့် ရွေးချယ်ရန်မှာ အာဏာရှင်စနစ်အားဖြင့် တိုင်းပြည်ကို ပြိုကွဲစေမည် လား၊ သို့မဟုတ် စစ်မှန်သည့် နိုင်ငံရေးအာသီသဖြင့် ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်သူ အဖြစ် ပါဝင်ပုံဖေါ်မည်လား ဆိုသည့် အချက်ပင် ဖြစ်သည်။