နိုင်ငံရေးဆိုင်ရာ ဒြပ်ဆွဲအား - ဝင်ရိုးစုံကမ္ဘာတွင် နိုင်ငံရေးစနစ်ကို ရှာဖွေခြင်း
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပေါ်ထွန်းခဲ့သည့် နိုင်ငံတကာစည်းမျဉ်းစနစ်သည် နိုင်ငံရေးစနစ်အမျိုးမျိုးနှင့် အမျိုးသားအကျိုးစီးပွားများကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအမြောက်အမြား ပေါ်ထွက်လာသည့် (multipolar) ကမ္ဘာဆီသို့ ကူးပြောင်းနေပြီဖြစ်သည်။
ဆောင်းပါးရှင် Edward Johns ကမူ ဤဖြစ်ရပ်သည် စနစ်တခုလုံး ပြိုလဲပျက်စီးခြင်းမျိုး မဟုတ်ဘဲ၊ ပြိုင်ဆိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဒွန်တွဲနေသည့် အကူးအပြောင်းကာလ တခုသာ ဖြစ်သည်ဟု ဆိုသည်။
ဤအကူးအပြောင်းကို ထိန်းကျောင်းနိုင်ရန်အတွက် Johns က "နိုင်ငံရေးဆွဲအား" (political gravity) ဟူသော အယူအဆကို မိတ်ဆက်ခဲ့သည်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဘုံတာဝန်ယူမှုတို့ကို ဟန်ချက်ညီစေသကဲ့သို့၊ အင်အားပြိုင်ဆိုင်မှုများမှတဆင့် ပဋိပက္ခများ မဖြစ်ပွားစေရန် တားဆီးပေးသည့် ဘုံစံနှုန်းများ၊ အဖွဲ့အစည်းများနှင့် အပြန်အလှန်ထိန်းကျောင်းမှုများ လိုအပ်သည်ဟု ဆိုသည်။
ကမ္ဘာ့တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် ဗဟိုချုပ်ကိုင်မှုနှင့် မတူကွဲပြားမှုတို့အကြား မျှခြေတခု လိုအပ်သည်။ ထို့ကြောင့် ၂၁ ရာစု၏ စိန်ခေါ်မှု အမှန်မှာ အင်အားကြီးနိုင်ငံ အမြောက်အမြားရှိနေသည့် ဤကမ္ဘာ့အခင်းအကျင်းကို တာဝန်ယူမှုရှိရှိ ထိန်းကျောင်းနိုင်မည့် "နိုင်ငံရေးဆွဲအား" တရပ်ကို စုပေါင်းတည်ဆောက်ရန်ပင် ဖြစ်သည်ဟု ဆောင်းပါးရှင်က တင်ပြထားသည်။
စစ်ဗိုလ်ချုပ်များကို ပံ့ပိုးခြင်း - မြန်မာ့အိမ်နီးချင်းနိုင်ငံများက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မည်သို့ ကူညီနေသနည်း
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်အုပ်စု ရှင်သန်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ ပြည်သူလူထုက ၎င်းတို့အား တရားဝင်မှု ပေးခြင်းကြောင့် မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများက စီးပွားရေးအရ အသက်ဆက်ပေးမှုနှင့် နိုင်ငံရေးအရ လိုက်လျောမှုများကြောင့်သာ ဖြစ်သည်။ မီးရှို့ခံရသော ရွာတိုင်း၊ ဗုံးကြဲခံရသော ကျောင်းတိုင်းနှင့် သတ်ဖြတ်ခံရသော အရပ်သားတိုင်းသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု ရလဒ်များသာ မဟုတ်၊ စစ်အုပ်စုနှင့် ဆက်လက်၍ စီးပွားရေး ဆောင်ရွက်နေကြသည့် အစိုးရများနှင့် ကုမ္ပဏီများ၏ ပံ့ပိုးမှုကြောင့်လည်း ပါဝင်သည်။