နိုင်ငံရေးဆိုင်ရာ ဒြပ်ဆွဲအား - ဝင်ရိုးစုံကမ္ဘာတွင် နိုင်ငံရေးစနစ်ကို ရှာဖွေခြင်း


သရုပ်ဖော်ပုံကို AI ဖြင့် ဖန်တီးသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ထူထောင်ခဲ့သည့် နိုင်ငံတကာစနစ် (International order) သည် မကြုံစဖူး ပြင်းထန်သော ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသတို့ရှိ စစ်ပွဲများ၊ အင်အားကြီးနိုင်ငံများအကြား ပိုမိုပြင်းထန်လာသော ပြိုင်ဆိုင်မှုများ၊ လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများနှင့် ကမ္ဘာလုံးဆိုင်ရာ သြဇာ အာဏာ ပြန့်ကျဲလာမှုတို့သည် ရှိရင်းစွဲအဖွဲ့အစည်းများက ထိုအခြေအနေသစ်အား လိုက်လျောညီထွေ လက်ခံနိုင်သည် ထက် ပိုမို လျင်မြန်သော နှုန်းထားဖြင့် နိုင်ငံတကာနိုင်ငံရေးကို ပုံဖော်နေကြသည်။ နှိုင်းယှဉ်ချက်အရ သင့်တင့်သော တည်ငြိမ်မှုကို ဆယ်စုနှစ်များစွာကြာအောင် ထိန်းသိမ်းပေးခဲ့သည့် စည်းမျဉ်းများသည် တကမ္ဘာလုံးအား လွှမ်းခြုံ နိုင်သည့် သြဇာအာဏာ မရှိတော့သော်လည်း ၎င်းတို့နေရာတွင် အစားထိုးရန်အတွက် ခိုင်မာသော အခြားရွေးချယ်စရာ တစုံတခုမျှ ပေါ်ထွက်လာခြင်း မရှိသေးပေ။

 

လူသားမျိုးနွယ်သည် မဟာဗျူဟာသဘောအရ မရေရာမှုများရှိသော ခေတ်ကာလတခုသို့ ရောက်ရှိနေပြီဖြစ်သည်။

ယင်းကို နိုင်ငံတကာစနစ်ကြီး တခုလုံး ပြိုလဲပျက်စီးခြင်းဟု အမှတ်မမှားသင့်ပေ။ စင်စစ်၌ စနစ်ဟောင်းတခု၏ တရားဝင်မှု တဖြည်းဖြည်းချင်း ဆုံးရှုံးနေစဉ် စနစ်သစ်တခုက ပုံပေါ်လာရန် ရုန်းကန်နေရသည့် အကူးအပြောင်းကာလတခုကို ထင်ဟပ်နေခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ကြည့်လျှင် ထိုကဲ့သို့သော အခိုက်အတန့်များသည် ထူးခြားဆန်းပြားလွန်းသည် သို့မဟုတ် ရေရှည်တည်တံ့နေလိမ့်မည် ဆိုသည့် သဘောမျိုး မသက်ရောက်ပါ။ နိုင်ငံရေးစနစ်သစ်များ မွေးဖွားလာရန် ဖြတ်သန်းရမည့် အဆင့်များမှာ ခက်ခဲသော်လည်း မဖြစ်မနေ ကျော်ဖြတ်ရန်သာ ဖြစ်သည်။

ခေတ်သစ် နိုင်ငံတကာစနစ် ကိုယ်တိုင်ကလည်း ထိုကဲ့သို့သော အကူးအပြောင်းကာလကို ဖြတ်သန်းရင်း ပေါ်ထွက်လာခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်၏ ပျက်စီးဆုံးရှုံးမှုများ အပြီးတွင် ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာနိုင်ငံများက တည်ထောင်ခဲ့ကြပြီး စည်းမျဉ်းအခြေပြု နိုင်ငံတကာ စနစ် (Rules-based international order) ဟု အများက သိကြသည့်အရာကို တဖြည်းဖြည်းချင်း တည်ဆောက်ခဲ့ကြသည်။ ချို့ယွင်းချက်များ ရှိသော်လည်း ဤမူဘောင်သည် အင်အားကြီးနိုင်ငံများအကြား တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံနိုင်ခြေကို လျှော့ချပေးခဲ့ခြင်း၊ နိုင်ငံတကာကုန်သွယ်မှုကို တိုးချဲ့ပေးခဲ့ခြင်း၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခြင်းတို့အားဖြင့် အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် တူညီသော ဥပဒေရေးရာနှင့် သံတမန်ရေးရာ အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးခဲ့သည်။

အဆိုပါစနစ်ကို စစ်အေးတိုက်ပွဲ၏ ပထဝီနိုင်ငံရေး လက်တွေ့အခြေအနေများက ပုံဖော်ပေးခဲ့သည်မှာ ရာစုနှစ်တခု၏ ထက်ဝက်နီးပါးခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ယူနီယံတို့သည် စစ်ရေး၊ နိုင်ငံရေးနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ အားပြိုင်နေသည့် နေတိုး (NATO) နှင့် ဝါဆောစာချုပ်အဖွဲ့ (Warsaw Pact) တို့တွင် တဘက်စီ၌ ကိုယ်စားပြုကာ 'ဝင်ရိုးနှစ်ခုစနစ်' (Bipolar system) ကို တည်ထောင်ခဲ့ကြသည်။ ဆိုဗီယက်ယူနီယံ ပြိုလဲသွားပြီးနောက်တွင် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာနိုင်ငံများအပေါ် ပြိုင်ဘက်ကင်းသော သြဇာအာဏာကို ကျင့်သုံးလာနိုင်သည် ဖြစ်ရာ၊ ဤအခိုက်အတန့်ကို ပညာရှင်များက 'ဝင်ရိုးတခုတည်းရှိသော အခိုက်အတန့်' (Unipolar moment) ဟု ဖော်ပြကြသည်။ ထိုအခိုက်အတန့်သည် ယခုအခါ မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။

တရုတ်နိုင်ငံသည် စီးပွားရေး၊ နည်းပညာနှင့် စစ်ရေးစွမ်းပကားများ တိုးတက်လာကာ ကမ္ဘာ၏ အဓိက အင်အားကြီးနိုင်ငံတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။ အိန္ဒိယနိုင်ငံသည်လည်း ၎င်း၏ မဟာဗျူဟာမြောက် သြဇာလွှမ်းမိုးမှုကို ဆက်လက်တိုးချဲ့နေသည်။ ဥရောပသမဂ္ဂသည် အရေးပါသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အဓိကမောင်းနှင်အား အဖြစ် ဆက်လက် တည်ရှိနေပြီး အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသတဝှမ်းရှိ ဒေသတွင်း အင်အားကြီးနိုင်ငံများသည်လည်း သီးခြားလွတ်လပ်သော နိုင်ငံခြားရေးမူဝါဒများကို ပိုမိုကျင့်သုံးလာကြသည်။ နိုင်ငံတကာနိုင်ငံရေးအား ယခင်ကကဲ့သို့ အာဏာဗဟိုချက်တခုတည်းက ပုံဖော်နေခြင်းမဟုတ်တော့ဘဲ အကျိုးစီးပွား အားပြိုင်မှုများ၊ မတူညီသော နိုင်ငံရေးစနစ်များနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအပေါ် မတူကွဲပြားသော မျှော်မှန်းချက်များရှိသည့် ဗဟုအင်အားစု များစွာတို့က ပုံဖော်နေကြသည်။ ရလဒ်အနေဖြင့် ဗဟုဝင်ရိုးစွန်း ကမ္ဘာကြီး (Multipolar world) တခု ဖြစ်လာခဲ့သည်။

ဤအသွင်ကူးပြောင်းမှုသည် စစ်ရေးအာဏာ အပြောင်းအလဲများကြောင့်သာ ဖြစ်လာရခြင်း မဟုတ်၊ နည်းပညာဆန်းသစ်မှု၊ စီးပွားရေးအပြန်အလှန်မှီခိုမှု၊ လူဦးရေပြောင်းလဲမှု၊ ဉာဏ်ရည်တု (AI) နှင့် ဆိုက်ဘာစွမ်းပကားများ အပြင်၊ ဘဏ္ဍာရေးနှင့် သတင်းအချက်အလက်များအား တကမ္ဘာလုံးက ရရှိနိုင်စွမ်း မြင့်မားလာခြင်းတို့ကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။ အာဏာစွမ်းပကားကိုယ်တိုင်သည်ပင် ခေတ်သစ်သမိုင်းတွင် မည်သည့်အချိန်နှင့်မျှ မတူအောင် ပိုမိုပြန့်ကျဲသွားခဲ့သည်။

ထို့အတူ ကမ္ဘာနိုင်ငံများရှိ နိုင်ငံအုပ်ချုပ်ရေးစနစ်များသည်လည်း  ကွဲပြားလာကြသည်။ စည်းမျဉ်းခံဘုရင်စနစ်၊ ပါလီမန်ဒီမိုကရေစီစနစ်၊ သမ္မတစနစ်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်၊ အာဏာရှင်စနစ်များ၊ စစ်အစိုးရများနှင့် တပါတီစနစ်ကျင့်သုံးသော နိုင်ငံများသည် နိုင်ငံတကာစနစ်တခုတည်းအတွင်း အတူတကွ တည်ရှိနေကြသည်။ ၎င်းတို့အကြား အဖွဲ့အစည်းဆိုင်ရာ ကွဲပြားခြားနားမှုများ ရှိကြသော်လည်း ၎င်းတို့အားလုံးသည် လုံခြုံရေး၊ သာယာဝပြောရေး၊ နိုင်ငံရေးအရ တရားဝင်မှုနှင့် အမျိုးသားရေး ကြံ့ခိုင်မှု စသည့် ဘုံသဘော ရည်မှန်းချက်များအတိုင်း ပါဝင်ဆောင်ရွက်နေကြသည်။

ဤရည်မှန်းချက်များကို မြှင့်တင်ရန်အတွက် နိုင်ငံများသည် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးနှင့် စီးပွားရေးမူဘောင်များကို ပိုမို ဖွဲ့စည်းလာကြသည်။ အချို့က နက်ရှိုင်းသော နိုင်ငံရေးအရ ပေါင်းစည်းမှုကို ရွေးချယ်ကြပြီး အချို့ကမူ မဟာဗျူဟာမြောက် မိတ်ဖက်ပြုမှုများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ကုန်သွယ်မှုသဘောတူညီချက်များ သို့မဟုတ် လုံခြုံရေးမဟာမိတ်အဖွဲ့များ တည်ထောင်ခြင်းကို ပိုမိုနှစ်သက်ကြသည်။ အချုပ်အခြာ အာဏာနှင့် ပူးပေါင်းဆောင်ရွက်မှုတို့သည် တခုနှင့်တခု အပြန်အလှန် ဖယ်ထုတ်ထားရန် မလိုကြောင်း ဥရောပသမဂ္ဂက သက်သေပြလျက် နိုင်ငံရေးအရ ဆန္ဒအလျောက် ပေါင်းစည်းခြင်း၏ အအောင်မြင်ဆုံး ဥပမာတခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ အင်ဒို-ပစိဖိတ်၊ အာဖရိကနှင့် အမေရိကတိုက်တဝှမ်းတွင်လည်း ဒေသတွင်းအစီအမံအသစ်များသည် ကမ္ဘာလုံးဆိုင်ရာ သြဇာအာဏာချိန်ခွင်လျှာကို ဆက်လက်ပုံဖော်နေကြသည်။

သို့သော် ပူးပေါင်းဆောင်ရွက်မှုသည် ယနေ့ခေတ် နိုင်ငံတကာ အခင်းအကျင်း၏ ကဏ္ဍတရပ်သာ ဖြစ်သည်။ ပြိုင်ဆိုင်မှုသည်လည်း အလားတူ ကဏ္ဍတရပ် ဖြစ်လာခဲ့သည်။ အင်အားကြီးနိုင်ငံများသည် မဟာမိတ်ကွန်ရက်များကို တည်ဆောက်ကြသည်၊ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများကို တိုးချဲ့ကြသည်၊ နည်းပညာအပေါ် ပြိုင်ဆိုင်ကြပြီး ကမ္ဘာ့ဒေသအသီးသီးတွင် သြဇာလွှမ်းမိုးမှုကို ရှာဖွေကြသည်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေတို့ကို လူသိရှင်ကြား မြှင့်တင်နေကြသည့် အစိုးရများပင်လျှင် ၎င်းတို့၏ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာမြောက် အကျိုးစီးပွားများကို အထောက်အကူပြု လာသည့်အခါမျိုး၌ မိတ်ဖက် အာဏာရှင် အစိုးရများကို ရံဖန်ရံခါ ပံ့ပိုးပေးလေ့ ရှိကြသည်။ ထိုကဲ့သို့သော ဆန့်ကျင်ဘက်ဖြစ်ရပ်များသည် ပုံမှန်မဟုတ်သောအရာများ မဟုတ်ပေ။ ၎င်းတို့သည် နိုင်ငံတကာနိုင်ငံရေး၏ ရေရှည်တည်တံ့သော လက်တွေ့အခြေအနေများထဲမှ တခုသာ ဖြစ်သည်။ နိုင်ငံများသည် စံတန်ဖိုး သက်သက်အပေါ်တွင် အခြေခံ၍ လုပ်ဆောင်ခြင်းမျိုး ရှားပါးသည်။ အမျိုးသားအကျိုးစီးပွားသည်သာ နိုင်ငံခြားရေးမူဝါဒ၏ အဓိက အရင်းအမြစ်အဖြစ် ရှိနေဆဲဖြစ်သည်။

နက်နဲရှုပ်ထွေးသည့် ဤဖြစ်ရပ်ကြောင့်ပင် ယနေ့ခေတ် နိုင်ငံတကာ အခင်းအကျင်းသည် ယခင်ကထက် ပို၍ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေသယောင် မြင်ရစေသည်။ နိုင်ငံများအကြား အာဏာချိန်ခွင်လျှာ ညှိရုံမျှ သက်သက်သည် စိန်ခေါ်မှု မဟုတ်တော့ပေ။ အစိုးရများ၊ နိုင်ငံစုံကော်ပိုရေးရှင်းများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီများနှင့် နိုင်ငံတော်မဟုတ်သောအဖွဲ့အစည်းများ (Non-state actors) အားလုံးက ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကို တပြိုင်နက်တည်း ပုံဖော်နေသည့် နိုင်ငံတကာစနစ်တခုအား စီမံခန့်ခွဲနေရခြင်းသည် စိန်ခေါ်မှု တရပ် ဖြစ်နေသည်။

ထို့ကြောင့် ကျွန်ုပ်တို့ခေတ်တွင် မေးမြန်းရမည့် မေးခွန်းမှာ ကမ္ဘာကြီးအား နောက်ထပ် လွှမ်းမိုးလာမည့်သူ မည်သူနည်း ဆိုသည့် မေးခွန်း မဟုတ်ပါ။ ပေါ်ထွက်လာနေသည့် ဝင်ရိုးစုံကမ္ဘာကြီးသည် အုပ်ချုပ်ရေးအသွင်သဏ္ဌာန် ကွဲပြားမှုများ ကို တဖက်ဖက်အား နစ်နာစေခြင်း မရှိဘဲ တည်ငြိမ်မှုကို ထိန်းသိမ်းပေးနိုင်မည့် နိုင်ငံရေးမျှခြေ ပုံစံသစ်ကို ဖော်ဆောင်နိုင်မည်လား ဆိုသည့် မေးခွန်းပင် ဖြစ်သည်။

ထိုမေးခွန်းကို ဖြေဆိုရန်အတွက် နိုင်ငံရေးလောက၏ အလွန်သို့ ကျော်လွန်ကြည့်ရှုပြီး စကြဝဠာကို စီရင်သည့် ရူပဗေဒ နိယာမများဆီသို့ လှမ်းမျှော်ကြည့်ရှုရန် လိုအပ်ပေလိမ့်မည်။

ဂြိုဟ်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင်ဝင်ရိုးပေါ်တွင် လည်ပတ်နေပြီး မိမိတို့၏ ကိုယ်ပိုင်ပတ်လမ်းကြောင်းအတိုင်း ရွေ့လျားကြသည်။ သို့သော် မည်သည့်ဂြိုဟ်မျှ လုံးဝ အထီးကျန်စွာ ဖြစ်တည်မနေပေ။ နေအဖွဲ့အစည်း၏ တည်ငြိမ်မှုသည် ပင်မ နေလုံးကြီး တခုတည်း၏ လွှမ်းမိုးမှုအပေါ်တွင် မူတည်နေခြင်း မဟုတ်ဘဲ ဂြိုဟ်တခုစီကို အခြားဂြိုဟ်များနှင့် မျှခြေတွင် ရှိနေစေသည့် မမြင်နိုင်သော ဒြပ်ဆွဲအားကွန်ရက်တခုအပေါ်တွင် မူတည်နေခြင်းဖြစ်သည်။ ဂြိုဟ်တိုင်းသည် အားလုံးနှင့် သက်ဆိုင်သည့် ရုပ်ပိုင်းဆိုင်ရာနိယာမများက စီရင်သည့် ပိုမိုကြီးမားသော ဒြပ်ဆွဲအားစနစ်တခု၏ အစိတ်အပိုင်းအဖြစ် တည်ရှိနေစဉ်မှာပင် မိမိတို့၏ ကိုယ်ပိုင်လက္ခဏာကို ဆက်လက် ထိန်းသိမ်းထားကြသည်။

အကယ်၍ ထိုဒြပ်ဆွဲအားမျှခြေသည် အခြေခံကျကျ ပျက်ပြားသွားပါက နောက်ဆက်တွဲ မတည်ငြိမ်မှုများကို ကြုံတွေ့ရလိမ့်မည်။ ဂြိုလ်များ၏ ပတ်လမ်းကြောင်းများကို ခန့်မှန်းရခက်ခဲလာမည်ဖြစ်ပြီး၊ ဂြိုဟ်များ အချင်းချင်း တိုက်မိနိုင်ခြေ ပိုများလာကာ စနစ်တခုလုံး၏ ကြံ့ခိုင်မှုအတွက်ပါ အန္တရာယ် ရှိလာလိမ့်မည်။

လူ့အဖွဲ့အစည်းများကို ရူပဗေဒနိယာမများက စီရင်ခြင်းမပြုပေ။ သို့သော် ၎င်းတို့ ဖန်တီးထားသည့် နိုင်ငံရေးစနစ်များသည် ရူပဗေဒနိယာမနှင့် အလားတူသော နိယာမတခုအပေါ်တွင် မူတည်နေလေ့ရှိသည်။

အာဏာသည် လူတဦးတယောက်၊ အဖွဲ့အစည်းတခု သို့မဟုတ် နိုင်ငံရေးအင်အားစုတခုတည်းတွင် အကန့်အသတ်မရှိ စုစည်းနေပါက မည်သည့်ဒီမိုကရေစီမျှ ကျန်းမာသန်စွမ်းစွာ တည်ရှိနိုင်မည် မဟုတ်ပါ။ ဒီမိုကရေစီ၏ တည်ငြိမ်မှုသည် အစိုးရနှင့် အတိုက်အခံ၊ အမျိုးသားအဆင့်နှင့် ဒေသန္တရအဆင့် အဖွဲ့အစည်းများ၊ လူများစု၏ အုပ်ချုပ်မှုနှင့် လူနည်းစု၏ အခွင့်အရေး၊ လွတ်လပ်မှုနှင့် တာဝန်ယူမှုတို့အကြား မျှခြေမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ တာဝန်ခံမှု၊ ပါဝင်ဆောင်ရွက်မှု၊ ဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ထိန်းညှိမှုတို့သည် လူ့အဖွဲ့အစည်းကို အတူတကွ ထိန်းသိမ်းထားနိုင်စွမ်းရှိပြီး အာဏာကို အင်အားစုတခုတည်းက လွှမ်းမိုးချုပ်ကိုင်ခြင်းမှ ကာကွယ်ပေးသည့် နိုင်ငံရေး ဒြပ်ဆွဲအားများပင် ဖြစ်သည်။

ဤမျှခြေကို ထိန်းသိမ်းနိုင်စွမ်း ရှိသဖြင့်သာ ဖက်ဒရယ်ဒီမိုကရေစီစနစ်သည် လူသားတို့၏ အအောင်မြင်ဆုံး နိုင်ငံရေးပုံစံများထဲမှ တခုဖြစ်လာခြင်း ဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီစနစ်၏ အဓိကရည်ရွယ်ချက်မှာ အစိုးရ၏ ယန္တရား အလွှာများအကြား အာဏာခွဲဝေရန် သက်သက် မဟုတ်ပေ။ သို့သော် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ထင်မှတ်ရသည့် ဘက်နှစ်ဘက် အကြားရှိ ညီညွတ်မှုနှင့် မတူကွဲပြားမှုတို့ အကြား သဟဇာတ ဖြစ်နိုင်ခြေကို ရှာဖွေခြင်း ဖြစ်သည်။ ပြည်နယ်များ၊ တိုင်းဒေသကြီးများ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံယူနစ်များသည် မိမိတို့၏ ကိုယ်ပိုင်ကိစ္စရပ်များကို စီရင်ဆောင်ရွက်ရန်၊ မိမိတို့၏ ဖြစ်တည်မှုကို ထိန်းသိမ်းရန်နှင့် ဒေသတွင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် အဓိပ္ပါယ်ပြည့်ဝသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရရှိထားကြသည်။ တချိန်တည်းမှာပင် ၎င်းတို့အား တူညီသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူများ၊ မျှဝေအသုံးပြုသည့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု၏ တည်ငြိမ်မှုတို့အတွက် စုပေါင်းတာဝန်ယူမှုတို့ဖြင့် အတူတကွ ချည်နှောင်ထားကြသည်။

ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်၏ အင်အားသည် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းတခုတည်းတွင် မူတည်ခြင်း မရှိဘဲ မတူကွဲပြားမှုများကို စည်းလုံးညီညွတ်မှုအဖြစ် ပြောင်းလဲနိုင်စွမ်းအပေါ်တွင် မူတည်လျက်ရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိန်းညှိပေးသည်။ ကိုယ်ပိုင်အစိုးရဖွဲ့စည်းမှုကို စုပေါင်းတာဝန်ယူမှုဖြင့် ထိန်းညှိပေးသည်။ နိုင်ငံရေးအရ ခြားနားမှုများသည် အစိတ်စိတ်အမြွှာမြွှာကွဲပြားခြင်းထက် ကြံ့ကြံ့ခံနိုင်ရည်ရှိခြင်း၏ အရင်းအမြစ်များ ဖြစ်လာသည်။ ဤနိယာမသည် ပြည်တွင်းအုပ်ချုပ်မှု အပြင်ဘက်သို့ပါ ကျယ်ပြန့်စွာ သက်ရောက်သည်။

တည်ငြိမ်သော ဝင်ရိုးစုံ နိုင်ငံတကာစနစ်တခုကို စစ်ရေးအရ အသာစီးရမှု တခုတည်းဖြင့် သော်လည်းကောင်း၊ စီးပွားရေးအရ ဖိအားပေးမှု သို့မဟုတ် နည်းပညာဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်မှုတို့ဖြင့်သော်လည်းကောင်း ရေရှည်မထိန်းသိမ်းနိုင်ပေ။ ရေရှည်တည်တံ့သော နိုင်ငံတကာစနစ်များသည် အာဏာကဲ့သို့ပင် တရားဝင်မှုအပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သမိုင်းက ထပ်ခါတလဲလဲ သက်သေပြခဲ့သည်။ နိုင်ငံများ၏ ရေရှည်လုံခြုံရေးသည် ၎င်းတို့က ဘုံစည်းမျဉ်းများကို လက်ခံကြခြင်း၊ အပြန်အလှန်ထိန်းညှိမှုများကို အသိအမှတ်ပြုကြခြင်းနှင့် အပြန်အလှန်ဆက်နွယ်လျက်ရှိသည်။ ထိုသဘောအရ နိုင်ငံတကာနိုင်ငံရေးတွင်လည်း နိုင်ငံရေးဆိုင်ရာ ဒြပ်ဆွဲအားစနစ်တခု လိုအပ်သည်။

နိုင်ငံရေးဆိုင်ရာ ဒြပ်ဆွဲအားဆိုသည်မှာ လွှမ်းမိုးနိုင်စွမ်းရှိသူ တဦးတည်းထံ၌ အာဏာစုပြုံနေခြင်း မဟုတ်ပေ။ နိုင်ငံများအကြား တိကျသော တန်းတူညီမျှမှု ရှိနေခြင်းကိုလည်း ဆိုလိုခြင်းမဟုတ်ပါ။ ပြိုင်ဆိုင်မှုများမှသည် ရေရှည်ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်မလာရလေအောင် ကာကွယ်ပေးသည့် ဘုံစံနှုန်းများ၊ အဖွဲ့အစည်းများ၊ တာဝန်ယူမှုများနှင့် အပြန်အလှန်ထိန်းညှိမှုများကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းသည်  ရုပ်ပိုင်းဆိုင်ရာ စကြဝဠာရှိ ဒြပ်ဆွဲအားကဲ့သို့ပင် ၎င်းအား မြင်ရလေ့မရှိသော်လည်း ၎င်း၏ တည်ရှိမှုက စနစ်တခုသည် ဆက်လက်တည်ငြိမ်နေမည်လား သို့မဟုတ် အစိတ်စိတ်အမြွှာမြွှာ ကွဲစပြုနေပြီလား ဆိုသည်ကို ဆုံးဖြတ်ပေးသည်။

ထိုကဲ့သို့သော နိုင်ငံရေးဆိုင်ရာ ဒြပ်ဆွဲအားသာ မရှိလျှင် ဝင်ရိုးစုံစနစ်သည် ထိန်းကွပ်မှု ကင်းမဲ့နေသည့် ပြိုင်ဆိုင်မှုတခုမျှသာ ဖြစ်သွားနိုင်ခြေရှိသည်။ ထိုသို့ဖြစ်လျှင် ဒေသတွင်း ပဋိပက္ခများသည် ကြားခံစစ်ပွဲများ (Proxy wars) ဖြစ်လာနိုင်သည်။ စီးပွားရေးအရ အပြန်အလှန်မှီခိုမှုသည် စီးပွားရေးအရ ဖိအားပေးမှု ဖြစ်လာနိုင်သည်။ နည်းပညာဆန်းသစ်တီထွင်မှုသည် မျှဝေခံစားရမည့် တိုးတက်မှုထက် မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှု ကွင်းပြင်တခု ဖြစ်လာနိုင်သည်။ ဘုံသဘောဆောင်သည့် နိုင်ငံရေး ဆွဲဆောင်မှု မရှိခြင်းသည် ပထဝီနိုင်ငံရေး သဘောအရ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်မှုကို ပိုမိုမြန်ဆန်စေနိုင်သည်။

ဆန့်ကျင်ဘက်အနေနှင့် နိုင်ငံရေးဆိုင်ရာ ဒြပ်ဆွဲအားဖြင့် ပံ့ပိုးထားသော ဝင်ရိုးစုံကမ္ဘာသည် တည်ငြိမ်မှုကို မစွန့်လွှတ်ဘဲ မတူကွဲပြားမှုများကို ထိန်းသိမ်းနိုင်သည်။ မတူညီသော ယဉ်ကျေးမှုများ၊ နိုင်ငံရေးစနစ်များနှင့် ဒေသတွင်းအဖွဲ့အစည်းများ တည်ရှိနေခြင်းသည် အတူတကွယှဉ်တွဲနေထိုင်ရေးအတွက် အဟန့်အတားများ ဖြစ်လာရန် မလိုပါ။ ယင်းအစား ၎င်းတို့သည် အချုပ်အခြာအာဏာ၊ ငြိမ်းချမ်းစွာ အတူအယှဉ်တွဲနေထိုင်ရေး၊ နိုင်ငံတကာဥပဒေ၊ နိုင်ငံအား တာဝန်ယူမှုရှိစွာ အုပ်ချုပ်မှုနှင့် အပြန်အလှန်လေးစားမှု စသည့် တူညီသောအခြေခံမူများဖြင့် ချိတ်ဆက်ထားသော လွတ်လပ်သော သြဇာအာဏာဗဟိုချက်များအဖြစ် တည်ရှိနေနိုင်သည်။ ယင်းသည် နိုင်ငံရေးအရ ပုံစံတူညီမှု ရှိစေရန်ထက် မျှခြေတခု ရှိနေစေရန် အားထုတ်နေခြင်းသာ ဖြစ်သည်။

သမိုင်းကြောင်းအရ ကြည့်လျှင် ရေရှည်တည်တံ့သော နိုင်ငံရေးစနစ်တိုင်းသည် နောက်ဆုံးတွင် ပြိုင်ဆိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အကြား မျှခြေတခုအပေါ်တွင် မူတည်နေသည်။ ဗဟိုချုပ်ကိုင်မှု လွန်ကဲခြင်းသည် တွန်းလှန်မှုကို ဖြစ်စေသည်။ အကန့်အသတ်မရှိ အစိတ်စိတ်အမြွှာမြွှာကွဲပြားခြင်းသည် မတည်ငြိမ်မှုကို ဖြစ်စေသည်။ ရေရှည်တည်တံ့သော စနစ်သည် ဤအစွန်းနှစ်ဖက်အကြား တနေရာရာမှ ပေါ်ထွက်လာခြင်းဖြစ်သည်။

၂၁ ရာစုသည် စစ်အေးတိုက်ပွဲအပြီး ပေါ်ပေါက်ခဲ့သည့် ဝင်ရိုးတခုတည်းရှိသော အခိုက်အတန့်သို့ လုံးဝပြန်သွားလိမ့်မည် မဟုတ်ပါ။ ၂၀ ရာစု၏ အစိတ်အပိုင်းအများစုကို ပုံဖော်ခဲ့သည့် ဝင်ရိုးနှစ်ခုစနစ်ကို ပြန်လည်ဖန်တီးနိုင်ခြေလည်း မရှိပါ။ အနာဂတ်သည် ဝင်ရိုးစုံကမ္ဘာ ဖြစ်လာရန် သေချာသလောက်ရှိသည်။ ထို့ကြောင့် ကျန်ုပ်တို့ ရင်ဆိုင်နေရသည့် တကယ့် စိန်ခေါ်မှုမှာ ဝင်ရိုးစုံစနစ်ကို မည်သို့တားဆီးရမည်နည်း ဆိုသည် မဟုတ်ဘဲ ၎င်းကို တာဝန်သိစွာ မည်သို့ စီမံခန့်ခွဲမည်နည်း ဆိုသည်ပင် ဖြစ်သည်။

ကျွန်ုပ်တို့ခေတ်တွင် မေးမြန်းရမည့် မေးခွန်းမှာ မည်သည့်နိုင်ငံက ကမ္ဘာကြီးကို ဦးဆောင်မည်နည်း ဆိုသည့် မေးခွန်း မဟုတ်တော့ပေ။ ပြိုင်ဆိုင်မှုများက ပူးပေါင်းဆောင်ရွက်မှုများကို လွှမ်းမိုးမသွားစေဘဲ သြဇာအာဏာဗဟိုချက်များစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်စေရန် လုံလောက်သော နိုင်ငံရေးဆိုင်ရာ ဒြပ်ဆွဲအားကို လူသားတို့က ဖော်ဆောင်နိုင်မလား ဆိုသည့် မေးခွန်းသာ ဖြစ်သည်။ 

စကြဝဠာကြီးသည် ဂြိုဟ်တလုံးတည်း၏ လွှမ်းမိုးနိုင်စွမ်းအပေါ်တွင် တည်ဆောက်ထားခြင်း မဟုတ်သကဲ့သို့ လူသားမျိုးနွယ်၏ အနာဂတ်သည်လည်း နိုင်ငံတခု၊ မဟာမိတ်အဖွဲ့ တဖွဲ့ သို့မဟုတ် အတွေးအခေါ်တခုခု၏ အမြဲတမ်း လွှမ်းမိုးမှုအပေါ်တွင် အခြေစိုက်ထားခြင်း မရှိပါ။ ယင်းသည် အချုပ်အခြာအာဏာနှင့်အတူ တာဝန်ယူမှုကိုလည်းကောင်း၊ ပြိုင်ဆိုင်မှုနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကိုလည်းကောင်း၊ ညီညွတ်မှုနှင့်အတူ မတူကွဲပြားမှုကိုလည်းကောင်း လက်ခံအားပေးသည့် အဖွဲ့အစည်းများကို တည်ဆောက်နိုင်မည့် ကျွန်ုပ်တို့၏ စုပေါင်းစွမ်းရည် အပေါ်တွင်သာ မူတည်လိမ့်မည်ဖြစ်သည်။

 

နိုင်ငံရေးဆိုင်ရာ ဒြပ်ဆွဲအားတခုတည်းဖြင့် ပဋိပက္ခများကို မပပျောက်စေနိုင်ပါ။ သို့သော် ၎င်းမရှိလျှင် မည်မျှပင် အားကောင်းသော နိုင်ငံတကာစနစ် ဖြစ်စေကာမှု ရေရှည်တည်ငြိမ်နိုင်မည်မဟုတ်ပေ။ ထိုနိုင်ငံရေးဆိုင်ရာ ဒြပ်ဆွဲအားအသစ်ကို ရှာဖွေခြင်းသည် ၂၁ ရာစုတွင် အဓိပ္ပါယ်ဖွင့်ဆိုရမည့် နိုင်ငံရေးလုပ်ငန်းစဉ်များထဲမှ တခုဖြစ်ကြောင်း မကြာမီ သက်သေထူနိုင်ပါလိမ့်မည်။


အက်ဒ်ဝပ် ဂျွန်စ် (Edward Johns) သည် သတင်းထောက်တဦးဖြစ်ပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူဟောင်းတဦးလည်း ဖြစ်သည်။ သူသည် နိုင်ငံရေးကိစ္စရပ်များ၊ ဒီမိုကရေစီ၊ ပထဝီနိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့နှင့် စပ်လျဉ်းသည့် ဆောင်းပါးများကို ရေးသားလျက်ရှိသည်။

Next
Next

သူခိုးကို ဘဏ္ဍာစိုးခန့်ခြင်း