ထိုင်းနိုင်ငံ၏ ကိုယ်ကျိုးစီးပွားသက်သက်အခြေပြုမူဝါဒနှင့်မြန်မာတော်လှန်ရေးအပေါ် မှားယွင်းသော မဟာဗျူဟာတွက်ချက်မှုအားသုံးသပ်ခြင်း
Visual generated by AI for illustrative purposes.
ကောက်နှုတ်ချက်များ
သမိုင်းဝင် မူဝါဒ - ၁၉၈၈ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒသည် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား၊ စွမ်းအင်လုံခြုံရေးနှင့် နယ်စပ်တည်ငြိမ်ရေးတို့ကိုသာ အစဉ်တစိုက် ဦးစားပေးခဲ့သည်။
မဟာဗျူဟာမြောက် မှားယွင်းတွက်ချက်မှု - စစ်အုပ်စုသည် အဓိကနယ်မြေများနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ထိန်းချုပ်နိုင်ခြင်း မရှိတော့သည့် အတွက် မြန်မာစစ်ခေါင်းဆောင်နှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံခြင်းသည် လက်ရှိမြေပြင်အခြေအနေကို လျစ်လျူရှုရာရောက်သည်။
ကုန်သွယ်ရေး ထိခိုက်လျော့ကျမှု - အာဏာသိမ်းပြီးနောက် တိုက်ပွဲများ၊ တော်လှန်ရေးအင်အားစုများ၏ နယ်မြေစိုးမိုးမှုနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် ၃၀% မှ ၃၅% အထိ လျော့ကျသွားခဲ့သည်။
ထိုင်းနိုင်ငံအတွက် စိန်ခေါ်မှုများနှင့် အန္တရာယ်များ - စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ထိုင်းနိုင်ငံ၏ နိုင်ငံတကာပုံရိပ်ကို ထိခိုက်စေနိုင်ပြီး၊ စီးပွားရေးပိတ်ဆို့မှုများ ကြုံတွေ့ရခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆုတ်ခွာသွားခြင်းနှင့် နယ်စပ်လုံခြုံရေး ပြဿနာများကို ပိုမိုဆိုးရွားလာစေနိုင်သည်။
စာဖတ်ရန် ကြာချိန် - ၉ မိနစ်ခန့်
နိဒါန်း
၁၉၈၈ ခုနှစ်နောက်ပိုင်း ထိုင်း–မြန်မာ ဆက်ဆံရေးသမိုင်းကို ပြန်လည် သုံးသပ်ကြည့်ပါက ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် အစိုးရအမျိုးအစား သို့မဟုတ် အုပ်ချုပ်သူ အပြောင်းအလဲများအပေါ် မူတည်ခြင်းထက် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား၊ စွမ်းအင်လုံခြုံရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် စီးပွားရေးအကျိုးအမြတ်တို့ကို ဦးစားပေးသည့် ကိုယ်ကျိုးစီးပွားသက်သက် အခြေပြု နိုင်ငံခြားရေး မူဝါဒကိုသာ အစဉ်တစိုက် ကျင့်သုံးခဲ့သည်ကို သိမြင်နိုင်ပါသည်။ နိုင်ငံတကာဆက်ဆံရေး၏ လက်တွေ့ အခြေပြုဆက်ဆံရေး သဘောသဘာ၀အရ နိုင်ငံများသည် မိမိတို့၏ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်ခြင်းမှာ သဘာဝကျသည့် နိုင်ငံရေးအပြုအမူဟု ယေဘုယျ ဆိုနိုင်ပါသည်။
သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ရေးအခြေအနေသည် ၁၉၈၈ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်များ သို့မဟုတ် ၂၀၁၀ ပြည့်နှစ် အစောပိုင်းကာလများနှင့် အခြေခံအားဖြင့် ကွဲပြားသွားပြီဖြစ်သည်။ ထိုအခြေအနေတွင် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံပြီး စီးပွားရေးနှင့် နယ်စပ်ကုန်သွယ်ရေး အကျိုးစီးပွားများကို ရှေးရှုရန် ကြိုးပမ်းခြင်းသည် လက်ရှိ မြေပြင်နိုင်ငံရေးအခြေအနေကို လုံလောက်စွာ ထည့်သွင်းမစဉ်းစားသော မှားယွင်းသည့် မဟာဗျူဟာတွက်ချက်မှု တရပ် ဖြစ်သည်။
ကိုယ်ကျိုးစီးပွားသက်သက်အခြေပြု မူဝါဒ၏ သမိုင်းနှင့် အကန့်အသတ်
မြန်မာနိုင်ငံတွင် ၈၈၈၈ အရေးတော်ပုံအပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် ချတ်ချိုင် ချွန်ဟာဝမ် (Chatichai Choonhavan) အစိုးရ တက်လာခဲ့သည်။ ၀န်ကြီးချုပ် ချတ်ချိုင် ချွန်ဟာဝမ် က "စစ်မက်ဇုန်မှ ကုန်သွယ်ရေးဇုန်သို့" (From Battlefield to Marketplace) မူဝါဒဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးခဲ့သည်။ အင်ဒိုချိုင်းနားဒေသနှင့် အိမ်နီးချင်းနိုင်ငံများကို စစ်မက်နယ်မြေမှ ကုန်သွယ်ရေးနယ်မြေ အဖြစ် ပြောင်းလဲနိုင်မည့် မူဝါဒကို ချမှတ်ခြင်း ဖြစ်သည်။ ထိုစဥ်က မြန်မာစစ်အစိုးရ (နဝတ) သည် အထီးကျန်ဖြစ်မှုကို ရှောင်လွှဲရန်နှင့် ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းရန် ထိုင်းကုမ္ပဏီများအား သစ်ထုတ်လုပ်ခွင့်၊ ငါးဖမ်းခွင့်နှင့် သဘာဝဓာတ်ငွေ့တူးဖော်ခွင့်များ စတင်ထုတ်ပေးခဲ့သည်။ အာဆီယံ (ASEAN) ၏ အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှု မူဝါဒအောက်တွင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံကို အနောက်နိုင်ငံများကဲ့သို့ ပိတ်ဆို့အရေးယူခြင်းမပြုဘဲ ထိတွေ့ဆက်ဆံမှုမှ တဆင့် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် ဖြစ်လာခဲ့သည်။
ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝါထရာ (Thaksin Shinawatra) လက်ထက်၊ ၂၀၀၁-၂၀၀၆ တွင် ထိုင်း-မြန်မာ ဆက်ဆံရေးသည် စီးပွားရေးအရ အလွန်နီးကပ်ခဲ့သော်လည်း နယ်စပ်လုံခြုံရေးဆိုင်ရာ စိန် ခေါ်မှုများ ရှိခဲ့သည်။ သက်ဆင်အစိုးရသည် စီးပွားရေးအရ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အဖြစ် မြန်မာနိုင်ငံ၏ ရတနာနှင့် ဇေတိက သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် ထိုင်းအမျိုးသား စွမ်းအင်ကုမ္ပဏီ (PTTEP) မှတဆင့် အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့သည်။ ထို့အပြင် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ကို စတင်ဖော်ဆောင်ခဲ့သည်။ နယ်စပ်တလျှောက် စိတ်ကြွရူးသွပ်ဆေးပြား (Yaba) မှောင်ခိုကူးသန်းမှု မြင့်မားလာခြင်း၊ UWSA (ဝ တပ်ဖွဲ့) နှင့် KNU တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် နယ်စပ်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်ဂိတ်များကို ပိတ်သိမ်းကြောင်း၊ ကုန်သွယ်မှုနှင့် သွားလာမှုများကို ရပ်ဆိုင်းကြောင်း အစိုးရနှင့် စစ်ဘက်က တရားဝင် စာရွက်စာတမ်း/အမိန့်စာများ ထုတ်ပြန်၍ ဂိတ်များကို ပိတ်ပစ်ခဲ့သည်။
မြန်မာနိုင်ငံ၌ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ တက်လာသည့် ဒီမိုကရေစီကူးပြောင်းမှုကာလ (၂၀၁၁-၂၀၂၀) တွင် ထိုင်းနိုင်ငံ၏ မက္ကရို စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအဖြစ် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း (Dawei Special Economic Zone) ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ကြသည်။ ထိုင်းနိုင်ငံရှိ သန်းပေါင်း များစွာသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တရားဝင်ရပ်တည်ခွင့်၊ သက်သေခံကဒ် (CI) ထုတ်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ (MoU) ကို နှစ်နိုင်ငံအစိုးရများ အကြား ပိုမို စနစ်ကျစွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဗိုလ်ချုပ်ကြီး ပရာယုသ် စာန်အိုချာ (Prayut Chan-o-cha) အာဏာသိမ်းခဲ့ပြီးနောက် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များ အကြား၊ ချစ်ကြည်ရေးနှင့် နီးကပ်သော အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေး ပိုမိုအားကောင်းလာခဲ့သည်။ ဗိုလ်ချုပ်ကြီး ပရာယုသ် စာန်အိုချာသည် စစ်တပ်ခေါင်းဆောင်ဘဝမှ ထွက်ခွာခဲ့ပြီး ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှတဆင့် ပါတီစုံ ညွန့်ပေါင်းအစိုးရ၏ ဝန်ကြီးချုပ် အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။
မြန်မာနိုင်ငံ၌ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းအစိုးရ၏ မူဝါဒသည် အလွန် သတိကြီးစွာ ကိုင်တွယ်ရသည့် ကာလ ဖြစ်ခဲ့သည်။ ပရာယုသ်အစိုးရသည် အနောက်နိုင်ငံများကဲ့သို့ စစ်ကောင်စီကို လူသိရှင်ကြား ပြင်းထန်စွာ ဝေဖန်ခြင်းမပြုဘဲ သီးသန့် အလွတ်သဘော တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းကို အသုံးပြုခဲ့သည်။ ထိုင်းအစိုးရသည် စစ်ကောင်စီနှင့် အကွာအဝေးတခု ထား၍ ဆက်ဆံခဲ့သော်လည်း စွမ်းအင်အရင်းအမြစ် ဝယ်ယူမှုများနှင့် စစ်ဘက်ဆိုင်ရာ အဆက်အသွယ်များကို ထိန်းသိမ်းထားခဲ့သည်။ တချိန်တည်းမှာပင် နယ်စပ်သို့ ထွက်ပြေးလာသော စစ်ဘေးဒုက္ခသည်များကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဖိအားများကို ခံခဲ့ရသည်။
ထိုင်းနိုင်ငံတွင် စေတာ ထဝီဆင် (Srettha Thavisin) နှင့် ပဲထောင်တန် ရှင်နာဝါထရာ (Paetongtarn Shinawatra) တို့၏ ဖြူထိုင်း (Pheu Thai) အစိုးရတက်လာပြီးနောက်ပိုင်း ဆက်ဆံရေးပုံစံ အသစ်များ ပေါ်ထွက်လာသည်။ ထိုင်းနိုင်ငံသည် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးကို ထောက်ကူရန် မြန်မာ-ထိုင်းနယ်စပ် (မဲဆောက်-မြဝတီ) တွင် "လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံ (Humanitarian Corridor)" ကို အာဆီယံ၏ အသိအမှတ်ပြုမှုဖြင့် စတင် ဖန်တီးပေးခဲ့သည်။ မြဝတီနှင့် နယ်စပ်ဒေသများရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများ (KKP/Scam Centers)၊ လူကုန်ကူးမှုများနှင့် ဆိုက်ဘာရာဇဝတ်မှုများကို တိုက်ဖျက်ရန် တရုတ်၊ ထိုင်းနှင့် မြန်မာစစ်ကောင်စီ အပြင် ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များပါ ပါဝင်သည့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လာရသည်။ မြန်မာနိုင်ငံတွင် အဓမ္မ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက် ထိုင်းနိုင်ငံသို့ တရားဝင်ရော၊ တရားမဝင်ပါ ဝင်ရောက်လာသူ များပြားလာသဖြင့် ထိုင်းအစိုးရအတွက် လုံခြုံရေး၊ အလုပ်သမားဈေးကွက်နှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုအသစ်များ ဖြစ်ပေါ်လျက်ရှိသည်။
ထိုင်း-မြန်မာ ဆက်ဆံရေးသည် ၁၉၈၈ မှစ၍ "ကိုယ်ကျိုးစီးပွားသက်သက်ကို အခြေခံသည့် မူ၀ါဒ" အ ပေါ် တည်ဆောက်ထားသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံ၏ မူဝါဒသည် အမျိုးသားလုံခြုံရေးနှင့် နယ်စပ် တည်ငြိမ်ရေး၊ သဘာဝဓာတ်ငွေ့ အပါအဝင် စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်၊ ရွှေ့ပြောင်း အလုပ်သမားအင်အား ထောက်ပံ့မှု စသည့် အချက် သုံးချက်အပေါ် အမြဲတမ်းဗဟိုပြုလေ့ရှိသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် မည်သည့်အစိုးရ သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းပင် အာဏာရလာပါစေ မိမိနိုင်ငံ၏ ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအကျိုးစီးပွားအတွက် ပထဝီဝင် အရ ခွဲခြား၍ မရသော အိမ်နီးချင်းအဖြစ် "ထိတွေ့ဆက်ဆံရေး မူဝါဒ" ကိုသာ ဆက်လက်ကျင့်သုံးလျက်ရှိသည်။ ဤမူဝါဒများသည် မြန်မာနိုင်ငံတွင် ဗဟိုအစိုးရက နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်သော အခြေအနေများ၌ အတိုင်းအတာ တခုအထိ ထိုင်းနိုင်ငံအတွက် အကျိုး ဖြစ်ထွန်းခဲ့သည်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု မတိုင်မီ နှင့် အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်မီနှင့် အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏတွင် တရားဝင် နယ်စပ်ကုန်သွယ်ရေး ပမာဏ အပြောင်းအလဲနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှု ပါဝင်သော စုစုပေါင်း ကုန်သွယ်ရေး ပမာဏတို့၌ သိသိသာသာ ကွဲပြားမှုများ ရှိခဲ့ပါသည်။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီ (COVID-19 မတိုင်မီနှင့် COVID-19 ကာလအတွင်း) စီးပွားရေး ပုံမှန်လည်ပတ်နေစဉ် သီးခြား ဘဏ္ဍာရေးနှစ်များ၌ (ထိုင်းဘက်သို့ သဘာဝဓာတ်ငွေ့တင်ပို့မှု အပါအဝင်) နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှုသည် ၂၀၁၈-၂၀၁၉ တွင်အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံ ခန့်၊ ၂၀၁၉- ၂၀၂၀ တွင် အမေရိ ကန်ဒေါ်လာ ၅.၁ ဘီလီယံ ခန့် အသီးသီးရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု အပြီးတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာခြင်း၊ ဘဏ်လုပ်ငန်းစနစ် ပြိုလဲခြင်း၊ CDM လှုပ်ရှားမှုများနှင့် နယ်စပ်ဒေသတိုက်ပွဲများကြောင့် ကုန်သွယ်မှုပမာဏ သိသိသာသာ ကျဆင်းခဲ့သည်။ ၂၀၂၀-၂၀၂၁ အာဏာသိမ်းသည့်နှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု စုစုပေါင်း ပမာဏသည် အမေရိကန်ဒေါ် လာ ၃.၃၆ ဘီလီယံဝန်းကျင်သို့ လျော့ကျသွားခဲ့သည်။ အာဏာသိမ်းမှု မတိုင်မီ ပုံမှန်ပမာဏ (ဒေါ်လာ ၅.၁-၅.၅ ဘီလီယံ) နှင့် ယှဉ်ပါက အာဏာသိမ်းပြီး ပထမနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ မှ ၂ ဘီလီယံ နီးပါး (၃၀% မှ ၃၅% ခန့်) အထိ သိသိသာသာလျော့ကျသွား ခဲ့ပါသည်။
ကုန်သွယ်မှုပမာဏ လျော့ကျစေခြင်း အကြောင်းများ
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး အပါအဝင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း အများစု၏ ကုန်းလမ်းကွန်ရက်များကို ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF စစ်ကြောင်းများနှင့် အခြား ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မြေပြင်တွင် အဓိက စိုးမိုးထိန်းချုပ်ထားကြသည်။ တော်လှန်ရေးအင်အားစုများ၏ ခွင့်ပြုချက်မရဘဲ စစ်ကောင်စီက ကုန်သွယ်ယာဉ်တန်းများကို အတင်း အဓမ္မ စေလွှတ်ပါက စစ်ရေးအရ တိုက်ခိုက်ခံရခြင်း၊ လမ်းကြောင်းများ ပိတ်ဆို့ခံရခြင်းနှင့် မိုင်းအန္တရာယ်များကို ရင်ဆိုင်ရမည် ဖြစ်သည်။ ကုန်သည်များနှင့် ကုန်ကားမောင်းသူများသည် လုံခြုံရေး အာမခံချက် မရှိသည့် လမ်းကြောင်းတွင် အသက်နှင့် ကုန်ပစ္စည်းများကို စွန့်စား၍ သယ်ယူပို့ဆောင်မည် မဟုတ်ပါ။ ကုန်ပစ္စည်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ပါက လျော်ကြေးငွေ မရရှိနိုင်သဖြင့် စီးပွားရေးအရ တွက်ခြေမကိုက်ခြင်းကဲ့သို့သော ကုန်သွယ်လမ်းကြောင်း လုံခြုံရေးဆိုင်ရာ ကုန်ကျစရိတ်များကြောင့် တရား၀င်ကုန်သွယ်မှုများ ရပ်တန့်သလောက် ဖြစ်သွားရသည်။ တော်လှန်ရေးအဖွဲ့အစည်းများသည် နယ်စပ်ကုန်သွယ်ရေးမှ တဆင့် စစ်ကောင်စီထံ အခွန်ငွေနှင့် နိုင်ငံခြားသုံးငွေ စီးဝင်နေမှုကို တားဆီးရန်အတွက် မဟာဗျူဟာမြောက် ကန့်သတ်ချက်များ (သို့မဟုတ်) စစ်ဆေးမှုများကို ပြုလုပ်ကြသည်။ ၎င်းတို့၏ မူဝါဒနှင့် မကိုက်ညီသော ကုန်ပစ္စည်းများ၊ ဥပမာ - စစ်ကောင်စီ၏ ထုတ်ကုန်များ သို့မဟုတ် စစ်ဘက်ဆိုင်ရာ အသုံးပြုနိုင်သည့် ပစ္စည်းများကို တင်သွင်း/တင်ပို့ခွင့် ပိတ်ပင်လေ့ ရှိသည်။
စစ်ကောင်စီ သို့မဟုတ် ကုန်သည်များ အနေဖြင့် အာရှလမ်းမကြီးကို ရှောင်ကွင်းရန် - ဥပမာအားဖြင့် နတ်တောင်လမ်း သို့မဟုတ် ထိုင်း-မြန်မာ ရေကြောင်း/ရေကင်း လမ်းကြောင်းများ ကဲ့သို့သော အစားထိုး လမ်းကြောင်းအချို့ကို အသုံးပြုရန် ကြိုးပမ်းခဲ့ကြပါသည်။ သို့သော်လည်း အစားထိုး လမ်းကြောင်းများကို အသုံးပြုရာ၌ လမ်းကျဉ်းမြောင်းခြင်း၊ မိုးရာသီတွင် လမ်းပျက်စီးခြင်းတို့ကြောင့် ကုန်ကားကြီးများ မောင်းနှင်မှု မပြုနိုင်ခြင်း၊ သယ်ယူစရိတ် စံချိန်တင် မြင့်တက်သွားခြင်း စသည့် အကန့်အသတ်များ ကြီးမားစွာ ရှိနေသည်။
မြန်မာကျပ်ငွေ တန်ဖိုး ထက်ဝက်ကျော် စံချိန်တင် လျော့ကျသွားခြင်းကြောင့်လည်း ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စက်သုံးဆီ တင်သွင်းစရိတ်များ မြင့်တက်လာပြီး သွင်းကုန်ပမာဏ လျော့ကျသွားခဲ့သည်။ နိုင်ငံခြားသုံးငွေအား ထိန်းချုပ်ရန်အတွက် စစ်ကောင်စီက လိုင်စင်ပိတ်ပင်မှုများနှင့် ကန့်သတ်ချက်အမျိုးမျိုး ထုတ်ပြန်ခဲ့ခြင်းတို့သည်လည်း ကုန်သွယ်မှုပမာဏ လျော့ကျစေသည့် အဓိက အကြောင်းအရင်းများ ဖြစ်သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်များတွင် စုစုပေါင်း ကုန်သွယ်မှု ကိန်းဂဏန်း ပြန်လည် မြင့်တက်လာသည်ကို မြင်တွေ့ရသော်လည်း၊ ၎င်းမှာ ကမ္ဘာ့ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်မှုကြောင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့သည့် သဘာဝဓာတ်ငွေ့ တန်ဖိုး တိုးလာခြင်းနှင့် နယ်စပ်မှ တရားမဝင် ကုန်ပစ္စည်း လွှဲပြောင်းမှုများကြောင့်သာ ဖြစ်ပြီး၊ မြေပြင်တွင် ပြည်သူများအသုံးပြုသည့် ပုံမှန် ကုန်းလမ်း နယ်စပ်ကုန်သွယ်မှုမှာမူ တိုက်ပွဲများနှင့် ဂိတ်ပိတ်မှုများကြောင့် ယနေ့အထိ အကြီးအကျယ် ထိခိုက် လျော့ကျနေဆဲ ဖြစ်သည်။
မြေပြင် နိုင်ငံရေးအမှန်တရားကို လျစ်လျူရှုခြင်းကြောင့် ထိုင်းနိုင်ငံ၏ လက်တွေ့ အကျိုး စီးပွားထိခိုက်လာနိုင်ခြင်း
နယ်မြေထိန်းချုပ်ရေးနှင့် လက်တွေ့ကျင့်သုံးနေသော အာဏာပိုင်မှုသည် အုပ်ချုပ်မှုစွမ်းရည်နှင့် စီးပွားရေးလမ်းကြောင်းများ၏တည်ငြိမ်မှုကို သတ်မှတ်ပေးသော အဓိကအချက်များ ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများနှင့် အရေးပါသော နယ်မြေအချို့ကို တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ထိန်းချုပ်ထားကြသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ခေတ်သစ် ထိုင်း-မြန်မာ ဆက်ဆံရေးသမိုင်းကြောင်းကို ပြန်လည်ကြည့်ရှုပါက ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၌ မည်သည့် အုပ်ချုပ်သူမျိုးပင် ရှိနေပါစေ၊ မိမိတို့၏ အမျိုးသားအကျိုးစီးပွား၊ စွမ်းအင်ရယူရေးနှင့် နယ်စပ်တည်ငြိမ်ရေးကို အခြေခံသည့် "လက်တွေ့ အကျိုးစီးပွားသက်သက် မူဝါဒ" ကိုသာ အစဉ်တစိုက်ကျင့်သုံးခဲ့သည်။
ယနေ့အခြေအနေတွင် ထိုင်းဝန်ကြီး ချုပ် အနုတင် ချာန်ဗီရာကူးလ်က မြန်မာပြည်သူများ အနစ်နာခံ ပေးဆပ် တိုက်ပွဲ၀င်နေသော တော်လှန်ရေးနှင့် လိုလားချက်များကို ငဲ့ကွက်ခြင်း မရှိဘဲ စစ်အာဏာရှင် မင်းအောင်လှိုင်အား ဖိတ်ခေါ် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းလာခြင်းသည် ထိုင်းနိုင်ငံ၏ ရေရှည်စီးပွားရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးမရှိနိုင်သည့် မှားယွင်းသော တွက်ချက်မှု တခု ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခင်းအကျင်းသည် ၁၉၈၈ သို့မဟုတ် ၂၀၀၁ ခုနှစ်များကဲ့သို့ စစ်တပ်က မြေပြင်တစ်ခွင်လုံးကို စိုးမိုးထားနိုင်သည့် ကာလ မဟုတ်တော့ပေ။ စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ နယ်မြေအများစု၊ အထူးသဖြင့် စီးပွားရေးအရ အဓိကကျသော နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို လုံးဝ လက်လွှတ် ဆုံးရှုံးထားရပြီ ဖြစ်သည်။
ဤသို့သော အခြေအနေတွင် အနုတင်အစိုးရအနေဖြင့် စစ်အာဏာရှင် တဖြစ်လဲ၊ အတုအယောင်တရား မ၀င်ရွေးကောက်ပွဲမှ မိမိကိုယ်မိမိ သမ္မတအဖြစ် နေရာယူထားသည့် မင်းအောင်လှိုင်အား ဖိတ်ခေါ်၍ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခြင်းသည် ထိုင်းနိုင်ငံအတွက် သဲထဲရေသွန်သကဲ့သို့ အကျိုးမဲ့စေမည် ဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိက သွေးကြောဖြစ်သည့် မြဝတီ-မဲဆောက် အာရှလမ်းမကြီး အပါအဝင် နယ်စပ်ဒေသအများစုကို တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားသည်။ စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် မည်သို့ပင် သဘောတူညီချက်များ ရယူပါစေ၊ မြေပြင်တွင် စိုးမိုးထားသည့် တော်လှန်ရေး အင်အားစုများ၏ ခွင့်ပြုချက်မပါဘဲ ကုန်စည်စီးဆင်းမှု ပုံမှန်ဖြစ်ထွန်းရန် လုံးဝ မဖြစ်နိုင်ပေ။ ပြည်သူလူထု ထောက်ခံမှုလည်းမရှိ၊ မြေပြင်တွင် လက်တွေ့အာဏာလည်း မရှိတော့သော စစ်ခေါင်းဆောင်နှင့် ဆွေးနွေးခြင်းသည် လက်တွေ့မကျသော စာရွက်ပေါ်မှ သဘောတူညီချက်သာ ဖြစ်ပါမည်။
ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး မြန်မာစစ်အုပ်စုကို တရားဝင်မှုပေးရန် ကြိုးပမ်းခြင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် အနောက်နိုင်ငံများ၏ စီးပွားရေးဆိုင်ရာ ပြစ်ဒဏ်ခတ်မှုနှင့် စောင့်ကြည့်မှုများကို ထိုင်းနိုင်ငံဘက်သို့ ဦးလှည့်လာစေနိုင်သည်။ ထို့ပြင် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများကို မျက်ကွယ်ပြုသော အနုတင်၏ အစိုးရပုံရိပ်ကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် တွန့်ဆုတ်သွားစေနိုင်ပြီး ခရီးသွားလုပ်ငန်းနှင့် အခြား စီးပွားရေးကဏ္ဍများကိုပါ ရိုက်ခတ်စေမည် ဖြစ်သည်။
စစ်အုပ်အား သံတမန်ရေးအရ ဖေးမကူညီခြင်းကြောင့် မြန်မာပြည်တွင်းရှိ တော်လှန်ရေးစစ်ပွဲများကို ရပ်တန့်နိုင်မည် မဟုတ်သည့် အပြင်၊ စစ်ပွဲများ ပိုမိုပြင်းထန်လာပါက ထိုင်းနိုင်ငံအတွင်းသို့ စစ်ဘေးဒုက္ခသည်များ၊ တရားမဝင် ဝင်ရောက်သူများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု (ငွေလိမ်ဂိိုဏ်း/လူကုန်ကူးမှု) များ ပိုမိုများပြားလာမည် ဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် လူမှုစီးပွားအပေါ် ပိုမိုကြီးမားသော ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်လာစေမည်။
ထိုင်း–မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကသွေးကြောဖြစ်သည့် မြဝတီ–မဲဆောက်လမ်းကြောင်း အပါအဝင် ကုန်စည်စီးဆင်းမှုများသည် မြေပြင်တွင် လက်တွေ့ထိန်းချုပ်သူများ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် များစွာ မူတည်နေသည်။ ယင်းအခြေအနေတွင် စစ်ခေါင်းဆောင်တဦးနှင့် သဘောတူညီချက် ရရှိရုံဖြင့် ကုန်သွယ်ရေးကို ရေရှည်တည်ငြိမ်စွာလည်ပတ်နိုင်မည်ဟု ယူဆခြင်းသည် လက်တွေ့နိုင်ငံရေးအခြေအနေနှင့် မကိုက်ညီပေ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကုန်သွယ်ရေးစာချုပ်များ အပေါ်သာ မူတည်ခြင်းမဟုတ်ဘဲ ဥပဒေစိုးမိုးမှု၊ လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှု ယုံကြည်ချက်နှင့် နိုင်ငံတကာပုံရိပ်တို့ အပေါ်လည်း မူတည်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို မျက်ကွယ်ပြု၍ စစ်အုပ်စုနှင့်သာ နီးကပ်စွာဆက်ဆံခြင်းသည် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများကို လေးစားသည့် ထိုင်းနိုင်ငံ၏ ပုံရိပ်အပေါ် ထိခိုက်မှု ရှိနိုင်သည်။ ထို့အပြင် နိုင်ငံတကာရင်းနှီး မြှုပ်နှံသူများသည် နိုင်ငံရေးအန္တရာယ် (Political Risk) မြင့်မားသည်ဟု ယူဆပါက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှု ရှိလာနိုင်သည်။
အနာဂတ်မြန်မာနိုင်ငံနှင့် ဆက်ဆံရေး
မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်မည်မှာ စစ်အာဏာရှင် မဟုတ်ဘဲ တော်လှန်ရေးအင်အားစုများနှင့် မြန်မာပြည်သူများသာ ဖြစ်သည်။ ပြည်သူများ၏ တော်လှန်ရေးကို မျက်ကွယ်ပြု၍ စစ်ခေါင်းဆောင်နှင့် ပေါင်းသင်းအမြတ်ထုတ်ရန် ကြိုးပမ်းမှုသည် နောင်အနာဂတ်တွင် ပေါ်ထွက်လာမည့် မြန်မာနိုင်ငံသစ်နှင့် ထိုင်းနိုင်ငံအကြား ပြည်သူချင်း ဆက်ဆံရေးနှင့် ချစ်ကြည်ရေး စာမျက်နှာသစ်တွင် ရေရှည်အက်ကြောင်း ထင်သွားစေမည် ဖြစ်သည်။ နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပြီးချိန်တွင် အိမ်နီးချင်းနိုင်ငံများ အကြား ဆက်ဆံရေးသည် အစိုးရ အချင်းချင်းထက် ပြည်သူ အချင်းချင်း ယုံကြည်မှုအပေါ် ပိုမိုအခြေခံ လာတတ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အကျိုးသက်ဆိုင်သူများစွာ တည်ရှိနေသော လက်ရှိအခြေအနေတွင် အင်အားစု တဖွဲ့တည်းနှင့်သာ ဆက်ဆံသည့် မူဝါဒသည် အနာဂတ်တွင် မြန်မာနိုင်ငံ၏ အခြား နိုင်ငံရေးအင်အားစုများနှင့် ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်သည်။
ထိုင်းနိုင်ငံ၏ မြန်မာအပေါ် ထားရှိသည့် မိမိအကျိုးစီးပွားသက်သက်အား အခြေခံသည့် နိုင်ငံခြားရေး မူဝါဒသည် ယခင်ကာလများတွင် အကျိုးရှိခဲ့သော်လည်း၊ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေသည် ယခင်ကာလများနှင့် မတူတော့ပေ။ နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးအာဏာနှင့် စီးပွားရေးလမ်းကြောင်းများ၏ လက်တွေ့အခြေအနေများ ပြောင်းလဲသွားသည့်အတွက် မြန်မာစစ်ခေါင်းဆောင်တဦးနှင့်သာ ဆက်ဆံခြင်းဖြင့် ထိုင်းနိုင်ငံ၏ ရေရှည်စီးပွားရေး၊ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားများကို အပြည့်အဝကာကွယ်နိုင်မည်ဟု ယူဆရန် ခက်ခဲသည်။
ရေရှည်တည်ငြိမ်သော ထိုင်း–မြန်မာဆက်ဆံရေးကို တည်ဆောက်လိုပါက မြေပြင်တွင် လက်တွေ့သက်ရောက်မှုရှိသော သက်ဆိုင်သူများ အားလုံး၏ အခန်းကဏ္ဍကို အသိအမှတ်ပြုသည့်၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဖြေရှင်းမှုကို အားပေးသည့် မူဝါဒသည် ပိုမိုရေရှည်တည်တံ့နိုင်သော ချဉ်းကပ်နည်း ဖြစ်ကြောင်း နိုင်ငံတကာဆက်ဆံရေးအမြင်မှ သုံးသပ်နိုင်ပါသည်။
နိဂုံးချုပ်
ယနေ့ မြန်မာပြည်သူတို့၏ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး တော်လှန်ရေးသည် နောက်ပြန်ဆုတ်ခြင်းမရှိတော့သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် အနုတင်အနေဖြင့် စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်၍ ရေတို စီးပွားရေး အမြတ်ထုတ်ရန် ကြိုးပမ်းခြင်းသည် သမိုင်း၏ မှားယွင်းသောဘက်တွင် ရပ်တည်လိုက်ခြင်းသာ ဖြစ်ပြီး၊ ရေရှည်တွင် ထိုင်းနိုင်ငံအတွက် မည်သည့် သံတမန်ရေး၊ စီးပွားရေးနှင့် လုံခြုံရေး အကျိုးအမြတ်မျှ ရရှိနိုင်မည် မဟုတ်ဘဲ ဆုံးရှုံးနစ်နာမှုများနှင့်သာ ရင်ဆိုင်ရမည်ဖြစ်ပါကြောင်း သုံးသပ် တင်ပြအပ်ပါသည်။