အပြစ်တင်ခြင်း၏ ပင်ကိုယ်သဘာဝ - အပြစ်ပုံချခြင်း အလေ့အထနှင့် မြန်မာ့စုစည်းညီညွတ်ရေးအတွက် စိန်ခေါ်မှုများ

မြန်မာ့ဆန်းစစ်လေ့လာရေးဂျာနယ်

Read in English

Scapegoating (အပြစ်ပုံချခြင်း) သည် လူမှုရေးနှင့် စိတ်ပညာဆိုင်ရာ ဖြစ်ရပ်တခု ဖြစ်ပြီး ပြဿနာ တခု အတွက် အမှန်တကယ် တာဝန်မရှိသူကို မမျှတစွာ အပြစ်တင်ခြင်း ဖြစ်သည်။ ထိုသို့ အပြစ်တင်ခြင်းသည် အပြစ်တင်သူ၏ စိတ်ဖိစီးမှုကို ခဏတာ လျှော့ချပေးနိုင်သော်လည်း၊ ၎င်း၏ တာဝန်ယူမှုကို လျော့နည်းစေပြီး အမှန်တရားကို ဖုံးကွယ်စေသည်။ ယခု ဆောင်းပါးသည်scapegoating ၏ အကြောင်း ရင်းများနှင့် အကျိုးသက်ရောက်မှုများကို သုံးသပ်ပြီး မြန်မာ့ နိုင်ငံရေးအခြေအနေနှင့် လူမှုအသိုက်အဝန်းအတွင်း ယုံကြည်မှုတည်ဆောက်ခြင်းနှင့် စုစည်းညီညွတ်ခြင်းအတွက် သတိထားရမည့် ရှုထောင့်မှ ဖေါ်ပြဆွေးနွေးထားသည်။


လူမှုစိတ်ပညာ ရှုထောင့်မှ နားလည်ခြင်း

အမေရိကန်စိတ်ပညာအသင်း (APA) ၏ အဆိုအရ Scapegoating (မတရား အပြစ်ပေးခံရခြင်း၊ အပြစ်ပုံချခံရခြင်း) ဆိုသည်မှာ လူတဦးက "မိမိ၏ ဒေါသ၊ စိတ်ပျက်အားငယ်မှုနှင့် ရန်လိုမှုများကို အခြားသူများအပေါ် လက်ညှိုးထိုး ပုံချကာ ၎င်းတို့အား မိမိ၏ ပြဿနာများနှင့် ကံဆိုးမှုများ၏ အရင်းအမြစ်အဖြစ် ပစ်မှတ်ထားသည့် လုပ်ငန်းစဉ်” ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုသည်။ ယင်းသည်  စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေး ယန္တရား (Psychological Defense Mechanism) ၏ လုပ်ဆောင်ချက် တခု ဖြစ်ပြီး၊ အဆိုပါ ယန္တရားသည် လူများအား ၎င်းတို့၏ လုပ်ရပ်များ သို့မဟုတ် ချို့ယွင်းချက် များအတွက် တာဝန်ယူမှုကို အခြားသူတဦးအပေါ် လွှဲချခြင်းဖြင့် ရှောင်ရှားနိုင်စေပါသည်။

အပြစ်ပေးခံရခြင်း/အပြစ်ပုံချခြင်း၏ သမိုင်းဝင်ဇစ်မြစ်များ၊

​“Scapegoating” သို့မဟုတ် “အပြစ်ပုံချခံရခြင်း” ဟူသော ဝေါဟာရ၌ စိတ်ဝင်စားဖွယ်ကောင်းသော သမိုင်းဝင် ဇစ်မြစ်များ ရှိပါသည်။ ဤဝေါဟာရသည် ဓမ္မဟောင်းကျမ်းရှိ ဝတ်ပြုရာကျမ်း အခန်းကြီး ၁၆ လာ၊ အပြစ်ဖြေရာနေ့ (Yom Kippur) အခန်းအနားတွင် ပြုလုပ်လေ့ရှိသည့် ရှေးဟောင်း ဟီဘရူး ဘာသာရေးထုံးတမ်းစဉ်လာမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုအခမ်းအနားတွင် ဆိတ်နှစ်ကောင်ကို ရွေးချယ်ပြီး ပထမတကောင်ကို ယဇ်ပူဇော်ကာ၊ ဒုတိယတကောင် (အပြစ်ဖြေရာဆိတ်) ကိုမူ ယဇ်ပုရောဟိတ်မင်းက လူအပေါင်းတို့၏ အပြစ်များကို ၎င်း၏ ဦးခေါင်းပေါ်သို့ သင်္ကေတအဖြစ် တင်ရှိစေသည်။ ထို့နောက် အဆိုပါ အပြစ်ဝန်ထုပ်ထမ်းထားသော ဆိတ်ကို လူမှုအသိုင်းအဝိုင်း၏ အပြစ်များအားလုံးအား သယ်ဆောင်စေကာ တောထဲသို့ စေလွှတ်ခြင်း ဖြစ်သည်။ ဤဝေါဟာရ၏ ဇစ်မြစ်ကို နားလည်ခြင်းက လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုနှင့် သမိုင်းစဉ်တလျှောက်တွင် အပြစ်ပုံချသည့် အလေ့အထများ မည်မျှနက်ရှိုင်းစွာ အမြစ်တွယ်နေသည်ကို သိရှိရန် အထောက်အကူ ဖြစ်စေပါသည်။

နေ့စဥ် လူမှုဘဝ အတွင်းမှ အပြစ်ပုံချခြင်း၏ လက်တွေ့ဥပမာ

မိမိတို့၏ ပတ်ဝန်းကျင်တွင် မြင်တွေ့ရလေ့ရှိသည့် အခြေအနေတခုကို ဥပမာအဖြစ် စဉ်းစားကြည့်ကြပါစို့။

မိဘများသည် ၎င်းတို့၏ ကလေးများကို ကျောင်းမှ သွားကြိုပြီး အိမ်ပြန်လာသောအခါ ၎င်းတို့၏ ကားကို သော့ခတ်ရန် မေ့သွားပါသည်။ နောက်ပိုင်းတွင် တစုံတယောက်သည် သော့မခတ်ထားသော ကားထဲမှ ပိုက်ဆံအိတ် တလုံးကို ခိုးယူသွားသည်။ ထိုအခါ မိဘများသည် မိမိတို့၏ ပေါ့လျော့မှုကို ဝန်ခံမည့်အစား၊ ကလေးများကို အပြစ်တင်ကာ ၄င်းတို့ကြောင့် မိမိတို့၏ အာရုံ ပျံ့လွင့်သွားသဖြင့် ကားကို သော့ခတ်ရန် မေ့သွားခဲ့သည်ဟု ဆိုကြသည်။ ဤဖြစ်ရပ်သည် အပြစ်ပုံချခံရခြင်း၏ ဂန္တဝင် ဥပမာ တခု ဖြစ်သည်။ စင်စစ်တွင် မိဘများသည် ၎င်းတို့၏ ကိုယ်ပိုင်အမှားကို ရင်ဆိုင်ခြင်းမှ ရှောင်ရှားရန် အတွက် တာဝန်ယူမှုကို ကလေးများထံ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

မြန်မာ့လူမှုဘဝတွင်လည်း - “နောက်ဆုံးတော့ ပိန်မပဲ“ ဆိုသည့် ကောက်ချက်ဆွဲ အပြစ်ပုံချသည့်  ဖြစ်ရပ်မျိုးက လက်သုံးစကား ဖြစ်လာရသည်အထိ အပြစ်ပုံချခြင်း အလေ့အထ ထွန်းကားနေသည်ကို တွေ့မြင်နိုင်သည်။

 Scapegoating သည် လူ့အဖွဲ့အစည်းများတွင် မကြာခဏ တွေ့ရသော ပြုမူမှု တခု ဖြစ်သည်။ ပြဿနာများ ရှုပ်ထွေးလာသောအခါ လူများသည် အလွယ်ကူဆုံးသော အကြောင်းပြချက်များကို ရှာဖွေကြပြီး အားနည်းသူများအပေါ် အပြစ်ပုံချတတ်ကြသည်။ မြန်မာ့ နေစဥ်လူမှုဘဝတွင် မကြာခဏ ကြားရတတ်သည့် “ငါးတကာ ယိုသမျှ ချေး၊ ပုဇွန်ဆိတ်ခေါင်းမှာ ပုံသည်“ ဆိုသည့် စကားသည်လည်း လူမှုစိတ်ပညာ အသုံးအနှုန်း ဖြစ်သည့် Scapegoating နှင့် အလားသဏ္ဍာန်တူပါသည်။  

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည့် နိုင်ငံရေးမတည်ငြိမ်မှုနှင့် လူမျိုးစုပဋိပက္ခများကြောင့် လူမှုအသိုင်းအဝိုင်းအတွင်း ယုံကြည်မှု ပျက်ယွင်းပြိုကွဲနေသော လက္ခဏာများ ရှိနေသည့် မြန်မာ့လူ့အဖွဲ့အစည်းတွင်လည်း အပြစ်ပုံချသည့် အလေ့အထ ဖြစ်သော scapegoating သည် စိတ်ဝင်တစား လေ့လာဆင်ခြင်သင့်သည့် အကြောင်းအရာ ဖြစ်သည်။

မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်လျှင် scapegoating (အပြစ်ပုံချခြင်း) ဆိုင်ရာ သုတေသန အများစုသည် မူဆလင်ဆန့်ကျင်ရေးနှင့် လူနည်းစုများအပေါ် ဖိနှိပ်မှုများအား အဓိက အာရုံစိုက်၍ စာတမ်းများ ပြုစုထားကြသည်ကို တွေ့ရှိနိုင်သည်။ သို့သော် နောက်ပိုင်းတွင်မူ ဒီမိုကရေစီ ဘက်တော်သား အင်အားစုများ အတွင်း၌ပင် ဖြစ်နေနိုင်ခြေရှိသည့် scapegoating ဖြစ်ရပ်များကို စတင် လေ့လာသင့်ပြီဟု ယူဆလာကြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်သည် သမိုင်းတလျှောက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစနစ်များအပေါ် အင်အားကြီးစွာ ထိန်းချုပ်ထားသော အဖွဲ့အစည်းတခု ဖြစ်သည်။ သို့သော် ထိုကဲ့သို့ အတိုင်းအဆမဲ့ အာဏာကြီးသော၊ အင်အားကြီးသော၊ အန္တရာယ်ပေးနိုင်သော အဖွဲ့အစည်းကို တိုက်ရိုက်ဝေဖန်ခြင်းသည် အန္တရာယ်များနိုင်သောကြောင့်၊ အချို့သူများ၏ ဆွေးနွေးချက်များသည် အန္တရာယ်နည်းသော ပစ်မှတ်များ ဖြစ်သည့် နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များ သို့မဟုတ် လူမျိုးစုများ အပေါ်သို့ ပြောင်းလဲ ဦးတည်သွားတတ်သည်။

နွေဦးတော်လှန်ရေး ကြာမြင့်လာသည်နှင့်အမျှ အဆိုပါ ဖြစ်ရပ်များကို ခပ်စိပ်စိပ် မြင်တွေ့လာရသည်။ ဤကဲ့သို့သော ဖြစ်ရပ်များကို scapegoating သီအိုရီအရ ကြည့်လျှင် အာဏာ မညီမျှမှု၊ ကြောက်ရွံ့မှုနှင့် အဖွဲ့အစည်းများအကြား အစေးမကပ်မှုအောက်တွင် ဖြစ်ပေါ်လာသော တာဝန်ယူမှု တာဝန်ခံမှု ပြောင်းလဲပုံချခြင်း (displaced accountability) ဟု သဘောပေါက်နိုင်သည်။

အဆိုပါ သီအိုရီအရ ဆိုလျှင် ဤအခြေအနေသည် scapegoating ၏ အဓိက လက္ခဏာတခု ဖြစ်သည့် “ဖြစ်စဥ်ဖြစ်ရပ်များအတွက် အခြေခံအားဖြင့် အမှန်တကယ်တာဝန်ရှိသူများမှထံ ဦးတည်ရမည့် အာရုံကို အားနည်းသော အဖွဲ့များထံ လွှဲပြောင်း၍ အပြစ်ပုံချခြင်း” ဖြစ်သည်။

ဥပမာအားဖြင့် - ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်နေ့၊ စစ်တပ်၏ အာဏာသိမ်းမှု နောက်ပိုင်း၊ နွေဦးတော်လှန်ရေးကာလ တလျောက်တွင် အာဏာအသိမ်းခံရသည့် NLD သို့မဟုတ် ဗမာအများစုအပေါ် “လူမျိုးကြီးဝါဒ” အား အကြောင်းပြု၍ စွပ်စွဲ ပြစ်တင် ပုံဖေါ်သည့် ဝေဖန်ချက် အချို့သည် တရားမျှတသော နိုင်ငံရေးဝေဖန်မှုဘောင်ကို ကျော်လွန်ပြီး အလွန်အကျွံ အပြစ်ပုံချခြင်း အဖြစ်သို့ ပြောင်းလဲသွားဟန် ရှိသည်။ အခြားတဖက်တွင်လည်း နိုင်ငံရေးအဖွဲ့အစည်းများအား ဝေဖန်ခြင်းသည် ဒီမိုကရေစီအတွက် လိုအပ်သော လုပ်ငန်းစဉ်တခု ဖြစ်သည်ကိုလည်း သတိပြုကြရမည် ဖြစ်သည်။ ထို့ကြောင့် တရားမျှတသော ဝေဖန်မှုနှင့် scapegoating အကြား ခွဲခြား သတ်မှတ်နိုင်ခြင်းမှာ အလွန် အရေးကြီးသည်

ထို့အပြင် ဤကဲ့သို့သော scapegoating သဘောတရားများသည် အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများအကြား ယုံကြည်မှု တည်ဆောက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ထိခိုက်စေနိုင်သည်။ မိတ်ဖက်အဖွဲ့အစည်းများ အချင်းချင်း အပြစ်တင်နေကြပါက ပူးပေါင်းဆောင်ရွက်မှု အားနည်းလာပြီး စုစည်းညီညွတ်မှုကို ပျက်ယွင်းစေနိုင်သည်။ နိုင်ငံရေးပြောင်းလဲမှုများ အောင်မြင်ရန်အတွက် အဓိကအားဖြင့် အာဏာ၏ မူလရင်းမြစ်များကို မှန်ကန်စွာ ခွဲခြားသတ်မှတ်နိုင်ရန်နှင့် အရှိတရားနှင့် ကင်းကွာခြင်း မရှိရန် လိုအပ်သည်။ အပြစ်ပုံချမှုများ၊ အမှန်အမှား သုံးသပ်ချက်များ တွင်အခြေခံ အချက်အလက်နှင့် သီအိုရီ အဆက်အစပ် အားနည်းပါက သဘောတရားရေးဆိုင်ရာ အမှားများသာမက လက်တွေ့ဆောင်ရွက်မှုများတွင်လည်း အားနည်းမှုများ ဖြစ်ပေါ်စေနိုင်သည်။

ဤဆောင်းပါတွင် သတိပြုစေလိုသည့်အချက်မှာ  NLD သို့မဟုတ် လူမျိုးစုများအပေါ် ဝေဖန်မှု အားလုံးကို scapegoating ဟု မခေါ်ဆိုသင့်ကြောင်း ဖြစ်သည်။ တရားမျှတသော ဝေဖန်မှု (ဥပမာ - မူဝါဒအမှားများ၊ အဖွဲ့အစည်းဆိုင်ရာ ချို့ယွင်းချက်များ) နှင့် scapegoating (အလွန်အကျွံ အပြစ်တင်ခြင်း၊ အပြစ်လွှဲချခြင်း) ကို ခွဲခြား သိရှိနိုင်ရန် အရေးကြီးကြောင်း ဖေါ်ပြလိုရင်း ဖြစ်သည်။

ထို့ကြောင့် scapegoating ကို လေ့လာရာတွင် မြန်မာနိုင်ငံရှိ လူနည်းစုများအပေါ် သက်ရောက်စေသည့် scapegoating သာမက ဒီမိုကရေစီဘက် အဖွဲ့အစည်းများအတွင်းရှိ scapegoating ကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။ ယခုကဲ့သို့ ယုံကြည်မှုနှင့် စုစည်းညီညွတ်မှု အလွန်လိုအပ်နေသော အချိန်တွင် scapegoating ကို ရှောင်ရှားပြီး၊ အချက်အလက် အမှန်တရားအပေါ် အခြေခံကာ အနာဂါတ်ကိုမျှော်ရည်သည့် လက်တွေ့ကျသော ချဉ်းကပ်ဆွေးနွေးမှုများကို မြှင့်တင်ခြင်းသည် အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဥ် ဖြစ်ပါသည်။

Next
Next

မြန်မာ့နွေဦး တော်လှန်ရေးနှင့် ချုပ်ကွက်မိနေသည့် Inclusiveness