မြန်မာ့အရေးနှင့် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ကစားကွက်များ
သမိုင်းကြောင်း၊ တရုတ်နိုင်ငံ၏ လက်ရှိစစ်အုပ်စုနှင့် ဆက်ဆံရေး၊ နွေဦးတော်လှန်ရေးဆိုင်ရာ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာ ဆက်ဆံရေးများအား သုံးသပ်ချက်
| PDF ဆောင်းပါး ရယူရန် | Read in English | 中文阅读 |
သရုပ်ဖော်ပုံကို AI ဖြင့် ဖန်တီးသည်။
ဆောင်းပါးအနှစ်ချုပ်
သမိုင်းဆိုင်ရာ လက်တွေ့ပကတိအခြေအနေ - တရုတ်နိုင်ငံသည် ကုန်သွယ်ရေး၊ နယ်စပ်ဒေသ တည်ငြိမ် ရေးနှင့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ရရှိရေးတို့အတွက် စစ်အေးခေတ် ဝါဒရေးရာအရ ထောက်ပံ့ပေးမှု မှသည် စစ်အစိုးရများနှင့် လက်တွေ့ကျကျ ထိတွေ့ဆက်ဆံသည့် မူဝါဒသို့ ပြောင်းလဲကျင့်သုံးခဲ့သည်။
စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများ - မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သော မြေရှားသတ္တုများ၊ စွမ်းအင်ပိုက်လိုင်းများနှင့် မလက္ကာရေလက်ကြား အကျပ်အတည်းကို ကျော်လွှားရန် ရည်ရွယ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အတွက် အခြေခံအဆောက်အအုံများကို ထောက်ပံ့ပေးထားသည်။
လုပ်ငန်းလည်ပတ်မှု အနှောင့်အယှက်ဖြစ်ပေါ်ခြင်း - "၁၀၂၇ စစ်ဆင်ရေး" ကြောင့် ကုန်းတွင်း နယ်စပ် ကုန်သွယ်ရေးပမာဏ ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သဖြင့် တရုတ်နိုင်ငံသည် နယ်စပ်ဂိတ် များကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် တိုက်ရိုက် ဆွေးနွေး ညှိနှိုင်းခဲ့ရသည်။
အကျိုးအမြတ်အပေါ် အခြေခံသည့် ထိတွေ့ဆက်ဆံမှု - တရုတ်နိုင်ငံသည် စစ်ကောင်စီအား တရားဝင် ရေရှည်မဟာမိတ်အဖြစ် ရှုမြင်ခြင်းထက် အာဏာကို လက်တွေ့ ထိန်းချုပ်ထားနိုင်သော အုပ်ချုပ်ရေး ကြားခံ အဖြစ်သာ သဘောထားဆက်ဆံသည်။
မဟာဗျူဟာမြောက် ပြောင်းလဲနိုင်ခြေ - ပြည်သူ့ထောက်ခံမှု ရရှိထားသော နွေဦးတော်လှန်ရေး အင်အားစုများကို ထောက်ခံကူညီခြင်းအားဖြင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို အမြစ်ပြတ် ချေမှုန်းနိုင်မည်ဖြစ်သည်။
စာဖတ်ရန် ကြာချိန် - ၉ မိနစ်ခန့်
နိဒါန်း
ပထဝီနိုင်ငံရေးအရ ရှုမြင်ကြည့်ပါက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေး တင်းမာမှုများ သို့မဟုတ် ပဋိပက္ခများ ဖြစ်ပေါ်လာပါက ထောက်ပံ့ရေးကွင်းဆက်များကို ကြံ့ကြံ့ခံ ထိန်းသိမ်းထားနိုင်သည့် ခံနိုင်ရည်ရှိသည့်၊ အရင်းအမြစ်လုံခြုံရေးနှင့် ကာကွယ်ရေးအင်အားကို ပေးစွမ်းနိုင်သည့် မဟာဗျူဟာမြောက် ကုန်းတွင်းဒေသ (Strategic Hinterland) တခု ဖြစ်ပါသည်။ ထို့ပြင် အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ထွက်ပေါက် ပေးနိုင်သည့် တခုတည်းသော အိမ်နီးချင်းနိုင်ငံဖြစ်ခြင်း၊ မြေရှားသတ္တုအပါအ၀င် တရုတ်နိုင်ငံ၏ နည်းပညာမြင့် လုပ်ငန်းများအတွက် လိုအပ်သည့် သတ္တုများ၊ သဘာဝဓာတ်ငွေ့နှင့် သယံဇာတများ ကြွယ်ဝခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် အဓိကနေရာမှ အစဉ်အမြဲ ပါဝင်ခဲ့သည်။ သို့သော် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် မူဝါဒချမှတ်ရာတွင် နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးလမ်းကြောင်းနှင့် မဟာဗျူဟာမြောက် ပထဝီအနေအထားတို့ကြောင့် နိုင်ငံရေးစံနှုန်းများထက် မိမိတို့၏ လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို အခြေပြု၍ တွက်ချက်ဆက်ဆံသည့် ၀ါဒ (Structural Realism) ကို ကျင့်သုံးလျှက်ရှိသည်။
မြန်မာ့အရေးတွင် တရုတ်၏ မဟာဗျူဟာမြောက် ဆက်ဆံရေး နောက်ခံသမိုင်း
သမိုင်းတလျှောက် တရုတ်နိုင်ငံ၏ မြန်မာ့အရေး ပါဝင်ပတ်သက်မှုများကို ယေဘုယျအားဖြင့် ခေတ်သုံးခေတ် ခွဲ၍ လေ့လာနိုင်ပါသည်။
စစ်အေးတိုက်ပွဲ ကာလ (၁၉၄၈ - ၁၉၈၈)
စစ်အေးကာလအတွင်း ကျင့်သုံးခဲ့သည့် မဟာဗျူဟာအဖြစ် တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ကို လက်နက်၊ ရန်ပုံငွေနှင့် နည်းပညာထောက်ပံ့၍ မြန်မာအစိုးရအဆက်ဆက်အား ပြည်တွင်းစစ်ဖြင့် ဖိအားပေးသည့် "အချိုးမညီမျှသောစစ်ပွဲ" (Asymmetric Warfare) ကို ဆင်နွှဲခဲ့သည်။ တပြိုင်နက်တည်းမှာပင် ဦးနုနှင့် ဦးနေဝင်း အစိုးရတို့၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက် (Five Principles of Peaceful Coexistence) အပေါ် အခြေခံသည့် သံတမန်ဆက်ဆံရေး (ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး) ကိုပါ ပူးတွဲ ကျင့်သုံးခဲ့သည်။ ၁၉၄၈–၁၉၈၈ စစ်အေးကာလအတွင်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ ဆိုင်ရာမူဝါဒမှာ တမျိုးတည်းသော မဟာဗျူဟာဟု သတ်မှတ်ရန် ခက်ခဲပါသည်။ အကြောင်းမှာ တရုတ် ပြည်တွင်းနိုင်ငံရေး၊ တရုတ်–ဆိုဗီယက် ပြိုင်ဆိုင်မှု၊ အမေရိကန်၏ အာရှဒေသ မူဝါဒနှင့် မြန်မာအစိုးရ၏ နိုင်ငံခြားရေး မူဝါဒတို့ အပေါ် မူတည်ကာ ၎င်း၏ မူဝါဒကို ပြောင်းလဲကျင့်သုံးခဲ့သောကြာင့် ဖြစ်သည်။ လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်တွင် တည်ထောင်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ပထမဆုံး အသိအမှတ်ပြုခဲ့သည့် ကွန်မြူနစ်မဟုတ်ေသာ နိုင်ငံ ဖြစ်သည်။
၁၉၄၈–၁၉၆၀
ဤကာလအတွင်း ထားရှိသည့် တရုတ်၏ မဟာဗျူဟာတွင် အဓိကအားဖြင့် ဒေသတွင်းရှိ ကွန်မြူနစ် တော်လှန်ရေးများကို အားပေးခြင်း၊ အမေရိကန်နှင့် အနောက်အုပ်စုက အာရှဒေသအတွင်း တိုးချဲ့ လွှမ်းမိုးလာ မှုကို တုံ့ပြန်ခြင်း၊ မြန်မာ–တရုတ်နယ်စပ်တွင် လုံခြုံရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းတို့ ပါဝင်ခဲ့သည်။ ဤမူဝါဒသည် တော်လှန်ရေးအယူဝါဒနှင့် နယ်စပ်လုံခြုံရေးကို ပေါင်းစပ်ရန် ကြိုးစားသည့် မူဝါဒဟု ဆိုနိုင်သည်။ သို့သော် မြန်မာနိုင်ငံ၏ ဘက်မလိုက်နိုင် ငံခြားရေးမူဝါဒ (Non-alignment Policy) နှင့် တရုတ်၏ အထက်ပါ မူဝါဒ တို့သည် အမြဲတစေ သဟဇာတ မဖြစ်ခဲ့ပါ။
၁၉၆၀–၁၉၇၀
ဤကာလသည် တရုတ်-မြန်မာ ဆက်ဆံရေးတွင် အထူး အရေးကြီးသော ကာလ ဖြစ်ခဲ့သည်။ တရုတ်–မြန်မာ အဓိကရုဏ်း ဖြစ်ပွားခဲ့သည့် ၁၉၆၇ ခုနှစ်နှင့် တရုတ်ပြည်၏ ယဉ်ကျေးမှုတော်လှန်ရေးကာလ (၁၉၆၆-၁၉၇၆) တို့တွင် နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားခဲ့သည်။ ထို့အပြင် တရုတ်သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အား နိုင်ငံရေး၊ စစ်ရေးနှင့် ပစ္စည်းပိုင်းဆိုင်ရာ အထောက်အပံ့များ ပေးခဲ့သည်။ အထူးသဖြင့် ၁၉၆၈ ခုနှစ်မှ စတင်ကာ ဗကပ၏ မြန်မာနိုင်ငံအတွင်း စစ်ရေးလှုပ်ရှားမှုများအတွက် အထောက်အပံ့များကို သိသိသာသာ တိုးမြှင့်ပေးခဲ့သည်။ ဤဖြစ်ရပ်ကြောင့် မြန်မာနှင့် တရုတ်အစိုးရတို့ အကြားရှိ ဆက်ဆံရေး ထိခိုက်ခဲ့ပြီး၊ တရုတ်၏ ရေရှည်မဟာဗျူဟာအတွက်လည်း ပြဿနာများ ဖြစ်ပေါ် စေခဲ့သည်။
၁၉၇၀ ပြည့်လွန်နှစ်များ
၁၉၇၀ ပြည့်လွန်နှစ်များတွင် တရုတ်သည် ၎င်း၏ မြန်မာဆိုင်ရာ မူဝါဒကို တဖြည်းဖြည်း ပြန်လည် ပြင်ဆင် လာခဲ့သည်။ အထူးသဖြင့် ၁၉၇၁ ခုနှစ် တရုတ်–မြန်မာ သံတမန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခြင်းနှင့် ၁၉၇၈ ခုနှစ် တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် (Deng Xiaoping) ၏ မြန်မာနိုင်ငံခရီးစဉ်တို့သည် မူဝါဒ ပြောင်းလဲမှု၏ အရေးကြီးသော သော့ချက်များ ဖြစ်ခဲ့သည်။
ဤကာလတွင် တရုတ်၏ မဟာဗျူဟာသည် “အယူဝါဒအခြေပြု တော်လှန်ရေးထောက်ပံ့မှု” မှသည် “လက်တွေ့အကျိုးစီးပွားကို အခြေပြုသည့် အစိုးရချင်း ပုံမှန်ဆက်ဆံရေး” သို့ ရွေ့လျားလာခဲ့သည်။ တရုတ်သည် မြန်မာအစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် ကြိုးပမ်းသကဲ့သို့ ဗကပနှင့်လည်း တစိတ်တပိုင်း ဆက်နွယ်မှု များကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ တရုတ်၏ ထိုမူဝါဒသည် အစိုးရနှင့် ပုံမှန် ဆက်ဆံချိန်တွင် နယ်စပ်ရှိ အစိုးရဆန့်ကျင်ရေး အင်အားစုများအပေါ်တွင်လည်း သြဇာလွှမ်းမိုးထားနိုင်သည့် လှေနံနှစ်ဖက်နင်းထားသည့် မူဝါဒ ဖြစ်သည်။
နဝတနှင့် နအဖ စစ်အစိုးရခေတ် ကာလ (၁၉၈၈–၂၀၁၀)
၁၉၈၈–၂၀၁၀ ခုနှစ် နဝတ (SLORC) နှင့် နအဖ (SPDC) စစ်အစိုးရခေတ်သည် တရုတ်–မြန်မာ ဆက်ဆံရေး သမိုင်းတွင် အရေးအကြီးဆုံး ကာလများအနက် တခု ဖြစ်ခဲ့သည်။ ဤကာလတွင် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ၊ သံတမန်ရေးဖိအားများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာအထီးကျန်မှု တိုးမြင့်လာခြင်း တို့ကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက နိုင်ငံရေး၊ စီးပွားရေးနှင့် မဟာဗျူဟာမိတ်ဖက် အဖြစ် ထင်ရှားလာခဲ့သည်။ တရုတ်၏ ဤမူဝါဒကို "လက်တွေ့ကျသော မဟာဗျူဟာမြောက် မိတ်ဖက်မူဝါဒ" (Pragmatic Strategic Partnership) ဟု မှတ်ယူနိုင်သည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို စစ်တပ်ကအကြမ်းဖက် နှိမ်နင်းပြီးနောက် အမေရိကန်၊ ဥရောပ သမဂ္ဂ (EU)၊ ကနေဒါ၊ ဩစတြေးလျတို့က စစ်အစိုးရအပေါ် စီးပွားရေးနှင့် သံတမန်ရေး အရေးယူမှုများ ချမှတ်ခဲ့သည်။ အထူးသဖြင့် စစ်လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ အစိုးရအရာရှိများကို ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ခြင်း၊ ငွေကြေးအကူအညီ ရပ်ဆိုင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ နှင့် ဆက်ဆံရေး အလွန်အမင်း ကျဆင်းခဲ့သည်။ ဤအခြေအနေကို တရုတ်နိုင်ငံက မဟာဗျူဟာအခွင့်အလမ်း အဖြစ် မြင်ခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒီမိုကရေစီဖိနှိပ်မှုများကြောင့် မြန်မာစစ်အစိုးရကို အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက ဖိအားပေးခဲ့ကြသည်။ ဤအခြေအနေတွင် တရုတ်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားကြောင်း အလေးပေး ပြသခဲ့သည်။ "ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ရေးမူ" ကို ကိုင်စွဲခဲ့သည်။ မြန်မာစစ်အစိုးရအား အရေးယူရန် ကြိုးပမ်းမှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ တားဆီးပေးခဲ့သည်။ စစ်အစိုးရ၏ နိုင်ငံတကာတရားဝင်မှု (legitimacy) ကို တစိတ်တပိုင်း ထောက်ပံ့ပေးခဲ့သည်။ တရုတ်၏ အဓိက ရပ်တည်ချက်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို မြန်မာပြည်သူ များကိုယ်တိုင် ဖြေရှင်းသင့်ပြီး ပြင်ပနိုင်ငံများက ဖိအားမပေးသင့် ဟူသော အယူအဆဖြစ်သည်။ ဤမူဝါဒ ကြောင့် စစ်အစိုးရသည် တရုတ်ကိုယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ် ပိုမို အားထားလာခဲ့သည်။
၁၉၈၉ ခုနှစ်နောက်ပိုင်း၌ တရုတ်သည် မြန်မာစစ်တပ်၏ အကြီးဆုံး လက်နက်ပေးသွင်းသူ ဖြစ်လာခဲ့သည်။ တရုတ်မှ ပေးပို့ခဲ့သည့် စစ်လက်နက်များတွင် F-7 တိုက်လေယာဉ်များ၊ A-5 တိုက်လေယာဉ် များ၊ Type-59 နှင့် Type-69 တင့်ကားများ၊ အမြောက်ကြီးများ၊ ရေတပ်သင်္ဘောများ၊ ရေဒါနှင့် ဆက်သွယ်ရေးစနစ်များ ပါဝင်သည်။ ဤလက်နက်များကြောင့် မြန်မာစစ်တပ်သည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တပ်အင်အားနှင့် စစ်ရေး စွမ်းရည်ကို သိသိသာသာ တိုးချဲ့နိုင်ခဲ့သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံသည် တရုတ် အပေါ် စီးပွားရေးအရ ပိုမို မှီခိုလာခဲ့သည်။ တရုတ်သည် နယ်စပ်ကုန်သွယ်ရေးကို တိုးချဲ့ခဲ့သည်။ အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ လျှပ်စစ်စွမ်းအင်၊ သတ္တုတူးဖော်ရေးနှင့် သစ်ထုတ်လုပ် ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည်။ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းကို စီးပွားရေးအရ ချိတ်ဆက် ခဲ့သည်။ ဤကာလတွင် မြန်မာနိုင်ငံသည် တရုတ်၏ အဓိကကုန်သွယ်ဖက်နိုင်ငံများထဲမှ တနိုင်ငံဖြစ်လာခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးနောက် UWSA၊ NDAA (Mongla)၊ KIA နှင့် အခြား နယ်စပ် အခြေစိုက်အဖွဲ့များ ပေါ်ထွက်လာခဲ့သည်။ တရုတ်သည် စစ်အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်း ထားသကဲ့သို့ နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များအပေါ် သက်ရောက်သည့် သြဇာအရှိန်အဝါကိုလည်း ဆက်လက် ထိန်းသိမ်းခဲ့သည်။ အဓိကရည်ရွယ်ချက်များမှာ နယ်စပ်ကုန်သွယ်ရေး၊ ယူနန်ပြည်နယ် လုံခြုံရေးနှင့် ဒုက္ခသည် များ မဝင်ရောက်လာစေရေးတို့ ဖြစ်သည်။ အစိုးရနှင့်လည်းဆက်ဆံ၊ နယ်စပ်အင်အားစုများနှင့်လည်း ဆက်ဆံ သည့် မဟာဗျူဟာဟု မှတ်ယူနိုင်သည်။
တရုတ်၏ အရေးကြီးဆုံး ရေရှည်မဟာဗျူဟာတခုမှာ "အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရှိရေး" ဖြစ်သည်။ တရုတ်၏ စီးပွားရေးနှင့် စွမ်းအင်တင်သွင်းမှု အများစုသည် မလက္ကာရေလက်ကြား (Malacca Strait) ကို ဖြတ်သန်းရသည်။ မလက္ကာရေလက်ကြားကို အလွန်အမင်း မှီခိုနေရခြင်း၊ အမေရိကန်ရေတပ်၏ သြဇာလွှမ်းမိုးမှု အောက်တွင် ရှိနေရခြင်းတို့သည် တရုတ်အတွက် လုံခြုံရေးစိုးရိမ်မှုများ ဖြစ်စေခဲ့သည်။ ထို့ကြောင့် မြန်မာ နိုင်ငံကို အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်၊ စွမ်းအင်လမ်းကြောင်းနှင့် မဟာဗျူဟာမြောက် ချိတ်ဆက်မှု လမ်းကြောင်းအဖြစ် ရှုမြင်ခဲ့သည်။ မြန်မာနိုင်ငံကို “မဟာဗျူဟာမြောက် ထွက်ပေါက်" (Strategic Gateway) အဖြစ် ရှုမြင်ခဲ့သည်။
တရုတ်၏ မြန်မာမူဝါဒသည် ၂၀၀၀ ပြည့်လွန်နှစ်များ အတွင်း စွမ်းအင်ကဏ္ဍကို ဗဟိုပြုလာသည်။ အထူးသဖြင့် ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများနှင့် ကျောက်ဖြူ ရေနက် ဆိပ်ကမ်းတို့သည် တရုတ်၏ မဟာဗျူဟာအကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်စပ်လာခဲ့သည်။ ထို့ကြောင့် မြန်မာ နိုင်ငံသည် တရုတ်၏ စွမ်းအင်လုံခြုံရေးမဟာဗျူဟာတွင် အရေးပါသော နေရာတခု ဖြစ်လာခဲ့သည်။
၁၉၈၈–၂၀၁၀ နဝတ/နအဖ ခေတ်အတွင်း တရုတ်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် "ကမ္ဘာ့နိုင်ငံရေးတွင် စစ်အစိုးရကို အကာအကွယ်ပေးခြင်း၊ စီးပွားရေးနှင့် စစ်ရေးအထောက်အပံ့များ ပေးခြင်း၊ နယ်စပ်တည်ငြိမ်ရေး ကို ထိန်းသိမ်းခြင်းနှင့် အိန္ဒိယသမုဒ္ဒရာသို့ မဟာဗျူဟာမြောက် ထွက်ပေါက်ရရှိရေး" တို့ကို အဓိက ရည်ရွယ် သည့် လက်တွေ့ဆန်သော မူဝါဒဖြစ်သည်။ ထိုမူဝါဒ၏ အခြေခံအုတ်မြစ်မှာ အယူဝါဒထက် တရုတ်၏ ရေရှည် ပထဝီနိုင်ငံရေးနှင့် စွမ်းအင်လုံခြုံရေး အကျိုးစီးပွားများ ဖြစ်ခဲ့သည်။ တရုတ်သည် မြန်မာစစ်အစိုးရ၏ နိုင်ငံရေး စနစ်ကို အယူဝါဒအရ ထောက်ခံခဲ့ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ နယ်စပ်လုံခြုံရေး၊ စွမ်းအင်လုံခြုံရေးနှင့် ဒေသတွင်း အင်အားချိန်ခွင်လျှာတို့ကို အဓိကထားခြင်း ဖြစ်ခဲ့သည်။ ထို့ကြောင့် ဤကာလ အတွင်း တရုတ်၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို “အနောက် နိုင်ငံများ၏ ဖိအားကြောင့် အထီးကျန်လာသော မြန်မာ စစ်အစိုးရနှင့် လက်တွေ့ကျသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ကာ၊ စစ်ရေး၊ စီးပွား ရေးနှင့် ပထဝီနိုင်ငံရေးအကျိုးစီးပွားများကို တပြိုင်နက်တည်း ရယူသည့် မူဝါဒ” ဟု အကျဉ်းချုပ် သုံးသပ်နိုင် ပါသည်။
ဤမူဝါဒကို ၂၀၁၁–၂၀၂၀ ဒီမိုကရေစီ အကူးအပြောင်းကာလတွင် တရုတ်က NLD အစိုးရနှင့် ဆက်ဆံရာ၌ လည်း အခြေခံအုတ်မြစ် အဖြစ် ဆက်လက် ကျင့်သုံးခဲ့ပြီး၊ ၂၀၂၁ နောက်ပိုင်း စစ်အာဏာသိမ်းကာလတွင် တရုတ် ၏ “ဘက်ပေါင်းစုံဆက်ဆံရေး” မူဝါဒကို နားလည်ရန်လည်း အရေးပါသော သမိုင်းနောက်ခံ တရပ် ဖြစ်ခဲ့ပါသည်။
ဒီမိုကရေစီအ သွင်ကူးပြောင်းရေး အစပျိုးကာလ (၂၀၁၁–၂၀၂၀)
၂၀၁၁–၂၀၂၀ ခုနှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစပျိုးကာလတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် ယခင် ၁၉၈၈–၂၀၁၀ ကာလကဲ့သို့ စစ်အစိုးရတရပ်တည်းကို အားထားသည့် မူဝါဒမှ ပြောင်းလဲကာ အကျိုးစီးပွားအခြေပြု လက်တွေ့ဆန်သော ထိတွေ့ဆက်ဆံရေး (Interest-based Pragmatic Engagement)၊ စီးပွားရေးနှင့် မဟာဗျူဟာမြောက် ချိတ်ဆက်မှု၊ နယ်စပ်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြားဝင် ညှိနှိုင်းမှုတို့ကို ပေါင်းစပ် အသုံးပြုလာသည့် ကာလဟု ယေဘုယျအားဖြင့် သတ်မှတ်နိုင်သည်။
သမ္မတဦးသိန်းစိန် အစိုးရက နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်လာခဲ့ပြီး နိုင်ငံရေး ပုံရိပ်တည်ဆောက်မှုအဖြစ် မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခံရမှုကြောင့် တရုတ်သည် စစ်တပ် တခုတည်းအပေါ် ပုံအောသည့် မူဝါဒကို စွန့်လွှတ်ခဲ့သည်။ "စွန့်စားရမှုကို ကာကွယ်သည့် ဗျူဟာ" (Hedging Strategy) ကို အသုံးပြု၍ ဘက်အသီးသီးနှင့် ဆက်ဆံရန် သဘောပေါက်ခဲ့သော တရုတ်နိုင်ငံသည် မြန်မာအစိုးရနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း စစ်အစိုးရခေတ်ကဲ့သို့ အစိုးရတရပ်တည်းကိုသာ အားကိုးခြင်း မပြုတော့ဘဲ NLD၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြား နိုင်ငံရေးအင်အားစုများနှင့်ပါ ဆက်သွယ်မှုများ တိုးချဲ့လာခဲ့သည်။ ထို့ကြောင့် တရုတ်၏ ဤမူဝါဒကို "အင်အားစု အများအပြားနှင့် တပြိုင်နက် ထိတွေ့ဆက်ဆံသည့် မူဝါဒ“ (Multi-track Engagement) ဟု ရှုမြင်နိုင်သည်။
၂၀၁၁–၂၀၂၀ ကာလတွင် တရုတ်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဆိုင်ရာ အဓိက အခြေခံတခုမှာ စီးပွားရေးနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများကို ကာကွယ်ရန် ဖြစ်သည်။ အထူးသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်–မြန်မာ စီးပွားရေးစင်္ကြံ၊ နယ်စပ်ကုန်သွယ်ရေး၊ သတ္တုနှင့် သဘာဝသယံဇာတများ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး စသည်တို့သည် တရုတ်အတွက် အရေးပါသော အကျိုးစီးပွားများ ဖြစ်လာခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်မှ အိန္ဒိယသမုဒ္ဒရာဘက်သို့ တိုက်ရိုက်ချိတ်ဆက်နိုင်သည့် မြန်မာနိုင်ငံ၏ ပထဝီအနေအထားသည် တရုတ်၏ မဟာဗျူဟာ တွက်ချက်မှုတွင် အရေးပါခဲ့သည်။
၂၀၁၃ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ Belt and Road Initiative (BRI) စတင်ပြီးနောက် မြန်မာနိုင်ငံသည် တရုတ်၏ အနောက်တောင်ဘက် စီးပွားရေးချိတ်ဆက်မှုအတွက် ပိုမို အရေးပါလာသည်။ အထူးသဖြင့် China–Myanmar Economic Corridor (CMEC) အယူအဆသည် ၂၀၁၇–၂၀၁၈ ခုနှစ်များတွင် ပိုမိုထင်ရှားလာပြီး၊ ယူနန်–မြန်မာ–အိန္ဒိယသမုဒ္ဒရာ ချိတ်ဆက်မှုကို အားကောင်းစေရန် ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် တရုတ်၏ မြန်မာမူဝါဒသည် သာမန် “အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေး” ကို ကျော်လွန်၍ "ဒေသတွင်း ပထဝီစီးပွားရေး မဟာဗျူဟာ (Geo-economics Strategy) ၏ အစိတ်အပိုင်းတခု ဖြစ်လာခဲ့သည်။ ဤကာလ၏ ထူးခြားချက်တခုမှာ တရုတ်သည် မြန်မာ့ပြည်တွင်း တိုင်းရင်းသားပဋိပက္ခနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပိုမိုတက်ကြွစွာ ပါဝင်လာခြင်းဖြစ်သည်။ အကြောင်းရင်းမှာ မြန်မာပြည်တွင်းစစ်သည် တရုတ်– မြန်မာ နယ်စပ်ဒေသများသို့ တိုက်ရိုက်သက်ရောက်နိုင်သောကြောင့် ဖြစ်သည်။ တိုက်ပွဲများကြောင့် တရုတ်ဘက် သို့ ဒုက္ခသည်များ ဝင်ရောက်လာခြင်း၊ နယ်စပ်ကုန်သွယ်ရေး ထိခိုက်ခြင်းနှင့် တရုတ်နိုင်ငံသားများ၊ စီးပွားရေး လုပ်ငန်းများ၏ လုံခြုံရေးအား ထိခိုက်ခြင်းတို့ကို တရုတ်က အထူးစိုးရိမ်ခဲ့သည်။ ထို့ကြောင့် တရုတ်သည် ယခင် က ထားရှိခဲ့သည် "ဝင်ရောက်စွက်ဖက်ခြင်း မပြုရေး မူဝါဒ" ကို အပြည့်အဝ ကျင့်သုံးခြင်း မရှိဘဲ၊ ကြားဝင် ညှိနှိုင်းပေးသူ အဖြစ် ပါဝင်လာခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့ကာ ၂၀၁၆ ခုနှစ်တွင် အစိုးရ ဖွဲ့စည်းပြီးနောက် တရုတ်သည် NLD အစိုးရနှင့်လည်း နီးကပ်စွာ ဆက်ဆံခဲ့သည်။ အထူးသဖြင့် ၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် တရုတ် နိုင်ငံသို့ သွားရောက်ခဲ့ခြင်း၊ ၂၀၁၇ နှင့် ၂၀၁၉ ခုနှစ်များတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက် ခဲ့ခြင်းတို့သည် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးပါသော အဆင့်များ ဖြစ်သည်။ ဤအချက်က တရုတ်သည် အာဏာရပါတီ တခုတည်းကိုထောက်ခံခြင်းထက် မည်သူ အာဏာရလာသည် ဖြစ်စေ၊ တရုတ်၏ ရေရှည်အ ကျိုးစီးပွားကို ထိန်းသိမ်းနိုင်ရန် ဆက်ဆံရေး တည်ဆောက်သည့် မူဝါဒကို ကျင့်သုံးခဲ့ကြောင်း ပြသသည်။
၂၀၁၇ ခုနှစ် ရခိုင်အရေးနှင့် နောက်ပိုင်းကာလများတွင် တရုတ်သည် မြန်မာအစိုးရအပေါ် အနောက်နိုင်ငံများ ကဲ့သို့ ပြင်းထန်သော ဖိအားပေးမှုများ မပြုခဲ့ဘဲ နိုင်ငံတော်အချုပ်အခြာအာဏာကို လေးစားရေး၊ ပြည်တွင်းရေး၌ ဝင်ရောက် စွက်ဖက်မှု မပြုရေးနှင့် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရေးတို့ကို အလေးထားခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင်လည်း တရုတ်၏ ရပ်တည်ချက်သည် မြန်မာအစိုးရအပေါ် ပြင်းထန်သော အရေးယူမှုများ မဖြစ်ပေါ်စေရန် အရေးပါခဲ့သည်။ ထိုအချက်သည် တရုတ်၏ "လက်တွေ့ကျပြီး အချုပ်အခြာအာဏာအား မျက်နှာပြုသည့် သံတမန်ရေး (Realist/Sovereignty-oriented Diplomacy) ကျင့်သုံးမှုကို ထင်ရှားစွာ ပြသခဲ့သည်။
၂၀၁၁–၂၀၂၀ ကာလတွင် ကျင့်သုံးခဲ့သည့် တရုတ်၏ မြန်မာမူဝါဒကို မြန်မာ့ပြည်အတွင်း အခြေအနေများဖြင့် သာ ရှင်းပြ၍ မရဘဲ အမေရိကန်–တရုတ် မဟာဗျူဟာ ပြိုင်ဆိုင်မှု၏ အစိတ်အပိုင်းအဖြစ်လည်း လေ့လာရန် လိုအပ်သည်။ မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်၊ ယူနန်အတွက် အနောက် တောင်ဘက် ကုန်သွယ်ရေးလမ်းကြောင်း၊ အမေရိကန်နှင့် မဟာမိတ်များ၏ ဒေသတွင်းသြဇာကို ချိန်ညှိနိုင်သည့် မဟာဗျူဟာမြောက် အိမ်နီးချင်းနိုင်ငံအဖြစ် အရေးပါလာခဲ့သည်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုမတိုင်မီနှင့် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေ
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ (NLD အစိုးရလက်ထက်) စစ်အာဏာသိမ်းမှု မတိုင်မီ အခြေအနေ (၂၀၁၅-၂၀၂၀) တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံနှင့် ဒုတိယ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ ဖြစ်ခဲ့သည်။ ကုန်သွယ်မှုပမာဏအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံ စုစုပေါင်း ကုန်သွယ်မှုပမာဏသည် ကုန်းလမ်း နယ်စပ်ကုန်သွယ်မှုနှင့် ရေကြောင်းကုန်သွယ်မှုတို့ အပါအဝင် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံကျော် အထိ ရှိခဲ့သည်။ နယ်စပ်ကုန်သွယ်မှုတွင် အဓိက နယ်စပ် ကုန်သွယ်ရေးဂိတ်များ ဖြစ်ကြသော မူဆယ်-ရွှေလီ ကုန်သွယ်ရေးစခန်း၊ ချင်းရွှေဟော်-ကျင်မား/ပန်ဝါဂိတ်၊ လွယ်ဂျယ်ဂိတ်၊ ကန်ပိုက်တီ၊ မိုင်းလား-ဒလာယိုနှင့် အခြား ဂိတ်ငယ်များဖြစ်သည့် ပန်ဆိုင်း (ကြူကုတ်) - ဝမ်တိန်၊ မုန်းကိုး၊ နမ့်ခမ်း (နောင်တောက်) နှင့် ပန်ဆန်း (ပန်ခမ်း) စသည့် ဒေသန္တရ နယ်စပ်ဖြတ်သန်းရေးနှင့် ကုန်သွယ်ရေးဂိတ်များမှ ကုန်သွယ်မှုများ စဥ်ဆက်မပြတ် ရှိခဲ့သည်။
မူဆယ်-ရွှေလီ ကုန်သွယ်ရေးစခန်းသည် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် အရေးအပါဆုံးနှင့် အကြီးမားဆုံး အဓိကဂိတ် ဖြစ်ပြီး နမ့်တောင်း၊ မန့်ဝိန်း၊ ကျင်စန်းကျော့နှင့် စင်ဖြူ စသည့် ဝင်ပေါက်ခွဲ များ ပါဝင်သည်။
ချင်းရွှေဟော်-ကျင်မား/ပန်ဝါဂိတ်သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသဘက်တွင် တည်ရှိပြီး တရုတ်နိုင်ငံ ကျင်မား (Qingshuihe) ဘက်သို့ ကုန်စည်များ တင်ပို့ရာတွင် အဓိကကျသော ကုန်သွယ်ရေးစခန်း ဖြစ်သည်။
လွယ်ဂျယ်ဂိတ်သည် ကချင် ပြည်နယ်နှင့် တရုတ်နိုင်ငံ ဇန်ဖုန်း (Zhangfeng) ကို ချိတ်ဆက်ပေးသော ကချင်ဒေသ၏ အဓိက နယ်စပ် ကုန်သွယ်ဂိတ်တခု ဖြစ်သည်။
ကန်ပိုက်တီဂိတ်သည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ဘက်တွင် တည်ရှိပြီး တရုတ်နိုင်ငံဘက်သို့ ပို့ကုန် နှင့် သွင်းကုန်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် အဓိကဂိတ် ဖြစ်သည်။
မိုင်းလား-ဒလာယိုဂိတ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) နှင့် တရုတ်နိုင်ငံ ဒလာယို (Daluo) တို့ကို ချိတ်ဆက်ထားသည့် နယ်စပ်ကုန်သွယ်ရေးဂိတ် ဖြစ်သည်။ ထိုနယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် မြန်မာနိုင်ငံ၏ စုစုပေါင်း နယ်စပ်ကုန်သွယ်မှု၏ ၅၀% ကျော်ကို တရုတ်နိုင်ငံနှင့် ပြုလုပ်ခဲ့ပြီး မူဆယ်စခန်း တခုတည်းမှပင် တရက်လျှင် ဒေါ်လာ ၁၅ သန်းမှ သန်း ၂၀ အထိ ကုန်သွယ်မှု ရှိခဲ့သည်။ အဓိက ပို့ကုန်/သွင်းကုန်များအဖြစ် မြန်မာက ဆန်၊ ပဲ၊ ပြောင်း၊ ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းနှင့် မြေရှားသတ္တုများ တင်ပို့ပြီး တရုတ်ထံမှ စက်ပစ္စည်း၊ အထည်အလိပ်ကုန်ကြမ်း၊ လျှပ်စစ်ပစ္စည်းနှင့် ဆောက်လုပ်ရေးပစ္စည်းများကို တင်သွင်းခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းများအဖြစ် ၂၀၂၀ ခုနှစ် မတိုင်မီအထိ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း စုစု ပေါင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ဒေါ်လာ ၂၁ ဘီလီယံကျော် (မြန်မာ့ စုစုပေါင်း FDI ၏ ၂၆% ခန့်) ရှိခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံခရီးစဉ်အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းအောက်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မူဆယ်-မန္တလေး ရထားလမ်း၊ ရန်ကုန်မြို့သစ် စီမံကိန်းနှင့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ အပါအဝင် သဘောတူညီချက် ၃၃ ခုကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ထိုသို့သော ပြည်သူ့အစိုးရခေတ်၏ တည်ငြိမ်မှုကြောင့် မိမိနိုင်ငံအတွက် အကျိုးဖြစ်ထွန်း ခဲ့သည်ကို တရုတ်နိုင်ငံသည် ယနေ့အချိန်ထိ မမေ့နိုင်သေးပေး။ ထို့ကြောင့်ပင် NLD ပါတီအား ဖျက်သိမ်းပစ်ရန် ကြိုးစားသော စစ်ကောင်စီအား အမြဲတစေ တားမြစ်ကာ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အလေးထားကြောင်း စစ်ကောင်စီနှင့် တွေ့ဆုံသည့် အချိန်တိုင်းတွင် တရုတ်သည် အမြဲ ပြသခဲ့သည်။ တရုတ်နိုင်ငံ သည် NLD ပါတီနှင့် ဆက်ဆံရေးလမ်းကြောင်းကိုလည်း ယခုအထိ ဖွင့်ထားနေဆဲ ဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှု၊ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု၊ ပြည်တွင်းစစ်နှင့် ၂၀၂၃ အကုန်တွင် စတင်ခဲ့သော "၁၀၂၇ စစ်ဆင်ရေး" တို့ကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှု လမ်းကြောင်းများ ပြင်းထန်စွာ ထိခိုက်ခဲ့သည်။
စစ်အာဏာသိမ်းမှု အစောပိုင်းနှင့် ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နယ်စပ် ဂိတ်များပိတ်ခဲ့ရပြီး နှစ်နိုင်ငံ ကုန်သွယ်မှုသည် ဒေါ်လာ ၈.၅ ဘီလီယံခန့်သို့ လျော့ကျသွားခဲ့သည်။ "၁၀၂၇ စစ်ဆင်ရေး" (၂၀၂၃-၂၀၂၄) အတွင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကမ်ပိုက်တီ စသည့် တရုတ်-မြန်မာ အဓိက နယ်စပ်ကုန်သွယ်ရေးဂိတ် အားလုံးနီးပါးကို ထိန်းချုပ်လိုက်သဖြင့် စစ်ကောင်စီ၏ ကုန်းလမ်းနယ်စပ်ကုန်သွယ်ရေးယန္တရား ၇၀% မှ ၈၀% အထိ ရပ်ဆိုင်းသွားခဲ့သည်။ တရုတ်၏ မဟာဗျူဟာမြောက် စီးပွားရေးလမ်းကြောင်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် နယ်စပ်ဒေသကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၏ အခန်းကဏ္ဍသည် မရှိမဖြစ် အရေးပါလာ ခဲ့သည်။ မူဆယ်နှင့် ချင်းရွှေဟော်ဂိတ်များ ပိတ်ဆို့သွားသဖြင့် စစ်ကောင်စီသည် ရန်ကုန်မှတဆင့် ပင်လယ် ရေကြောင်းအားဖြင့် တရုတ်သို့ ကုန်စည်ပို့ဆောင်သည့် လမ်းကြောင်းဖြင့် အစားထိုး ပြောင်းလဲခဲ့ရသည်။
၁၀၂၇ စစ်ဆင်ရေး၏ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးနှင့် တရုတ်နိုင်ငံ၏ ပထဝီစီးပွားရေး အကျိုးစီးပွားများအပေါ် ရိုက်ခတ်မှု
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် မြန်မာနိုင်ငံမြောက်ပိုင်း စစ်ရေးနှင့် နိုင်ငံရေးအခင်းအကျင်းကို သာမက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် တရုတ်နိုင်ငံ၏ ပထဝီစီးပွားရေး အကျိုးစီးပွားများကိုပါ သမိုင်းဝင် ရိုက်ခတ် ပြောင်းလဲသွားစေခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး မတိုင်မီက ရှမ်းမြောက်ဒေသသည် တရုတ်-မြန်မာ ကုန်းလမ်း နယ်စပ်ကုန်သွယ်မှု၏ ၇၀% မှ ၈၀% အထိ စီးဆင်းရာ အဓိက အသက်သွေးကြော ဖြစ်ခဲ့ပါသည်။ သို့သော် စစ်ဆင်ရေးအစပိုင်းမှာပင် အောက်ပါ အဓိကဂိတ်များကို ညီနောင်မဟာမိတ် ၃ ဖွဲ့ က ထိန်းချုပ်လိုက်သည်။
တရုတ်-မြန်မာ ဒုတိယအကြီးဆုံး နယ်စပ်ဂိတ်ဖြစ်သော ချင်းရွှေဟော်ဂိတ်ကို စစ်ဆင်ရေး စတင်ပြီး ရက်ပိုင်းအတွင်း MNDAA က လုံးဝ ထိန်းချုပ်လိုက်သည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်သော မူဆယ် ၁၀၅ မိုင် စီးပွားရေးဇုန်သည် လမ်းကြောင်းများ ပိတ်ဆို့သွားသဖြင့် စစ်ကောင်စီ၏ အခွန်ကောက်ခံမှုနှင့် ကုန်သွယ်ရေး ယန္တရား ရပ်ဆိုင်းသွားသည်။
ကြူကုတ် (ပန်ဆိုင်း) နှင့် မုန်းကိုး တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ အားလုံး ပြတ်တောက်သွားခဲ့သည်။ နယ်စပ်ဂိတ်များ ပိတ်ဆို့သွားမှုကြောင့် နှစ်နိုင်ငံ ကုန်းလမ်းကုန်သွယ်မှုမှ တရက်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းမှ ၁၅ သန်းခန့် ထိခိုက်ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီအတွက် နှစ်စဉ် ရရှိနေသည့် အခွန်ဘဏ္ဍာငွေ ဒေါ်လာသန်းပေါင်းများစွာ လျော့ကျသွားခဲ့သည်။
တရုတ်နိုင်ငံ၏ "ရပ်ဝန်းနှင့် လမ်းကြောင်း" (BRI) အောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) သည် ရှမ်းမြောက်ဒေသကို ဖြတ်သန်းသွားရသဖြင့် ၁၀၂၇ စစ်ဆင်ရေး၏ တိုက်ရိုက် ရိုက်ခတ်မှုကို ခံခဲ့ရသည်။ ရွှေလီ၊ ဝမ်တိန်နှင့် ချင်းရွှေဟော်နယ်စပ်ရှိ တရုတ်စက်ရုံ၊ ကုန်ဂိုဒေါင်နှင့် ပို့ကုန်/သွင်းကုန် ကုမ္ပဏီများစွာ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။
သို့ရာတွင် တရုတ်အတွက် အပြုသဘောဆောင်သည့် ရလဒ်လည်း ရှိခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေး၏ အဓိက အကျိုးကျေးဇူး တခုမှာ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် လောက်ကိုင်/ကိုးကန့်ဒေသရှိ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် ၎င်းတို့ကို ကျောထောက်နောက်ခံပေးထားသည့် စစ်ကောင်စီ၏ ပြည်သူ့စစ် အမည်ခံ ရာဇ၀တ်ဂိုဏ်း မိသားစုကြီးများကို MNDAA နှင့် မဟာမိတ်များက သုတ်သင်ရှင်းလင်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးနှင့် စီးပွားရေးအရ ကြီးမားသော အမြတ် ဖြစ်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးကြောင့် မိမိ၏ စီးပွားရေးအကျိုးစီးပွားများ ပြင်းထန်စွာ ထိခိုက်လာသောအခါ တရုတ်နိုင်ငံ သည် စစ်ပွဲကြောင့် စီးပွားရေးလမ်းကြောင်းများ ရေရှည်ပိတ်ဆို့မည်ကို စိုးရိမ်၍ ကူမင်းမြို့တွင် ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့အကြား အပစ်အခတ်ရပ်စဲရေး စေ့စပ်ပွဲများကို ကြားဝင် ဖိအားပေး ကျင်းပခဲ့ သည်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသော နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ကုန်စည် စီးဆင်းမှု၊ လျှပ်စစ်မီးနှင့် အင်တာနက် ပိတ်ဆို့ခြင်းဖြင့် တိုက်ပွဲများ ရှေ့ဆက်မတိုးရန် ဖိအားပေးခဲ့သည်။ တရုတ် သည် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရန်အတွက် စစ်ကောင်စီနှင့် မဟုတ်တော့ဘဲ မြေပြင်ကို စီမံခန့်ခွဲ နေသည့် MNDAA, TNLA စသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပထဝီစီးပွားရေး အရ အလွတ်သဘောစာချုပ်များနှင့် သဘောတူညီချက်များ ပြုလုပ်၍ နယ်စပ်ကုန်သွယ်ရေးကို ပြန်လည် စတင်ရန် ကြိုးပမ်းခဲ့ရသည်။ တရုတ်နိုင်ငံသည် မိမိ၏ စီးပွားရေး အကျိုးစီးပွားများကို ထိေရာက်စွာ ကာကွယ်လိုလျှင် မြန်မာစစ်တပ် တခုတည်းကိုသာ အားကိုး၍ မရတော့ကြောင်း ၁၀၂၇ စစ်ဆင်ရေးက အထင်အရှား သက်သေပြခဲ့ သည်။ တရုတ်၏ မဟာဗျူဟာမြောက် စီးပွားရေးလမ်းကြောင်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် နယ်စပ်ဒေသကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ အခန်းကဏ္ဍသည် မရှိမဖြစ် အရေး ပါလာခဲ့ကြောင်း ဖော်ပြနေပါသည်။
တော်လှန်ရေးအင်အားစုများက နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ကာလတို ထိန်းချုပ်လိုက်နိုင်သည့် စစ်ရေး အောင်မြင်မှုသည် စစ်ကောင်စီ အတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည် သာမက၊ တရုတ်နိုင်ငံ အတွက်လည်း ဗျူဟာအပြောင်းအလဲများကို ဖြစ်စေခဲ့သည်။ ပြည်သူလူထု၏ တခဲနက် ထောက်ခံမှုကို ရရှိ ထားသည့် တော်လှန်ရေးအင်အားစုများ အနေဖြင့် နယ်မြေများကို ခိုင်မာသော အင်အားဖြင့် ရေရှည်ထိန်းချုပ် နိုင်မည် ဆိုပါက တရုတ်သည် ပြည်သူလူထု၏ ယုံကြည်ထောက်ခံမှုကိုလည်း မရ၊ မည်သည့် ရေရှည်အာမခံချက် မျိုးကိုမျှ မပေးနိုင်ဘဲ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးကို အစဥ်သဖြင့် အနှောက်အယှက်သာ ပေးနေသည့် စစ်အုပ်စုအား ပစ်ပယ်ကာ တော်လှန်ရေးအင်အားစုများဖြင့်သာ တည်ငြိမ်သော စီးပွားရေးကို လုပ်ဆောင်လိုမည် မှာ အသေအချာပင် ဖြစ်သည်။
စစ်အာဏာသိမ်းအစိုးရအား တရုတ်၏ လက်ရှိ သံတမန်ရေး ချိတ်ဆက် ဆက်ဆံမှု အတိုင်းအတာ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံ၏ စစ်ကောင်စီအပေါ် ဆက်ဆံပုံကို ဆန်းစစ်ကြည့်ရာတွင် "လုပ်ငန်းဆိုင်ရာ အကျိုးအမြတ်အပေါ် အခြေခံသည့် ဆက်ဆံရေး” (Functional Transactionalism) ကို အခြေအနေအလိုက် ယာယီ ညှိနှိုင်းဆောင်ရွက်နေသည်ကို တွေ့မြင်ရပါသည်။ အတွင်းပိုင်း အနှစ်သာရအပေါ် အခြေခံခြင်း မဟုတ်ဘဲ ပတ်ဝန်းကျင်နှင့် အခြားပါဝင်သူများအကြား အပြန်အလှန် ဆက်သွယ်မှုနှင့် ပူးပေါင်း ညှိနှိုင်းမှုမှတဆင့် အဓိပ္ပာယ်နှင့် အခြေအနေများကို ဖော်ဆောင်သည့် သဘောတရား ဖြစ်သည်။ တရုတ်နိုင်ငံ သည် စစ်အုပ်စုကို အပြည့်အဝ ယုံကြည်ထောက်ခံခြင်း မဟုတ်ဘဲ အကန့်အသတ်များ ထားရှိကာ ထိန်းညှိ ဆက်ဆံနေသည်ကိုလည်း တွေ့ရပါသည်။
တရုတ်သည် စစ်အုပ်စုအား တရားဝင်အစိုးရအဖြစ် အပြည့်အဝ သတ်မှတ်ခြင်းထက်၊ မြေပြင်တွင် နယ်မြေ ထိန်းချုပ်မှုနှင့် အုပ်ချုပ်ရေးယန္တရားအချို့ကို လက်ရှိကိုင်တွယ်ထားသည့် De Facto Power အဖြစ်သာ သဘော ထားသည်။ ပထဝီတည်ငြိမ်ရေးနှင့် စီးပွားရေးအား ကာကွယ်သည့် အထိုင်အရ ချဉ်းကပ်ခြင်းမျိုးသာဖြစ်သည်။ သံတမန်ရေးအရ ကာကွယ်ပေးမှုတွင်လည်း အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နေသည်။ ကုလသမဂ္ဂတွင် စစ်အုပ်စုအား အတိုင်းအတာတခုထား၍ အကာအကွယ် ပေးနေသော်လည်း တစ်ဖက်တွင်မူ မြန်မာ့အရေးကို အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် အတိုင်း သွားရန် လမ်းကြောင်းပေးထားသည်။
စစ်ကောင်စီသည် "၁၀၂၇ စစ်ဆင်ရေး" တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိုးစစ်ကို မယှဉ်နိုင်ဘဲ နယ်စပ်ဒေသများ ကို လက်လွှတ်လိုက်ရချိန်နှင့် ကျောက်ဖြူ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကူမင်း ရထားလမ်း စသည့် တရုတ်၏ မဟာဗျူဟာမြောက် စီမံကိန်းများ ခြိမ်းခြောက်ခံရချိန်တွင် တရုတ်သည် ဟိုင်ဂန် (Haigeng) ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ တဆင့် ကြားဝင် ဖိအားပေး စေ့စပ်မှုများကို အလျင်အမြန် လုပ်ဆောင်ခဲ့ရသည်။ တရုတ်သည် "အမြစ်ပြတ် ချေမှုန်းခံလိုက်ရသည့် စစ်အုပ်စု" ထက် "အင်အားချည့်နဲ့သော စစ်အုပ်စု" အဖြစ် ယာယီ ထိန်းထား လိုသည့် "အင်အားချိန်ခွင်လျှာ ထိန်းညှိခြင်း ဗျူဟာ" ကို အခြေအနေအရ ကျင့်သုံးနေရခြင်းသာ ဖြစ်သည်။
သို့ရာတွင် အတုအယောင် ရွေးကောက်ပွဲ မစတင်မီကတည်းက စစ်ကောင်စီ အနေဖြင့် အာဏာမှ ဆုတ်ခွာပြီး သမ္မတဦးသိန်းစိန်ကဲ့သို့ ပြုပြင်ပြောင်းလဲရေး အစိုးရမျိုး ဖော်ဆောင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်း ကဏ္ဍကို အသိအမှတ်ပြုသည့် ပြုပြင်ပြောင်းလဲမှုများလုပ်ခြင်းဖြင့် ပြည်သူလူထု ပိုမိုထောက်ခံသည့် နိုင်ငံရေး တည်ငြိမ်မှုမျိုး ဖန်တီးရန် နိုင်ငံရေးအရ နားချခဲ့သော်လည်း ၎င်းကို မင်းအောင်လှိုင်က ပယ်ချခဲ့ခြင်းအပေါ် တရုတ်နိုင်ငံက ကျေနပ်ခြင်းမရှိဟု သုံးသပ်နိုင်ပါသည်။
နွေဦးတော်လှန်ရေးကို ထောက်ခံလာပါက တရုတ်နိုင်ငံအတွက် ရေရှည်ရရှိနိုင်မည့် အကျိုးအမြတ်များ
တရုတ်နိုင်ငံသည် လက်ရှိတွင် NUG၊ PDF နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ပါဝင်သည့် နွေဦး တော်လှန်ရေး အင်အားစုများကို အနောက်အုပ်စု (အမေရိကန် / EU) ၏ သြဇာခံများ ဖြစ်လာမည်ကို စိုးရိမ် သဖြင့် သံသယဖြင့် ကြည့်ရှုနေဆဲဖြစ်သည်။ သို့သော် တော်လှန်ရေးအင်အားစုများ၏ ပေါင်းစည်းညီညွတ်မှု အခြေအနေအပေါ် မူတည်ပြီး တရုတ်နိုင်ငံ၏ မဟာဗျူဟာ ပြောင်းလဲကာ နွေဦးတော်လှန်ရေးကို ရေရှည်တွင် ထောက်ခံလာနိုင်စရာများ ရှိပါသည်။ တရုတ်နိုင်ငံ၏ ရေရှည်အမြင်အရ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး အကျိုးအမြတ်များကို မြန်မာစစ်အုပ်စုထက် မြန်မာပြည်သူလူထုအများစုကြီးက ထောက်ခံသော NUG အပါအ၀င် တော်လှန်ရေးအင်အားစုများထံမှသာ အာမခံချက်ရှိရှိဖြင့် တည်ငြိမ်စွာ ရရှိမည်ဖြစ်ကြောင်း တရုတ် နိုင်ငံက ကောင်းစွာ တွက်ချက်နိုင်ပါသည်။ တော်လှန်ရေးအင်အားစုများ အနေဖြင့် မြန်မာတနိုင်ငံလုံးကို လွှမ်းခြုံ သည့် အာဏာစက်မျိုး တည်ဆောက်ကာ တည်ငြိမ်မှုကို ဖန်တီးနိုင်စွမ်းရှိလာသည့် အခြေအနေမျိုးကိုသာ စောင့်ဆိုင်းနေခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံကို ဘယ်သောအခါမျှ ပိုင်ပိုနိုင်နိုင် ပြန်လည်ထိန်းချုပ်နိုင်တော့မည် မဟုတ်သည့် စစ်ကောင်စီကို တရုတ်က တစိတ်တပိုင်းအားဖြင့် ဆက်လက်ထောက်ခံနေပါက မြန်မာနိုင်ငံအား ပျက်စီးယိုယွင်းသွားသော နိုင်ငံ အဖြစ်သို့ တွန်းပို့သလိုသာ ဖြစ်စေပါမည်။ ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိနေသည့် နွေဦးတော်လှန်ရေး အင်အားစုများကိုထောက်ခံခြင်းဖြင့်သာ တရုတ်နယ်စပ်တွင် ရေရှည်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် ဖြစ်သည်။ တရုတ်နိုင်ငံအတွက် စစ်မှန်သော ရေရှည်တည်ငြိမ်ရေးကို ဖန်တီးပေးမည့် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအကျိုးအမြတ်များကို ရရှိလာစေမည် ဖြစ်သည်။ ထို့ပြင် တရုတ်က နွေဦး တော်လှန်ရေးကို ပစ်ပယ်ထားပါက NUG နှင့် တော်လှန်ရေးအဖွဲ့အစည်းများသည် အမေရိကန်၏ BURMA Act နှင့် အနောက်အုပ်စု၏ အကူအညီများအပေါ် အပြည့်အဝ မှီခိုသွားနိုင်ပါသည်။ တရုတ်က နွေဦးတော်လှန်ရေးနှင့် တက်ကြွစွာ မဟာမိတ်ဖွဲ့မည် ဆိုပါက အနောက်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားနိုင်မည် ဖြစ်သည်။ စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များ (BGF) က ကျောထောက်နောက်ခံ ပေးထားသော အွန်လိုင်း ကျားဖြန့် ငွေလိမ်ဂိုဏ်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို တော်လှန်ရေးအင်အားစုများက ပိုမို ထိရောက်စွာ အမြစ်ဖြတ် ချေမှုန်းပေးနိုင်သည်ကို တရုတ်သည် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်ဖွဲ့ခြင်းအားဖြင့် တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုများကို ထိထိရောက် ရောက် ချေမှုန်းနိုင်ကာ မြန်မာနိုင်ငံနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ကာလရှည် စိုးရိမ်ပူပန်ရသည့် အခြေအနေသည် လုံး၀ အေးငြိမ်းသွားမည်ဖြစ်သည်။
တရုတ်က နွေဦးတော်လှန်ရေးအား တက်ကြွစွာ ထောက်ခံလာပါက ပထဝီစီးပွားရေး အကျိုးအမြတ်များ ကိုလည်း ပိုမို ရရှိလာနိုင်မည် ဖြစ်သည်။ တရုတ်၏ မာလက္ကာရေလက်ကြား ပိတ်ဆို့ခံရမှု အန္တရာယ်ကို ကျော်လွှားနိုင်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံ-သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများနှင့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းများသည် ပြည်သူ့ထောက်ခံမှု မရှိဘဲ တည်ဆောက်၍ မရနိုင်ပါ။ တော်လှန်ရေး အင်အားစုများနှင့် သဘောတူညီချက်ရယူနိုင်ပါက ဤစီမံကိန်းကြီးများကို အမှန်တကယ် လုံခြုံ စိတ်ချစွာ လည်ပတ်နိုင်မည် ဖြစ်သည်။ စစ်ကောင်စီကို ထောက်ခံနေသမျှ ကာလပတ်လုံး တရုတ်နိုင်ငံအပေါ် မြန်မာ ပြည်သူများက မုန်းတီးနေမည် ဖြစ်သောကြောင့် တရုတ်စီးပွားရေးလုပ်ငန်းများအတွက် လုံခြုံရေးအန္တရာယ်များ ရှိနေနိုင်ပါသည်။ နွေဦးတော်လှန်ရေးကို ထောက်ခံပါက တရုတ်နိုင်ငံသည် ပြည်သူ့ဆန္ဒကို လေးစားသော "အိမ်နီးချင်းကောင်း" အဖြစ် သိက္ခာရှိသော ပုံရိပ်ကို ရရှိနိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ မြန်မာ ပြည်သူလူထု ၏ တရုတ်ဆန့်ကျင်ရေးစိတ် (Anti-China Sentiment) ကို လုံး၀ လျှော့ချနိုင်မည် ဖြစ်သည်။ သို့မှသာ မြေရှားသတ္တုများနှင့် အခြား သယံဇာတစီမံကိန်းများကို တော်လှန်ရေးအင်အားစုများနှင့် တရားဝင် ရေရှည်စာချုပ်များ ချုပ်ဆို လုပ်ကိုင်နိုင်ခွင့်ကို မျှော်လင့်နိုင်မည် ဖြစ်သည်။ သယံဇာတနှင့် အခြား ရင်းနှီးမြှုပ်နှံမှု များ၏ တရားဝင်မှုသည် တရုတ်နိုင်ငံအတွက် ရေရှည်တွင် ဂုဏ်သိက္ခာရှိသော စီးပွားရေးအကျိုးအမြတ်ကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
မြန်မာ့အရေးတွင် တရုတ်၏ မဟာဗျူဟာမြောက် ပြောင်းလဲနိုင်ခြေ ဆန်းစစ်ချက်
စစ်အေးကာလ အစောပိုင်းတွင် တရုတ်နိုင်ငံသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို လက်နက်၊ ရန်ပုံငွေနှင့် နည်းပညာထောက်ပံ့၍ စစ်ရေးအရ အားပေးခဲ့သော်လည်း ရေရှည်တွင်တရုတ်၏ မဟာဗျူဟာမြောက် အကျိုး စီးပွားများကို မဖော်ဆောင်နိုင်ခဲ့ပေ။ ယင်းသင်ခန်းစာကြောင့် တရုတ်သည် စစ်အေးကာလနှောင်းပိုင်းတွင် မူဝါဒ ကို ပြောင်းလဲကာ စစ်အစိုးရများနှင့် လက်တွေ့ကျသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (Pragmatic Strategic Partnership) သို့ ကူးပြောင်းခဲ့ပါသည်။
သို့ရာတွင် ယခုအခါ စစ်ကောင်စီသည် နိုင်ငံတဝှန်းလုံးကို လွှမ်းခြုံသည့် အုပ်ချုပ်ရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေးယန္တရားများကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ တရုတ်၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများကိုပါ ခြိမ်းခြောက်လာပြီဖြစ်သည်။ ယခု မြန်မာပြည်သူများ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကို တရုတ်နိုင်ငံက စစ်ရေးနှင့် သံတမန်ရေးအရ တက်ကြွစွာ ထောက်ခံ ကူညီလာပါက အထက်တွင်တင်ပြထားသည့်အတိုင်း ပထဝီ နိုင်ငံရေးနှင့် ပထဝီစီးပွားရေး အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်သည်။
စစ်အေးကာလထွင် ဗကပကို ထောက်ပံ့မှု မအောင်မြင်ခဲ့ရခြင်းနှင့် ယခု နွေဦးတော်လှန်ရေးကို ထောက်ပံ့ခြင်းမှ အကျိုးအမြတ် ရရှိနိုင်ခြင်းတို့တွင် အဓိကနောက်ခံအခြေအနေ ကွဲပြားချက်များရှိပါသည်။ ဗကပသည် အယူဝါဒ အခြေပြု ပါတီအဖွဲ့အစည်းတခု ဖြစ်ပြီး မြန်မာပြည်သူတို့၏ ထောက်ခံမှုကို အကန့်အသတ်ဖြင့်သာ ရရှိခဲ့သည်။ နွေဦးတော်လှန်ရေးသည် နိုင်ငံတဝှန်းရှိ မြန်မာတိုင်းရင်းသား ပြည်သူအများစု တစ်ခဲနက်ထောက်ခံထားသည့် တရားဝင်မှု ရှိသော ပြည်သူ့တော်လှန်ရေးကြီးဖြစ်သည်။ ဗကပနှင့် နွေဦးတော်လှန်ရေးအင်အားစုများအကြား နယ်မြေထိန်းချုပ်နိုင်မှုတွင်လည်း ကွာခြားချက် ရှိသည်။ နွေဦးတော်လှန်ရေးအင်အားစုများသည် နယ်စပ်ဒေသ များ (ရှမ်းနယ်မြေအချို့၊ ကချင်၊ ကရင်နီ၊ ချင်းနှင့် ရခိုင်မှသည် စီးပွားရေးနှင့် ပထဝီဗျူဟာမြောက် မြေလတ် ဒေသများ (စစ်ကိုင်း၊ မကွေး၊ မန္တလေး) အထိ စစ်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများကို ထိန်းချုပ်ထားနိုင်သည်။ ဗကပခေတ်တွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးသည် ယခုလောက် မဖွံ့ဖြိုးခဲ့ပါ။ နွေဦးတော်လှန်ရေး အင်အားစုများသည် တရားဥပဒေ စိုးမိုးရေး၊ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးနှင့် တည်ငြိမ်သော အုပ်ချုပ်ရေးစနစ်ကို ဖန်တီးနိုင်စွမ်းရှိသဖြင့် တရုတ်၏ ရေရှည်စီမံကိန်းများကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
နိဂုံး
ရေရှည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် စာချုပ်စာတမ်းများတည်တံ့ရေးအတွက် "တည်ငြိမ်သော အစိုးရ" နှင့် "ပြည်သူ့ထောက်ခံမှု" သည် မရှိမဖြစ်လိုအပ်ပါသည်။ စစ်အုပ်စုသည် မြန်မာနိုင်ငံအား ရေရှည် တည်ငြိမ် အောင်မအုပ်ချုပ်နိုင်တော့ဘဲ တော်လှန်ရေးအင်အားစုများသည်သာ အနာဂတ် မြန်မာနိုင်ငံကို ပုံဖော်မည့်သူများ ဖြစ်လာမည်ဟု တရုတ်နိုင်ငံက တွက်ချက်မိလာသည့်အချိန်တွင် တရုတ်၏ မဟာဗျူဟာမြောက် ကစားကွက် သည် နွေဦးတော်လှန်ရေးဘက်သို့ ပိုမို ယိမ်းယိုင်လာမည် ဖြစ်သည်။
နွေဦးတော်လှန်ရေး အင်အားစုများအနေဖြင့် တရုတ်နိုင်ငံအား "အနောက်အုပ်စုနှင့်သာ ပူးပေါင်းမည် မဟုတ်ဘဲ တရုတ်၏ မဟာဗျူဟာမြောက် ပထဝီစီးပွားရေးအကျိုးအမြတ်များ (CMEC နှင့် လုံခြုံရေး) ကို တရားဝင် အာမခံပေးနိုင်ကြောင်း" သံတမန်ရေးအရ အားကောင်းစွာပြသနိုင်ခြင်းသည် တရုတ်၏ မဟာဗျူဟာမြောက် သဘောထားပြောင်းလဲလာရေးအတွက် သော့ချက် ဖြစ်ပေသည်။ တရုတ်နိုင်ငံအား လက်တွေ့ညီညွတ်မှု ပြသနိုင် ပါမှသာ တရုတ်နိုင်ငံကလည်း မဟာဗျူဟာ စဥ်းစားချက်ကို လက်တွေ့ အပြောင်းအလဲ လုပ်လာမည် ဖြစ်သည်။ တရုတ်နိုင်ငံက စိတ်ချ ယုံကြည်နိုင်လောက်သည့် အင်အားစု အဖြစ်စောင့်ကြည့်နေနိုင်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) အနေဖြင့် မြန်မာစစ်အုပ်စုအား လုံး၀ဖယ်ရှား ၍ မြန်မာနိုင်ငံတ၀ှန်းလုံးကိုနိုင်ငံရေးအရ လွှမ်းခြုံ ကိုယ်စားပြုသည့် အာဏာကို ပြည်သူ့ထောက်ခံမှုနှင့်တကွ ထိန်းချုပ်နိုင်ပြီး တည်ငြိမ်သောပြည်ထောင်စုနိုင်ငံတော်သစ်ကို ဦးဆောင်တည်ဆောက်နိုင်သော စွမ်းရည် ရှိကြောင်း လက်တွေ့ပြသနိုင်လာသည်နှင့်အမျှ တရုတ်နိုင်ငံ၏ မဟာဗျူဟာချိန်ခွင်လျှာသည် မြန်မာပြည်သူ တို့၏ နွေဦးတော်လှန်ရေးဖက်သို့ မလွဲမသွေယိမ်းလာမည်မှာ အသေအချာပင် ဖြစ်သည်။