ကပ္ပလီကမ်းရိုးတန်းမှ အားပြိုင်မှု
ထားဝယ်စီမံကိန်းတွင် ရုရှား၏ ခြေကုပ်ယူမှုအပေါ် တရုတ်၏ ရှုမြင်ချက်
| PDF ဆောင်းပါး | Read in English |
သရုပ်ဖော်ပုံကို AI ဖြင့် ဖန်တီးသည်။
ဆောင်းပါးအနှစ်ချုပ်
ရုရှား-တရုတ် မဟာမိတ်ဆက်ဆံရေး၏ အကန့်အသတ်များ
ရုရှားနှင့် တရုတ်တို့သည် အနောက်အုပ်စုကို ဆန့်ကျင်ရာတွင် စည်းလုံးညီညွတ်မှုကို ပြသနေကြသော်လည်း၊ ထားဝယ် အထူးစီးပွားရေးဇုန်တွင် အစုရှယ်ယာအများစု ပိုင်ဆိုင်ခွင့်ရရှိရေး ရုရှား၏ တောင်းဆိုမှုသည် မြန်မာ့ကမ်းရိုးတန်းထွက်ပေါက်နှင့် ပတ်သက်၍ အင်အားကြီး နှစ်နိုင်ငံကြား နက်ရှိုင်းသော အပေးအယူဆန်သည့် အားပြိုင်မှုကို ဖော်ပြနေသည်။
တရုတ်၏ ရေကြောင်းနှင့် CMEC လက်ဝါးကြီးအုပ်မှုအပေါ် ခြိမ်းခြောက်ချက်
ထားဝယ်တွင် ရုရှားထိန်းချုပ်မည့် ရေနက်ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံသည် ထိုင်းနိုင်ငံနှင့် မဲခေါင်ဒေသခွဲသို့ ဆက်သွယ်ပေးမည့် အခြားရွေးချယ်စရာ သယ်ယူပို့ဆောင်ရေးစင်္ကြံတခု ဖြစ်လာစေပြီး၊ ကျောက်ဖြူကို အခြေပြုထားသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ သီးသန့် လွှမ်းမိုးမှုနှင့် တရုတ်၏ “သမုဒ္ဒရာနှစ်စင်း မဟာဗျူဟာ” ကို စိန်ခေါ်လျက်ရှိသည်။
ရုရှား၏ အဆောက်အအုံဆိုင်ရာ အားနည်းချက်များကို အခွင့်ကောင်းယူခြင်း
တရုတ်သည် ရုရှားနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့မည့်အစား စစ်စရိတ်ကြောင့် ကျဆင်းလာသည့် ရုရှား၏ ဘဏ္ဍာရေးအခြေအနေနှင့် အရင်းအနှီး ရှားပါးမှုများကို စောင့်ကြည့်လျက်ရှိပြီး၊ ဒေါ်လာ ၈ ဘီလီယံမှ ၁၀ ဘီလီယံအထိ ကုန်ကျနိုင်ကာ အစအဆုံး အသစ်တည်ဆောက်ရမည့် ဤ စီမံကိန်း ရပ်တန့်သွားပါက တရုတ်ကန်ထရိုက်တာများနှင့် တရုတ်ဘဏ္ဍာငွေများဖြင့် ကြားဝင် နေရာယူရန် ပြင်ဆင်ထားသည်။
လုံခြုံရေးဝန်ထုပ်ဝန်ပိုးအား မော်စကိုထံ ကျရောက်စေခြင်း
လက်ရှိ တနင်္သာရီတိုင်းအတွင်း ဖြစ်ပွားနေသော ပြင်းထန်သည့် လက်နက်ကိုင်ပဋိပက္ခများ၊ ပြည်တွင်းတော်လှန်ရေးတပ်များ၏ ခုခံမှုနှင့် ကြီးမားလှသော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများကို ရုရှားကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းစေရန် တရုတ်က ဘေးမှ ထိုင်ကြည့်လျက် ရှိသည်။
နေပြည်တော်အပေါ် ချိန်ဆတွက်ချက်ထားသော ဖိအားပေးမှုများ
တရုတ်သည် မြောက်ပိုင်းနယ်စပ် ကုန်သွယ်ရေးစီးဆင်းမှုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ၎င်း၏ သံတမန်ရေးဩဇာကို အသုံးချကာ စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရ၏ အင်အားချိန်ခွင်လျှာညှိ ကစားကွက်များကို ထိန်းချုပ်ထားပြီး၊ နေပြည်တော်အနေဖြင့် နေ့စဉ် ရှင်သန်ရပ်တည်ရေးအတွက် တရုတ်အပေါ် ဆက်လက် မှီခို နေရစေရန် ဖိအားပေးထားသည်။
ခန့်မှန်းခြေ ဖတ်ရှုချိန် - ၄ မိနစ်ခန့်
ကမ္ဘာ့ဇာတ်ခုံပေါ်တွင် တရုတ်နှင့် ရုရှားတို့သည် အနောက်အုပ်စု၏ ဖိအားများကို ရင်ဆိုင်ရာ၌ မဟာမိတ် အဖြစ် ရပ်တည်ပြနေကြသော်လည်း၊ မြန်မာ့အရေးတွင်မူ ၎င်းတို့၏ ဆက်ဆံရေးသည် အပေးအယူ ဆန်သော ကန့်သတ်ချက်များ ရှိနေကြောင်း ပေါ်လွင်လျက်ရှိသည်။ အာဏာသိမ်း စစ်ကောင်စီအား အရပ်သားအသွင်ပြောင်း စစ်တပ်ထိန်းချုပ်-အစိုးရ အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက်၊ စစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် ခေါင်းဆောင်ပိုင်းသည် တရုတ်နိုင်ငံ၏ ကြီးမားလှသော ဒေသတွင်း လွှမ်းမိုးမှုကို ဟန်ချက်ညီစေရန် ရုရှားဖက်သို့ မျက်နှာမူကာ ပိုမို နီးကပ်စွာ ဆက်ဆံလာခဲ့သည်။ ဤ သံတမန်ရေး ကစားကွက်၏ အလယ်ဗဟိုတွင် ကပ္ပလီပင်လယ်ပြင်ရှိ ကာလရှည်ကြာ ရပ်တန့်နေခဲ့သော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း တည်ရှိနေပြီး၊ ထိုစီမံကိန်းအတွက် ရုရှား၏ စိုက်ထုတ်ငွေကို မြန်မာနိုင်ငံက အကြွေးဆပ်နေရသမျှ ကာလပတ်လုံး အစုရှယ်ယာအများစုကို ရုရှားက ပိုင်ဆိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံကို ဖြတ်၍ အိန္ဒိယသမုဒ္ဒရာသို့ ထွက်သည့်လမ်းကို မဟာဗျူဟာမြောက် စင်္ကြံအဖြစ် တရုတ်အစိုးရက သတ်မှတ်ထားသည်။ သို့ဖြစ်ရာ တနင်္သာရီတိုင်းအတွင်း ရုရှား၏ ရေကြောင်းနှင့် စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များ ကြီးထွားလာခြင်းသည် တရုတ်အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ အခြေအနေတခု ဖြစ်လာသည်။ ဤကိစ္စအပေါ် တရုတ်အစိုးရက - အပေါ်ယံအားဖြင့် သဘောထားကြီးပြခြင်း၊ စီးပွားရေးအရ နောက်ကွယ်မှ ထိန်းချုပ်ဟန့်တားခြင်းနှင့် စစ်အုပ်စု အပေါ် အကန့်အသက်ဖြင့် ဖိအား ပေးခြင်း စသည့် နည်းလမ်းများဖြင့် တုံ့ပြန်လျက်ရှိသည်။
ယေဘုယျအားဖြင့် တရုတ်သည် စစ်အုပ်စုအား စီးပွားရေးနှင့် စစ်ရေးအရ ဆက်လက် ရပ်တည်နိုင်စေရန် ရုရှား၏ ပါဝင်ကူညီမှုကို သဘောထားကြီးသည့် အသွင်ဖြင့် အသိအမှတ်ပြု လက်ခံထားသည်။ ရုရှားက တရုတ်ကဲ့သို့ ဆောင်ရွက်နေသည့် စစ်လက်နက်ပစ္စည်း တင်ပို့မှုများ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာဖြင့် အကာအကွယ်ပေးမှုများနှင့် ရေနံတင်ပို့မှုများသည် နေပြည်တော်ရှိ စစ်အုပ်စုအတွက် လိုအပ်သော အရင်းအမြစ်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။ စစ်အုပ်စုကို အထောက်အပံ့ပြုနေခြင်းကြောင့် ယခင်က တရုတ်တနိုင်ငံတည်းက ကြုံတွေ့နေရသည့် အနောက်အုပ်စု၏ တိုက်ရိုက်ဖိအားများသည် ယခုအခါ ရုရှားက ပါဝင်လာမှုကြောင့် လျော့ကျသွားနိုင်သည်။
သို့သော် တရုတ်၏ သဘောထားကြီးမှုသည် ရုရှား၏ လွှမ်းမိုးမှုက မြန်မာ့ကမ်းရိုးတန်းဒေသသို့ ရောက်ရှိလာချိန်တွင် ရပ်တန့်သွားပြီး သံတမန်ရေးနှင့် ပထဝီနိုင်ငံရေး အကျပ်အတည်းတရပ် ဖြစ်လာသည်။ မြန်မာ့ ကမ်းရိုးတန်းသည် ပြဿနာ ဖြစ်လွယ်သည့် မလက္ကာရေလက်ကြားကို ရှောင်ကွင်းနိုင်ရန် ရည်ရွယ်သည့် တရုတ်နိုင်ငံ၏ "သမုဒ္ဒရာနှစ်စင်း မဟာဗျူဟာ" (Two Oceans strategy) တွင် အဓိကသော့ချက် ဖြစ်နေသည်။ တရုတ်နိုင်ငံသည် ရခိုင်ပြည်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရင်းနှီးမြုပ်နှံမှု မပြုလုပ်မီက ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၏ အလားအလာကို လေ့လာဆန်းစစ်ခဲ့ဖူးသည်။ ထားဝယ်စီမံကိန်းကို ၎င်းတို့က ရင်းနှီးမြုပ်နှံမှု မပြုခဲ့သော်လည်း ဤနယ်မြေကို အခြား အင်အားကြီး နိုင်ငံတခု၏ သီးသန့်နယ်မြေ ဖြစ်လာစေရန် တရုတ်နိုင်ငံက မည်သည့်အခါမျှ မလိုလားခဲ့ပါ။ တရက်လျှင် စည်ပေါင်း တသိန်း ချက်လုပ်နိုင်မည့် ရေနံချက်စက်ရုံနှင့် ရေနက်ဆိပ်ကမ်းတခုကို ရုရှားက ထိန်းချုပ်သွားမည့် အလားအလာသည် ဒေသတွင်း သယ်ယူပို့ဆောင်ရေး စင်္ကြံများကို လွှမ်းမိုးချုပ်ကိုင်လိုသည့် တရုတ်၏ မျှော်မှန်းချက်ကို တိုက်ရိုက် စိန်ခေါ်နေသည်။
ရုရှား၏ ထားဝယ်စီမံကိန်းသည် မြန်မာနိုင်ငံအပေါ် သက်ရောက်သည့် မိမိ၏သြဇာလွှမ်းမိုးမှုကို အားနည်းသွားစေလိမ့်မည် တရုတ်နိုင်ငံက ယူဆသည်။
တရုတ်နိုင်ငံသည် အခြေခံအဆောက်အအုံများကို ရေရှည်စီးပွားရေးမျက်စိဖြင့် ကြည့်မြင်သည်။ မြန်မာနိုင်ငံအား ယူနန်ပြည်နယ်၏ စီးပွားရေးပတ်လမ်း အတွင်းသို့ တိုက်ရိုက်ဆွဲသွင်းနိုင်ရန် ရည်ရွယ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း (China-Myanmar Economic Corridor, CMEC) စီမံကိန်းအောက်တွင် တရုတ်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ နယ်စပ်ဖြတ်ကျော် ကားလမ်းကွန်ရက်များနှင့် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား ပြုလုပ်ထားသည်။
ရခိုင်ကမ်းရိုးတန်းရှိ တရုတ်၏ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် တနင်္သာရီကမ်းရိုးတန်းရှိ ရုရှား၏ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတို့ကို နှိုင်းယှဉ်ကြည့်လျှင် တရုတ်နှင့် ရုရှားတို့၏ မဟာဗျူဟာ နှစ်ခု ထိပ်တိုက်ရင်ဆိုင်နိုင်ခြေ ရှိနေသည်ကို ပိုမိုထင်ရှားစွာ တွေ့မြင်နိုင်သည်။ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို တရုတ် CITIC (China International Trust and Investment Corporation) ဦးဆောင်သော လုပ်ငန်းစုကြီးက ချုပ်ကိုင်ထားပြီး၊ ၎င်းသည် မလက္ကာရေလက်ကြားကို ရှောင်ကွင်း၍ တရုတ်ပြည် အနောက်တောင်ဘက်သို့ စွမ်းအင်နှင့် ကုန်စည်များ တိုက်ရိုက်ပို့ဆောင်မည့် စင်္ကြံလမ်းအဖြစ် တည်ဆောက်ထားခြင်း ဖြစ်သည်။ ရုရှားဘက်မှ ရှယ်ယာအများစု ပိုင်ဆိုင်ခွင့်ရရှိရန် တောင်းဆိုထားသည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် ရုရှား၏ ရေကြောင်းထောက်ပို့စခန်းတခု၊ ရေတပ်ခြေကုပ်ယူနိုင်သည့် နေရာတခုနှင့် ကပ္ပလီပင်လယ်ပြင် မှတဆင့် ထိုင်းနိုင်ငံနှင့် မဲခေါင်ဒေသခွဲတခုလုံးသို့ တိုက်ရိုက်ချိတ်ဆက်မည့် အခြားရွေးချယ်စရာ ကုန်သွယ်ရေးထွက်ပေါက်တခုအဖြစ် ရည်ရွယ်ထားသည်။
အကယ်၍ ရုရှားအနေဖြင့် ထားဝယ်စီမံကိန်းအပေါ် ရေရှည်ရှယ်ယာ ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲခွင့်ကို ရရှိသွားပါက၊ တရုတ်အစိုးရ၏ ကြီးကြပ်မှုပြင်ပတွင် ဘက်စုံသယ်ယူပို့ဆောင်ရေး စင်္ကြံအသစ်တခု ပေါ်ပေါက်လာမည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်တွင် မိမိမှတပါး အခြားနိုင်ငံတခုက စွမ်းအင်ထုတ်လုပ်မှု အခွင့်အလမ်းများနှင့် ဘဏ္ဍာရေး အရင်း အမြစ်များ ရရှိသွားခြင်း သို့မဟုတ် ရရှိသွားစေမည့် အခြေခံအဆောက်အအုံမျိုး တည်ထောင်ခြင်းကို လိုလားမည် မဟုတ်ပါ။
ထားဝယ်စီမံကိန်းအတွက် ခြေလှမ်းလာသည့် ရုရှား၏ အားနည်းချက်များကို တရုတ်အစိုးရက ကောင်းစွာ သိနားလည်ထားသည်။ ရုရှားနိုင်ငံ၏ စီးပွားရေးသည် ရှည်ကြာနေသော စစ်စရိတ်များနှင့် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် အကျပ်အတည်းဖြစ်နေပြီး၊ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံမှ ၁၀ ဘီလီယံအထိ ကုန်ကျမည့် အပြင် အစအဆုံး အသစ်တည်ဆောက်ရမည့် ဆိပ်ကမ်းနှင့် စက်မှုဇုန် တခုလုံးကို တဦးတည်း ရင်းနှီးမြှုပ်နှံနိုင်စွမ်း မရှိပေ။ ထို့ကြောင့် တရုတ်သည် ရုရှားနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့မည့်အစား စောင့်ကြည့်ခြင်းအားဖြင့် အကျိုးအမြတ်ရရှိစေမည့် နည်းဗျူဟာကို အသုံးပြု လျက်ရှိသည်။
လုံခြုံရေးဝန်ထုပ်ဝန်ပိုးအား ရုရှားထံ ကျရောက်စေခြင်း
တနင်္သာရီတိုင်းသည် လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ခုခံတော်လှန်ရေးတပ်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော ဒေသဖြစ်သည်။ ဒေသတွင်း မတည်ငြိမ်မှုများ၊ တော်လှန်ရေးအင်အားစုများ၏ ခုခံမှုနှင့် ခရီးဝေး ထောက်ပံ့ရေးလမ်းကြောင်းဆိုင်ရာ အခက်အခဲများကို ရုရှားကိုယ်တိုင် ရင်ဆိုင် ဖြေရှင်းနေရခြင်းကို တရုတ်က စောင့်ကြည့်နေမည် ဖြစ်သည်။
ကန်ထရိုက် လက်ခွဲယူမှုမှတဆင့် အကျိုးအမြတ် ရယူခြင်း
ရုရှားနိုင်ငံပိုင် လုပ်ငန်းများအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို အမှန်တကယ် စတင်လာပါက ထောက်ပံ့ရေးကွင်းဆက် နီးကပ်မှုများကြောင့် တရုတ်စက်ယန္တရားများ၊ ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီများနှင့် ဒေသတွင်း ကန်ထရိုက်တာများကို မဖြစ်မနေ အားကိုးရမည် ဖြစ်သည်။
ဘဏ္ဍာရေးအရ ဝင်ရောက်စွက်ဖက်ရန် အသင့်ပြင်ထားခြင်း
ကနဦး ရေနက်ဆိပ်ကမ်း တူးဖော်ခြင်း သို့မဟုတ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း အဆင့်များတွင် ရုရှား၏ ရင်းနှီးငွေများ ပြတ်တောက်သွားပါက၊ တရုတ်နိုင်ငံပိုင် လုပ်ငန်းများ သည် ရုရှားအတွက် မရှိမဖြစ် ငွေကြေးထောက်ပံ့သူများအဖြစ် ဝင်ရောက်နေရာယူကာ အဆိုပါ ရုရှားစီမံကိန်းကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အပေါ် မှီခိုရသည့် ကွန်ရက်တခုအဖြစ် ပြောင်းလဲပစ်ရန် အသင့်ရှိနေသည်။
တရုတ်သည် ရုရှား၏ ထားဝယ်စီမံကိန်းကို မနှစ်သက်သော်လည်း ရုရှားအပေါ် တိုက်ရိုက် ဖိအားပေးမှု မပြုဘဲ စစ်အုပ်စုကိုသာ အဓိက ဖိအားပေးနိုင်ခြေရှိသည်။
မြန်မာစစ်ခေါင်းဆောင်ပိုင်းသည် သမိုင်းတလျှောက်တွင် မိမိတို့၏ ပြည်တွင်း အာဏာစက်ကို ထိန်းသိမ်းရန်အတွက် အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုများကို အသုံးချလေ့ရှိသည်။ ၁၀၂၇ စစ်ဆင်ရေး၏ စစ်မြေပြင် ထိုးနှက်ချက်များ အပြီးတွင်မူ တရုတ်သည် ရှမ်းပြည်နှင့် ကချင်ပြည်တလျှောက်ရှိ နယ်စပ် ကုန်သွယ်ရေးနှင့် စစ်ရေးချိန်ခွင်လျှာကို မိမိတို့ကသာ အမှန်တကယ် ထိန်းချုပ်ထားကြောင်း ရှင်းလင်းစွာ ပြသခဲ့ပြီးဖြစ်သည်။
စစ်တပ်က ထိန်းချုပ်ထားသည့် လက်ရှိ အယောင်ဆောင်အရပ်သားအစိုးရအနေဖြင့် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ရှောင်ရှားလိုသည့် သဘောဖြင့် ရုရှားဘက်သို့ အလွန်အမင်း ယိမ်းယိုင်သွားပါက၊ တရုတ်သည် အခွန်အကောက် စီးဆင်းမှုများကို နှောင့်နှေးစေခြင်း၊ နယ်စပ်ဂိတ်များတွင် စစ်ဆေးမှုများ တင်းကျပ်ခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံခြင်းများကို အတိုးအလျှော့ ပြုလုပ်ခြင်းတို့အားဖြင့် သတိပေးနိုင်သည်။ စစ်အုပ်စု အနေဖြင့် ရုရှားနိုင်ငံနှင့် စီးပွားရေးစာချုပ်များ ချုပ်ဆိုခြင်း၊ စစ်လက်နက်နှင့် အာကာသဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးခြင်း စသည်တို့သည် ၎င်းတို့အတွက် သံတမန်ရေးအရ အသုံးတည့်နိုင်သော်လည်း၊ ၎င်းတို့၏ နေ့စဉ် ရှင်သန်ရပ်တည်ရေးမှာ တရုတ်နိုင်ငံနှင့်သာ အဓိက ဆက်စပ်နေဆဲဖြစ်ကြောင်း စစ်ခေါင်းဆောင် ပိုင်းကို သတိပေးရာရောက်စေသည်။
သုံးသပ်ချက်
တရုတ်အစိုးရသည် မြန်မာ့အရေးနှင့် ပတ်သက်၍ ရုရှားအစိုးရနှင့် ရှိထားသည့် ကောင်းမွန်သော ဆက်ဆံရေးကို အထိအခိုက်ခံမည် မဟုတ်သော်လည်း၊ ထားဝယ်ဒေသတွင် ရုရှား၏ ရေကြောင်းခြေကုပ်စခန်း တခု ဖြစ်လာမှုကို မည်သို့မျှ ခွင့်ပြုမည် မဟုတ်ပေ။ တရုတ်နိုင်ငံသည် မိမိတို့ ရရှိထားသည့် ကျောက်ဖြူ စင်္ကြံလမ်း စီမံကိန်း အလုံးစုံ ပြီးမြောက်ရေးကို ပိုမိုအရှိန်မြှင့် ဆောင်ရွက်မည်ဖြစ်ပြီး၊ နေပြည်တော်အပေါ် စီးပွားရေးအရ ဖိအားပေးခြင်း၊ ထားဝယ်စီမံကိန်းတွင် ရုရှား၏ အရင်းအနှီး မလုံလောက်မှုများကို အခွင့်အရေးယူခြင်း စသည့် နည်းလမ်းများကို အသုံးချသွားမည် ဖြစ်သည်။
တရုတ်နှင့် ရုရှားတို့ အကြား အားပြိုင်မှုကို ဖန်တီးပေးလိုက်ခြင်းအားဖြင့် မိမိတို့အနေဖြင့် ကြီးမားသော ပေးဆပ်ရမှု မရှိဘဲ တရုတ်၏ ကြီးစိုးမှုကို လျှော့ချနိုင်လိမ့်မည် ဆိုသော စစ်အုပ်စု၏ ယူဆချက်သည် အမှန်တကယ်တွင် ထင်ယောင်ထင်မှားဖြစ်မှု တခုသာ ဖြစ်သည်။ ဤမှားယွင်းသော ယူဆချက်ကြောင့် အဆုံးသတ်တွင် မြန်မာနိုင်ငံ၏ အရေးပါသော အခြေခံအဆောက်အအုံများအား အင်အားကြီး နှစ်နိုင်ငံ၏ ပြိုင်ဆိုင်မှုအကြား ထိုးကျွေးလိုက်ရသည့် အန္တရာယ်ဆီသို့သာ ဦးတည်သွားစေမည် ဖြစ်ပေသည်။