မြန်မာ့နွေဦး တော်လှန်ရေးနှင့် ချုပ်ကွက်မိနေသည့် Inclusiveness

မြန်မာဆန်းစစ်လေ့လာရေးဂျာနယ်

Read in English

မြန်မာ့နွေဦးတော်လှန်ရေးသည် လူမျိုးစုံ၊ ဘာသာစုံနှင့် လူတန်းစားပေါင်းစုံ ပါဝင်သည့် သမိုင်းဝင် အလှည့်အအပြောင်းတခု ဖြစ်သည်။ ဤကဲ့သို့သော "စုံညီပါဝင်မှု" (Inclusiveness) သည် တော်လှန်ရေး၏ အဓိကမောင်းနှင်အားဖြစ်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် ကြီးမားသော အင်အားစုတရပ် ဖြစ်စေခဲ့သည်။ သို့သော်လည်း လက်တွေ့မြေပြင်တွင် စုံညီပါဝင်မှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်း မရှိပါက တော်လှန်ရေး၏ အရှိန်အဟုန်ကို နှောင့်နှေးစေသည့် အဟန့်အတားတခု ဖြစ်သွားနိုင်သည်ကို ဤဆောင်းပါးတွင် ဆန်းစစ် တင်ပြထားသည်။


မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးသည် သမိုင်းဝင် ပြောင်းလဲမှုကြီး တခု အဖြစ် တည်ရှိနေပြီး လူမျိုးစုံ၊ အလွှာစုံ၊ အသက်အရွယ်စုံတို့ ပူးပေါင်းပါဝင်သည့် လှုပ်ရှားမှုတခု ဖြစ်သည်။ ဤသို့ အမျိုးမျိုးသော အသိုင်းအဝိုင်းများ ပါဝင်လာခြင်းသည် “inclusiveness” ဟုခေါ်သော “စုံညီပါဝင်မှု” အားသာချက် တရပ်ကို ဖော်ထုတ်ပေးသော်လည်း၊ အခြားတဖက်တွင်မူ ထို inclusiveness ကို ပြည့်စုံမှန်ကန်စွာ စီမံခန့်ခွဲမှု မပြုနိုင်ခြင်းကြောင့် တော်လှန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အားနည်းသွားစေသည့် ချုပ်ကွက်တခုအဖြစ်လည်း ပြောင်းလဲလာနေသည်ကို တွေ့မြင်ရသည်။

နွေဦးတော်လှန်ရေး စတင်ချိန်က inclusiveness သည် တော်လှန်ရေး၏ အဓိကခွန်အား ဖြစ်ခဲ့သည်။ ထိုခွန်အားကြောင့် တော်လှန်ရေး မတိုင်မီက တိုင်းရင်းသားအုပ်စုများ၊ တက်ကြွလှုပ်ရှားသူများ၊ မြို့ပြလူငယ်များ၊ အလုပ်သမားများနှင့် ပညာရှင်များ အကြားတွင် ရှိခဲ့သည့် ကွာဟမှုများ လျော့ကျသွားခဲ့ပြီး၊ တူညီသော ရည်မှန်းချက်တခုသို့ ဦးတည်ကာ ပူးပေါင်းဆောင်ရွက်နိုင်စေခဲ့သည်။ ဤဖြစ်ရပ်သည် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ရာတွင် ကြီးမားသော အင်အား ဖြစ်ခဲ့သည်မှာ မငြင်းနိုင်သော အချက်တရပ် ဖြစ်သည်။

သို့ရာတွင် inclusiveness ကို လက်တွေ့ကျကျ အသုံးချရာတွင် စိန်ခေါ်မှု များစွာ ရှိနေသည်။ တော်လှန်ရေး အဖွဲ့အစည်းများအကြား အပြန်အလှန် ယုံကြည်မှု နည်းပါးခြင်း၊ သဘောထားအမြင် မတူညီမှုများ၊ အာဏာခွဲဝေမှုအပေါ် အငြင်းပွားမှုများသည် အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင်လည်းကောင်း၊ အကောင်အထည် ဖော်ရာတွင် လည်းကောင်း နှောင့်နှေးမှုများ ဖြစ်ပေါ်စေသည်။ အချို့ အဖွဲ့များသည် သက်ဆိုင်ရာ လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရသော်လည်း၊ ဆုံးဖြတ်ချက်များအား လက်တွေ့ချမှတ်ရာတွင် မပါဝင်နိုင်ခြင်းကြောင့် “inclusiveness without effectiveness” ဟု ခေါ်ဆိုနိုင်သည့် “ထိရောက်မှု မရှိသည့် စုံညီပါဝင်မှု” အဖြစ်သို့ ရောက်ရှိသွားသည်။

Inclusiveness ကို အလွန်အကျွံ အလေးထားခြင်းသည် ရံဖန်ရံခါတွင် တော်လှန်ရေး၏ အရေးကြီးဆုံး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ သို့မဟုတ် ပြောင်းလဲနေသည့် အခြေအနေနှင့် အလျဉ်မီအောင် ဆောင်ရွက်ရာတွင် အဟန့်အတား ဖြစ်စေသည်။ အချိန်အားဖြင့် အကန့်အသတ် ရှိနေချိန်တွင် လူတိုင်း၏ အမြင်ကို လိုက်လံ ညှိနှိုင်းနေရခြင်းကြောင့် အရေးပေါ် လိုအပ်ချက်များကို အချိန်မီ မဖြည့်ဆည်းနိုင်ဘဲ လက်လွှတ် ဆုံးရှုံးသွားစေနိုင်သည်။ ဤသို့သော ဖြစ်ရပ်မျိုးသည် တော်လှန်ရေး၏ အမြန်နှုန်းကို လျော့ကျစေပြီး၊ အကျိုးသက်ရောက်မှုကို ထိခိုက်စေသည်။

ဤအချက်အား ထောက်ပြခြင်းသည် inclusiveness ဆိုသည့် စုံညီပါဝင်မှုကို ပစ်ပယ်ရမည်၊ သို့မဟုတ် လုံးဝဥဿုံ လစ်လျှူရှုရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ဆိုလိုရင်းမှာ Inclusiveness (စုံညီမှု) နှင့် effectiveness (ထိရောက်မှု) တို့အား သင့်တင့်လျောက်ပတ်စွာ ချိန်ညှိ၍ အကောင်းဆုံး ရလာဒ် ထွက်ပေါ်လာအောင် ဆောင်ရွက်ရန်သာ ဖြစ်သည်။ ထိုသို့ ဖြစ်လာစေရန် အတွက် အဖွဲ့အစည်းများ အကြား ယုံကြည်မှု တည်ဆောက်ခြင်း၊ မတူညီသည့် အဖွဲ့အစည်းဆိုင်ရာ သဘောသဘာဝနှင့် အခန်းကဏ္ဍများကို သေချာစွာ ခွဲခြားခြင်း၊ ဆုံးဖြတ်ချက်ချသည့် စနစ်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းစွာ သတ်မှတ်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်ပါသည်။

တော်လှန်ရေးတွင် ပါဝင်နေသူတိုင်း အနေဖြင့် inclusiveness သည် အားသာချက် သက်သက်သာ မဟုတ်၊ ၎င်းအား စနစ်တကျ အသုံးမချနိုင်လျှင် အားနည်းချက် တခုအဖြစ် အသွင်ပြောင်းသွားနိုင်ကြောင်းကို သိရှိထားသင့်သည်။ အဓိက အရေးကြီးသည်မှာ မြန်မာ့နွေဦးတော်လှန်ရေးတွင် inclusiveness ကို အားသာချက် တခုအဖြစ် ဆက်လက် ထိန်းသိမ်းရင်း၊ အချိန်နှင့်အမျှ ပြောင်းလဲလျက်ရှိသည့် ကမ္ဘာ့အရေး၊ မြန်မာ့အရေးများနှင့် အညီ အချိန်မီ တုန့်ပြန်ဆောင်ရွက်ရာတွင် ထို inclusiveness ကိုယ်တိုင်က ချုပ်ကွက် တခု ဖြစ်မလာစေရန် သတိထား၍ အောင်မြင်မှုဆီသို့ တက်လှမ်းရန် ဖြစ်သည်။

ထို့အတူ ခေါင်းဆောင်မှုဆိုင်ရာ လေ့လာ ဆောင်ရွက်မှု အပိုင်းတွင်လည်း စစ်ရေးနှင့် တော်လှန်ရေးကာလ ခေါင်းဆောင်မှု ပုံသဏ္ဍာန်အား ပဋိပက္ခအလွန် တည်ဆောက်ရေးကာလ ခေါင်းဆောင်မှု ပုံသဏ္ဌာန်နှင့် ညီမျှခြင်း ချရန် မသင့်ပေ။ ကာလ၊ ဒေသ၊ နောက်ခံအခြေအနေ၊ အချိန်အခါနှင့် ကိုက်ညီသည့် ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချသည့် တန်းပြည့် ယန္တရားမျိုး ရှိမှသာ အနာနှင့် ဆေးတည့်ကာ စစ်အာဏာရှင် အိုင်းအမာကို ပျောက်ကင်းအောင် ကုသနိုင်မည် ဖြစ်ပေသည်။

Previous
Previous

အပြစ်တင်ခြင်း၏ ပင်ကိုယ်သဘာဝ - အပြစ်ပုံချခြင်း အလေ့အထနှင့် မြန်မာ့စုစည်းညီညွတ်ရေးအတွက် စိန်ခေါ်မှုများ

Next
Next

ဒစ်ဂျစ်တယ် ဖိနှိပ်မှု - စစ်အုပ်ချုပ်ရေးမှသည် "ဥပဒေဖြင့် တိုက်ခိုက်ခြင်း" ဆီသို့