ကုလသမဂ္ဂတွင် မင်းအောင်လှိုင်၏ ကိုယ်စားလှယ်အား နေရာပေးနိုင်ခြေ ရှိ-မရှိ သုံးသပ်ခြင်း


သရုပ်ဖော်ပုံကို AI ဖြင့် ဖန်တီးသည်။

‌ဆောင်းပါးအနှစ်ချုပ်

• ကိုယ်စားလှယ် အသစ် ခန့်အပ်ရေး ကိစ္စကို အများသဘောတူ ဆိုင်းငံ့ထားရေးသည် ဖြစ်နိုင်ခြေ အရှိဆုံး လမ်းကြောင်းအဖြစ် ဆက်လက်တည်ရှိနေသည်။ ကိုယ်စားလှယ် အသစ် ခန့်အပ်ရေး ကိစ္စကို ကုလသမဂ္ဂ နည်းဥပဒေ ၂၉ အရ မဲခွဲဆုံးဖြတ်ခြင်းမပြုဘဲ အများသဘောတူ ဆိုင်းငံ့ထားခြင်း (Consensus Deferral) သည် အဖြစ်နိုင်ဆုံး ရလဒ်  ဖြစ်ပြီး ဤနည်းလမ်းအရ သံအမတ်ကြီး ဦးကျော်မိုးထွန်း အနေဖြင့် မိမိ၏ နေ့စဉ်တာဝန်များနှင့် မိန့်ခွန်းပြောကြားခွင့်ကို ဆက်လက် ရရှိသွားမည် ဖြစ်သည်။

• သံတမန် အထောက်အထား စိစစ်ရေးကော်မတီဝင် နိုင်ငံငယ်အချို့ အပေါ် တရုတ်နှင့် ရုရှားနိုင်ငံတို့က ဩဇာသက်ရောက်နိုင်ခြေ ရှိခြင်းသည် ဦးကျော်မိုးထွန်းအတွက် အဟန့်အတား ဖြစ်နိုင်သည်ဟု အချို့က ယူဆကြသည်။ သို့သော် အဆိုပါ နိုင်ငံငယ်များအနေဖြင့် ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်း အစဉ်အလာများကို ဆန့်ကျင်ကာ မိမိတို့နှင့် သံတမန် ဆက်ဆံရေး ထူထောင်မထားသည့် မြန်မာနိုင်ငံ၏ အရေးကိစ္စ အတွက် ကြီးမားသော သံတမန်ရေး စွန့်စားမှုကို ပြုလုပ်နိုင်ခြေ နည်းပါးသည်။

• အတိုက်အခံများကို ချန်လှပ်ပြီး မိမိစိတ်ကြိုက် စီစဉ်ထားသော ဟန်ပြရွေးကောက်ပွဲများမှတဆင့် မင်းအောင်လှိုင် သမ္မတဖြစ်လာခြင်းသည် အထွေထွေညီလာခံ၏ အသိအမှတ်ပြုမှု စံနှုန်းများနှင့် မကိုက်ညီသည့် အပြင်၊ နိုင်ငံတကာတရားရုံး (ICJ) နှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တို့တွင် ရင်ဆိုင်နေရသော အမှုများကြောင့် မင်းအောင်လှိုင်၏ ကိုယ်စားလှယ်ကို ကုလသမဂ္ဂတွင် နေရာပေးနိုင်ခြေ နည်းပါးသည်။

• အထောက်အထား စိစစ်ရေးကော်မတီဝင် အင်အားကြီးနိုင်ငံ သုံးခု၏ တက်ကြွသော သံတမန်ရေး ညှိနှိုင်းမှုများနှင့် ကုလသမဂ္ဂ၏ အစဉ်အလာ လုပ်ထုံးလုပ်နည်း စဉ်ဆက်မပြတ်မှုကို လိုလားသော ကျန်အဖွဲ့ဝင်နိုင်ငံငယ်များ၏ သဘောထားတို့သည် စစ်အုပ်စု ကိုယ်စားလှယ်ကို ကုလသမဂ္ဂတွင် နေရာပေးခြင်းမှ ရှောင်လွှဲစေနိုင်သည်။

 

ခန့်မှန်းခြေ ဖတ်ရှုချိန် - ၆-၇ မိနစ်ခန့်

၈၁ ကြိမ်မြောက် သံတမန် အထောက်အထားစိစစ်ရေး ကော်မတီ၏ ဖွဲ့စည်းပုံနှင့် ပကတိ အခြေအနေ

အဖွဲ့ဝင် ၉ နိုင်ငံ ပါရှိသည့် သံတမန် အထောက်အထား စိစစ်ရေးကော်မတီကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ပါရှိသည့် ကုလသမဂ္ဂ အထွေထွေညီလာခံက ဖွဲ့စည်းပေးထားခြင်း ဖြစ်သည်။ ဤကော်မီတီ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သော စာရွက်စာတန်းများနှင့် ဥပဒေရေးရာ အချက်အလက်များကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး (UN Secretariat) က ပံ့ပိုးပေးသည်။

အထောက်အထား စိစစ်ရေးကော်မတီ၏ တာဝန်မှာ အဖွဲ့ဝင် နိုင်ငံတိုင်းက နှစ်စဉ် အဆိုတင်သွင်းလာသည့် ကုလသမဂ္ဂဆိုင်ရာ သံကိုယ်စားလှယ်များ၏ ကိုယ်စားပြုခွင့်ဆိုင်ရာ အရည်အချင်းများကို ကုလသမဂ္ဂ၏ သံတမန်ရေး စံချိန်စံညွှန်းများနှင့် အညီ စိစစ်ခြင်း၊ ထိုအဆိုတင်သွင်းမှုကို ကန့်ကွက်သူ ရှိလာပါက ကန့်ကွက်ရခြင်း အကြောင်းရင်းအားစုံစမ်းမေးမြန်းခြင်းတို့ကို ဆောင်ရွက်ရသည်။ 

ထို့နောက် -

(၁) အဆိုတင်သွင်းခံရသူအား ထိုနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုသင့်ကြောင်း၊ သို့မဟုတ်

(၂) ကန့်ကွက်မှု (သို့မဟုတ်) ကိုယ်စားလှယ် စင်ပြိုင်တင်သွင်းမှု ရှိလာပါက နှစ်ဖက်၏ အဆိုများကို ကြားနာစစ်ဆေးပြီးနောက် -

(က) ယမန်နှစ်တွင် ရှိခဲ့သည့် ကိုယ်စားလှယ်ကို ဆက်လက် ကိုယ်စားပြုခွင့်ပေးသင့်ကြောင်း၊ သို့မဟုတ်

(ခ) ရှိရင်းစွဲ ကိုယ်စားလှယ်၏ နေရာတွင် စင်ပြိုင်တင်သွင်းသူကို ကိုယ်စားလှယ်အဖြစ် လက်ခံသင့်ကြောင်း၊ သို့မဟုတ်

(ဂ) မည်သူ့ကိုမှ ကိုယ်စားလှယ်အဖြစ် အသိအမှတ် မပြုတော့ဘဲ ထိုနေရာကို လစ်လပ်နေရာ အဖြစ် ထားရှိသင့်ကြောင်း - စသည်ဖြင့် အကြံပြု အစီရင်ခံစာ ရေးသားကာ ကော်မတီအဖွဲ့ဝင် ၉ နိုင်ငံ၏ အတည်ပြုချက်ကို ရယူရသည်။ ပြီးလျှင် အဆိုပါ အကြံပြု အစီရင်ခံစာကို အထွေထွေညီလာခံသို့ တင်သွင်းရသည်။

စိစစ်ရေးကော်မတီက ပေးပို့သည့် ထိုအစီရင်ခံစာပါ အကြုံပြုချက်ကို အထွေထွေညီလာခံက သုံးသပ်ပြီးနောက် အကြံပြုချက်ကို လက်ခံခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ချခြင်း စသည်တို့ကို အထွေထွေညီလာခံရှိ ကုလသမဂ္ဂ အဖွဲ့ဝင် ၁၃၉ နိုင်ငံ၏ ညီညွတ်သော သဘောအရ ဖြစ်စေ၊ မဲခွဲ၍ ဖြစ်စေ အတည်ပြုရသည်။ ဤသည်မှာ ကုလသမဂ္ဂ၏ သံတမန် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ ဘယ်လ်ဂျီယံ၊ ဘဟားမားစ်၊ ဂျမေကာ၊ ဘီနင်၊ ဗာနူအာတူ နှင့် ယူဂန်ဒါတို့ ပါဝင်သော သံတမန်အထောက်အထား စိစစ်ရေးကော်မတီကို ကုလသမဂ္ဂ အထွေထွေညီလာခံက ဖွဲ့စည်း ခန့်အပ်လိုက်ခြင်းသည် နှစ်စဉ် ပြုလုပ်နေကျ လုပ်ထုံးလုပ်နည်း တခုသာ ဖြစ်ပါသည်။ သို့သော် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အား အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်၍မူ ဤကော်မတီ၏ လုပ်ငန်းဆောင်ရွက်ပုံကို ပထဝီနိုင်ငံရေးနှင့် သံတမန်ရေး သဘောအရ တိကျစွာ ဆန်းစစ်လေ့လာရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် အတုအယောင် အရပ်သား အစိုးရကို ဖွဲ့စည်းပြီးနောက် ကုလသမဂ္ဂရှိ မြန်မာကိုယ်စားလှယ် နေရာတွင် ဦးကျော်မိုးထွန်း ဆက်လက် ရရှိရန် မသေချာတော့ပါဟု ယူဆသူများ ရှိလာသည်။ စစ်အုပ်စုကို အသိအမှတ်ပြု ဆက်ဆံနေသော တရုတ်နှင့် ရုရှားနိုင်ငံတို့သည် စိစစ်ရေးကော်မတီဝင် နိုင်ငံငယ် အချို့နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသောကြောင့် ထိုနိုင်ငံကြီး နှစ်ခုသည် နိုင်ငံငယ်များအပေါ် ဖိအားပေးကာ စစ်အုပ်စုအတွက် အလေးသာစေမည့် ဆုံးဖြတ်ချက်မျိုး ကို ချမှတ်စေနိုင်သည်ဟု ၎င်းတို့က တွက်ဆထားကြပါသည်။

သို့သော် သံတမန် အထောက်အထား စိစစ်ရေးကော်မတီဝင်များ အနေဖြင့် နိုင်ငံကိုယ်စားလှယ်များအား ရွေးချယ်ရာတွင် အင်အားကြီးနိုင်ငံများနှင့် မိမိနိုင်ငံတို့အကြား ရှိနေသော ဆက်ဆံရေးနှင့် သံတမန်အထောက်အထားဆိုင်ရာ စိစစ်မှုများကို တကန့်စီ ခွဲခြား၍ ဆောင်ရွက်လေ့ရှိပါသည်။

နိုင်ငံတကာ အစဉ်အလာကို ချိုးဖောက်ပါက ပေးဆပ်ရမည့် သံတမန်ရေး အရင်းအနှီး

နိုင်ငံငယ်များသည် ၎င်းတို့အတွက် တိုက်ရိုက်အကျိုးအမြတ် မရှိပါက အခြား နိုင်ငံများ၏ ကိုယ်စားလှယ်များအား ရွေးချယ်ရာတွင် ကုလသမဂ္ဂ၏ အစဉ်အလာ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်လေ့မရှိပေ။ နိုင်ငံတကာတရားရုံးများ၏ အရေးယူ စစ်ဆေးမှု ခံနေရသော အရပ်သားအစိုးရ အယောင်ဆောင် စစ်အုပ်စုတခုကို ကုလသမဂ္ဂ၌ တရားဝင် ရပ်တည်ခွင့်ပေးခဲ့သည် ဆိုသော မှတ်တမ်းတင်မှုမျိုးကို ၎င်းတို့ ခံယူလိုမည် မဟုတ်ပါ။ 

မြန်မာစစ်အုပ်စုဖက်သို့ ယိမ်းလိုက်ခြင်းအားဖြင့် တရုတ်နှင့် ရုရှားထံမှ အကျိုးအမြတ် တစုံတရာ ရ-မရ မသေချာသော်လည်း အခြား အင်အားကြီး နိုင်ငံများနှင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်သောကြောင့် ဆုံးဖြတ်ချက် ချမှတ်ရာတွင် သတိထားလေ့ ရှိကြသည်။ ထို့ကြောင့် ကမ္ဘာနိုင်ငံ အများစုနှင့် သဘောထား ကွဲလွဲနိုင်ခြေရှိသည့် မြန်မာနိုင်ငံဆိုင်ရာ မဲခွဲဆုံးဖြတ်မှုတွင် စစ်အုပ်စုဖက်လိုက်သော ဆုံးဖြတ်မှုမျိုးကို ချမှတ်ရန် ခဲယဉ်းပါသည်။ ဆုံးဖြတ်ချက် မှားခဲ့ပါက ၎င်းတို့၏ နိုင်ငံရေးနှင့် သံတမန်ရေးရာ ရေရှည် မဟာဗျူဟာကို ထိခိုက်စေနိုင်ပါသည်။

တရုတ်နှင့် ရုရှားနိုင်ငံတို့ အနေဖြင့်လည်း ၎င်းတို့နှင့် ဆက်ဆံရေးကောင်းမွန်သော နိုင်ငံငယ်များအား မြန်မာစစ်အုပ်စုဖက်သို့ လိုက်၍ မဲပေးစေရန် အတင်းအကျပ် တွန်းအားပေးမည် ဆိုပါက ထိုနိုင်ငံငယ်များအား မလိုလားအပ်သော ပထဝီနိုင်ငံရေး အကျပ်အတည်းကြားသို့ တွန်းပို့ရာ ရောက်မည် ဖြစ်သည်။ သို့ဖြစ်ရာ တရုတ်နှင့် ရုရှားနိုင်ငံတို့ အတွက် ပြဿနာ အနည်းဆုံးနှင့် အဆင်အပြေဆုံး ရွေးချယ်မှုမှာ မြန်မာကိုယ်စားလှယ်အသစ် ရွေးချယ်ခြင်းကို အများသဘောတူ ဆိုင်းငံ့ထားရေး (Consensus Deferral) ပင် ဖြစ်သောကြောင့် ထိုသို့ ဖြစ်နိုင်သည့် အလားအလာ ပိုများလျက်ရှိသည်။

အယောင်ဆောင် အရပ်သားအစိုးရနှင့် ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် စံနှုန်း

မင်းအောင်လှိုင်သည် အတုအယောင် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် အမည်ခံ လွှတ်တော်က ဖွဲ့စည်းပေးလိုက်သော သူ၏ အယောင်ဆောင် အရပ်သားအစိုးရအား ပုံမှန်အစိုးရတရပ်ဟု သံတမန် အထောက်အထား စိစစ်ရေးကော်မတီက အသိအမှတ်ပြုကာ ၎င်း၏ သံကိုယ်စားလှယ်အဖွဲ့ကို ကုလသမဂ္ဂတွင် နေရာပေးလိမ့်မည်ဟု ယူဆထားပုံရသည်။ စင်စစ်တွင် မင်းအောင်လှိုင်သည် အတိုက်အခံများကို ချန်လှပ်၍ ကျင်းပသည့် ဟန်ပြရွေးကောက်ပွဲ အပြီး၌ မိမိကိုယ်မိမိ ဗိုလ်ချုပ်မှူးကြီး ရာထူးမှ သမ္မတ ရာထူးသို့ ပြောင်းလဲ ခန့်အပ်ခဲ့ခြင်းမှ တပါး အခြား ထူးခြားချက် တစုံတရာ မရှိခဲ့ပါ။ သံတမန်အထောက်အထား စိစစ်ရေးကော်မတီ၏ တာဝန်သည် စာရွက်ပေါ်မှ အဖွဲ့အစည်းနှင့် ရာထူးများကို တစုံတရာ စိစစ်ခြင်း မပြုဘဲ လက်ခံပေးရန် မဟုတ်ပါ။ ဤကော်မီတီ၏ အဓိကတာဝန်မှာ အစိုးရ အမည်ခံထားသည့် အဖွဲ့အစည်းများ၏ နိုင်ငံအုပ်ချုပ်ပိုင်ခွင့်သည် နိုင်ငံတကာ ဥပဒေများနှင့် ညီညွတ်ခြင်း ရှိ-မရှိ ဆိုသည်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အစဉ်အလာ သဘောတရားများနှင့် ချိန်ထိုး၍ အဆုံးအဖြတ်ပေးရန် ဖြစ်သည်။

စစ်အုပ်စုအနေဖြင့် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအား ကိုယ်စားပြုခွင့် မရှိကြောင်း ထင်ရှားစေသည့် အချက်သုံးချက် ရှိသည်။ ယင်းတို့မှာ -

၁။ အာဏာရှင် အုပ်ချုပ်ရေး စနစ် မပြောင်းလဲခြင်း

စစ်အုပ်စုကို အရပ်သားအစိုးရ အသွင်ပြောင်းလဲခဲ့သော်လည်း ဖိနှိပ်ရေးယန္တရားများကို ယခင်အတိုင်း ထားရှိသည်။ ထိုအချက်ကြောင့် မင်းအောင်လှိုင်၏ အစိုးရသည် စစ်အာဏာရှင်စနစ်ကို အရပ်သားမျက်နှာဖုံး စွပ်ထားခြင်းသာ ဖြစ်ကြောင်း ထင်ရှားစေသည်။

၂။ နယ်မြေ ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာခြင်း

တရားဝင် အစိုးရတရပ်၏ အခြေခံ အကျဆုံး အရည်အချင်းမှာ တိုင်းပြည်၏ နယ်မြေနှင့် အုပ်ချုပ်ရေးယန္တရားတို့ကို ထိရောက်စွာ ထိန်းချုပ်နိုင်စွမ်း (Effective Control) ရှိခြင်း ဖြစ်သည်။ သို့သော် မြန်မာစစ်အုပ်စုသည် ဤအခြေခံ အရည်အချင်းကိုပင် ပြည့်စုံအောင် ဖြည့်ဆည်းနိုင်စွမ်း မရှိပါ။ စစ်တပ်သည် နိုင်ငံအနှံ့ရှိ စစ်မြေပြင်များတွင် အကြီးအကျယ် အထိနာနေပြီး နယ်မြေ အများစုကို ဆုံးရှုံးလျက် ရှိသည်။ ၎င်း၏ အုပ်ချုပ်ရေးယန္တရားသည်လည်း ပြိုကွဲနေပြီ ဖြစ်သည်။

၃။ နိုင်ငံတကာတရားရုံးများ၏ အရေးယူမှုများ

နိုင်ငံတကာတရားရုံး (ICJ) နှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တို့တွင် မြန်မာနိုင်ငံက ရင်ဆိုင်နေရသော လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများသည် စစ်အုပ်စုနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။ ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအများစု အနေဖြင့် စစ်အုပ်စု၏ အယောင်ဆောင် အရပ်သားအစိုးရအား တရားဝင် အသိအမှတ်ပြုရန် ဆိုသည်မှာ နိုင်ငံရေးအရရော၊ ဥပဒေကြောင်းအရပါ ဖြစ်နိုင်ခြေ အလွန် နည်းပါးသည်။

နည်းဥပဒေ ၂၉ (သို့မဟုတ်) ကိုယ်စားလှယ်အသစ် ရွေးချယ်မှုကို ဆိုင်းငံ့ထားနိုင်သည့် လုပ်ထုံးလုပ်နည်း

သံအမတ်ကြီး ဦးကျော်မိုးထွန်းအား လုပ်ထုံးလုပ်နည်းဆိုင်ရာ ဥပဒေပိုင်းအရ အကာအကွယ်ပေးထားသည်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ နည်းဥပဒေ ၂၉ (Rule 29) ဖြစ်သည်။

နည်းဥပဒေ ၂၉ တွင် - "ကိုယ်စားလှယ်တဦး၏ ကိုယ်စားပြုခွင့်သည် ကန့်ကွက်ခြင်း ခံထားရစေကာမူ၊ သံတမန် အထောက်အထားစိစစ်ရေး ကော်မတီက အစီရင်ခံစာ တင်သွင်းပြီး အထွေထွေညီလာခံက ဆုံးဖြတ်ချက် မချမှတ်မချင်း အဆိုပါ ကိုယ်စားလှယ်သည် အခြားသော ကိုယ်စားလှယ်များနည်းတူ တန်းတူအခွင့်အရေးများဖြင့် ဆက်လက် ကိုယ်စားပြုခွင့်ရှိသည်" ဟု ဆိုထားပါသည်။

အပြိုင်တင်သွင်းလာသော အထောက်အထားများကို စိစစ်ပြီးနောက် ကိုယ်စားလှယ်အဖွဲ့သစ် ခန့်အပ်ခြင်းကို တနှစ်တာ ဆိုင်းငံ့ထားရန် (Defer လုပ်ရန်) စိစစ်ရေးကော်မတီက အကြံပြုလာပါက အထွေထွေညီလာခံသည် ယင်းဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံ အများစု၏ သဘောတူညီမှုဖြင့် အတည်ပြုရသည်။ ဦးကျော်မိုးထွန်း ဦးဆောင်သည့် လက်ရှိ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ကိုယ်စားပြုခွင့်ကို အထွေထွေညီလာခံက ပြန်လည် ရုပ်သိမ်းကြောင်း ဆုံးဖြတ်ချက် မချမှတ်သေးသရွေ့ သူ၏ ကိုယ်စားပြုခွင့်သည် အလိုအလျောက် ဆက်လက် တည်တံ့နေမည် ဖြစ်သည်။ ဤနည်းလမ်းသည် သံတမန်ရေး အကျပ်အတည်း ဖြစ်နေမှုကို ရှောင်လွှဲနိုင်ရန် လမ်းဖွင့်ပေးထားသည့် အထွေထွေညီလာခံဆိုင်ရာ လုပ်ထုံးလုပ်နည်း တခု ဖြစ်သည်။

နည်းဥပဒေ ၂၉ အရ ကိုယ်စားလှယ်အဖွဲ့သစ် ခန့်အပ်ခြင်းကို အတည်ပြုပြီးပါက ဦးကျော်မိုးထွန်း ဦးဆောင်သည့် လက်ရှိ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂဆိုင်ရာ အဆိုပြုချက်များနှင့် ဆုံးဖြတ်ချက် မူကြမ်းများကို ပူးတွဲတင်သွင်းခြင်း၊ အထွေထွေညီလာခံနှင့် ပတ်သက်သော တရားဝင် စာရွက်စာတမ်းများကို ထုတ်ပြန်ခြင်း၊ ကော်မတီများတွင် မိန့်ခွန်းပြောကြားခြင်းနှင့် ညီလာခံ စုံညီအစည်းအဝေးများတွင် တက်ရောက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိသည်။ နေပြည်တော်ရှိ စစ်အုပ်စုက မည်သို့သော အစားထိုးအမိန့်များ ထုတ်ပြန်စေကာမူ ဦးကျော်မိုးထွန်းသည် အမြဲတမ်းကိုယ်စားလှယ်တဦး၏ နေ့စဉ်တာဝန်များကို အဟန့်အတားမရှိ ဆက်လက်ထမ်းဆောင်နိုင်မည် ဖြစ်သည်။

ဆိုင်းငံ့ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်းသည့် မြန်မာနှင့် အာဖဂန်နစ္စတန် နှိုင်းယှဉ်ချက်

သံတမန်အထောက်အထား စိစစ်ရေးကော်မတီသည် မြန်မာနှင့် အာဖဂန်နစ္စတန် နိုင်ငံတို့၏ ကိုယ်စားပြုခွင့်ကိစ္စကို ဆိုင်းငံ့ထားရန် ၂၀၂၁ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း ဆုံးဖြတ်လေ့ရှိသော်လည်း အဆိုပါ ဆုံးဖြတ်ချက်များ၏ နောက်ခံအကြောင်းတရားများမှာ သိသိသာသာ ကွာခြားပါသည်။

၁။ သံတမန်အဆင့်အတန်းနှင့် အသိအမှတ်ပြုမှု

ဦးကျော်မိုးထွန်းသည် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး အဆင့်ဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများကို အပြည့်အဝ ကိုယ်စားပြုလျက်ရှိသည်။ သူသည် ဤတာဝန်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု မတိုင်မီကတည်းက ခန့်အပ်ခံခဲ့ရခြင်း ဖြစ်ပြီး ရာထူးမှ နုတ်ထွက်ခဲ့ခြင်း မရှိပါ။ အာဖဂန်နစ္စတန် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့တွင်မူ ယခင်သမ္မတနိုင်ငံ၏ သံအမတ်ကြီးက ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် နုတ်ထွက်သွားခဲ့ပြီးနောက် သံရုံး ယာယီတာဝန်ခံကသာ သံအဖွဲ့ကို ဦးဆောင်နေရသဖြင့် သံတမန် အဆင့်အတန်း နိမ့်ကျသွားသည်။

၂။ ကိုယ်စားပြုသည့် ပြည်တွင်းအာဏာပိုင်အဖွဲ့

ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ရွေးကောက်ခံ တရားဝင် အစိုးရက ခန့်အပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပွဲအပြီးတွင် အစိုးရတာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်ခြင်း မရှိတော့ပါ။ ထိုအချိန်မှစ၍ ဦးကျော်မိုးထွန်းသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှ အပ်နှင်းထားသည့် တရားဝင်မှုကို အခြေခံကာ ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်လည်းကောင်း၊ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့်လည်းကောင်း စနစ်တကျ ချိတ်ဆက်ကာ တော်လှန်ရေး အင်အားစု တခုလုံး၏ သံတမန်ရေးရာ ကိစ္စရပ်များကို တာဝန်ယူခဲ့သည်။ ယခုအခါတွင် အထက်ဖော်ပြပါ တော်လှန်ရေး အင်အားစုသုံးရပ်ကို စုရုံးဖွဲ့စည်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) လည်း ပေါ်ထွန်းလာပြီဖြစ်သည်။ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေသည် စစ်အုပ်စုက ထိန်းချုပ်ထားသည့် နယ်မြေထက် ကျယ်ဝန်းသည့်အပြင်၊ ခက်ခဲသော ပြည်တွင်းစစ်အခြေအနေကြားမှာပင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လူထုဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

အာဖဂန်နစ္စတန် သံအဖွဲ့မှာမူ စည်းလုံးသော စင်ပြိုင်အစိုးရ မရှိတော့သဖြင့် ပြိုလဲသွားခဲ့ပြီး ဖြစ်သည့် အခြေခံဥပဒေနှင့် ယခင် နိုင်ငံရေးစနစ်ကိုသာ ကိုယ်စားပြုပြီး လုပ်ငန်း ဆောင်ရွက်နေရသည်။

၃။ ပြိုင်ဘက် အုပ်ချုပ်ရေးအဖွဲ့များ

အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရသည် ကုလသမဂ္ဂ ပဋိညာဉ် အခန်း ၇ အရ အရေးယူပိတ်ဆို့မှုများ ခံနေရသည့် အပြင်၊ တကမ္ဘာလုံး၏ အပယ်ခံဖြစ်နေသဖြင့် တရုတ်နှင့် ရုရှားတို့ကပင် တာလီဘန်အား ကုလသမဂ္ဂတွင် နေရာပေးရန် လူသိရှင်ကြား တောင်းဆိုခြင်း မပြုကြပါ။ မြန်မာနိုင်ငံတွင်မူ စစ်အုပ်စုအား တရုတ်နှင့် ရုရှားက စစ်ရေး၊ စီးပွားရေးအရ အကူအညီပေးမှုနှင့် ပထဝီနိုင်ငံရေးအရ အကာအကွယ်ပေးမှုများ ရှိနေသည့် တိုင်အောင် ထိုနိုင်ငံကြီး နှစ်ခုစလုံးသည် ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ကိုယ်စားပြုမှုကို ကန့်ကွက်ခြင်းမပြုဘဲ လက်ခံထားသည်မှာ ၅ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည်။

၄။ ညီလာခံအတွင်း လှုပ်ရှားဆောင်ရွက်မှု

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂရှိ အသီးသီးသော ကော်မတီဆွေးနွေးပွဲများနှင့် စုံညီအစည်းအဝေးများတွင် တက်ကြွစွာ ပါဝင် မိန့်ခွန်းပြောကြားပြီး အဆိုပြုချက်များနှင့် ဆုံးဖြတ်ချက်များကို အဆက်မပြတ် တင်သွင်းလျက်ရှိသည်။ အာဖဂန်ကိုယ်စားလှယ်အဖွဲ့မှာမူ ကန့်ကွက်မှုများ ကြုံတွေ့ရနိုင်ခြေကို ရှောင်လွှဲရန် အတွက် အဆင့်မြင့် မိန့်ခွန်းပြောကြားမှုများကို ရှောင်ရှားလေ့ရှိသည်။

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့် လစ်လပ်သွားနိုင်ခြေနှင့် အမေရိကန်ပြည်ထောင်စု၏ အခန်းကဏ္ဍ

သံတမန်အထောက်အထား စိစစ်ရေးကော်မတီဝင် နိုင်ငံများအနေဖြင့် ကုလသမဂ္ဂရှိ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်နေရာကို မည်သူ့ကိုမျှ မပေးဘဲ လစ်လပ်နေရာ (Empty Seat) အဖြစ် ထားရှိနိုင်ခြေ ရှိ-မရှိ ဆိုသည်ကိုလည်း သုံးသပ်ကြည့်သင့်ပါသည်။ ၁၉၇၉ ခုနှစ် ကမ္ဘောဒီးယား အရေးကိစ္စတွင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့က ကမ္ဘောဒီးယားနိုင်ငံ၏ ကိုယ်စားလှယ် နေရာကို လစ်လပ်ထားရန် ကြိုးပမ်းခဲ့ဖူးသည်။ အလားတူပင် လူမျိုးရေးခွဲခြားမှုစနစ် ကျင့်သုံးသော တောင်အာဖရိက လူဖြူအစိုးရက တောင်အာဖရိကနိုင်ငံအား ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် လျှောက်ထားမှုကို ပယ်ချခဲ့သည့် သမိုင်းဝင် သာဓက ရှိခဲ့ဖူးသည်။ 

သို့သော် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်နေရာကို "လစ်လပ်နေရာ" အဖြစ် ထားရှိရန်မှာ ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းများအရ အလွယ်တကူ ဖြစ်မလာနိုင်ပါ။ အကြောင်းမှာ ဦးကျော်မိုးထွန်း၏ ကိုယ်စားပြုခွင့်ကို တဖက်သတ် ရုပ်သိမ်းလိုပါက အထောက်အထား စိစစ်ရေး ကော်မတီ၌ သီးခြား အဆိုတခု တင်သွင်းကာ အထွေထွေညီလာခံတွင် အဆုံးအဖြတ် ခံယူရမည် ဖြစ်သောကြောင့်ပင်။ ဦးကျော်မိုးထွန်းကို ဖယ်ရှားလိုက်ခြင်းသည် မြန်မာပြည်သူတို့ကို ကိုယ်စားပြုသည့် ဒီမိုကရေစီအင်အားစုများ၏ အဓိက ကမ္ဘာ့စင်မြင့်ကို ဖယ်ရှားလိုက်ရာ ရောက်သွားမည် ဖြစ်ပြီး၊ စစ်အုပ်စုအတွက် မထိုက်တန်သည့် သံတမန်ရေးအောင်ပွဲကို ကုလသမဂ္ဂက အပ်နှင်းလိုက်သကဲ့သို့ ဖြစ်သွားနိုင်ပါသည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အများစုတွင် ထိုကဲ့သို့ ဖြစ်စေလိုသော ဆန္ဒမျိုး ရှိမည် မဟုတ်ပါ။ 

ဤအခြေအနေသို့ မရောက်အောင် ကာကွယ်ရာ၌ အမေရိကန် နိုင်ငံ၏ အခန်းကဏ္ဍသည် မရှိမဖြစ် အရေးကြီးပါသည်။ အမေရိကန်ပြည်ထောင်စုရှိ အဓိက နိုင်ငံရေးပါတီကြီး နှစ်ခုလုံးက သဘောတူ ချမှတ်ထားသော BURMA Act တွင် - "အမေရိကန်အစိုးရ အနေဖြင့် မြန်မာစစ်အုပ်စုအား နိုင်ငံတကာအဖွဲ့အစည်းများတွင် တရားဝင်မှု မရရှိစေရေးအတွက် ၎င်း၏ မဲနှင့် သြဇာကို အသုံးပြုရန်" ဥပဒေကြောင်းအရ ပြဋ္ဌာန်းထားပြီး ဖြစ်၍ အမေရိကန်အစိုးရက ထိုကဲ့သို့ပင် ဆောင်ရွက်နိုင်ခြေ ရှိပါသည်။ ထို့အပြင် အမေရိကန်သည် တရုတ်နှင့် ရုရှားအပါအဝင် အထောက်အထားစီစစ်ရေးကော်မတီဝင် နိုင်ငံအားလုံးနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂ၏ ကိုယ်စားပြုခွင့်ဆိုင်ရာ အစဉ်အလာကို ဖောက်ဖျက်ပါက ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များအား သတိပေးခြင်းတို့ကို ပြုလုပ်၍ ကုလသမဂ္ဂတွင် စစ်အုပ်စု ကိုယ်စားလှယ် နေရာရလာခြင်းမှ ကာကွယ်နိုင်ပါသည်။

တရုတ်နှင့် ရုရှားအပြင် စစ်အုပ်စုကို အသိအမှတ်ပြုသည့် အခြားနိုင်ငံများ ရှိနေခြင်း

မင်းအောင်လှိုင်သည် မကြာသေးမီက ဘယ်လာရုစ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီယားနိုင်ငံများသို့ သွားရောက်လည်ပတ်ခွင့် ရခဲ့သောကြောင့် မြန်မာစစ်အုပ်စုကို ထိုနိုင်ငံများက အသိအမှတ်ပြုထားကြသည်ဟု ဆိုနိုင်ပါသည်။ သို့သော် အဆိုပါ နိုင်ငံများသည် သံတမန်စိစစ်ရေးကော်မတီဝင် နိုင်ငံများ မဟုတ်ကြသဖြင့် မြန်မာကိုယ်စားလှယ်ရွေးချယ်သည့် လုပ်ငန်းစဉ်အပေါ် သြဇာလွှမ်းမိုးနိုင်စွမ်း မရှိကြပါ။

သတိဖြင့် ဆောင်ရွက်ခြင်း

တရုတ်၊ ရုရှားတို့နှင့် သံတမန်စိစစ်ရေးကော်မတီဝင် အခြားနိုင်ငံတို့ အကြား ကောင်းမွန်သော ဆက်ဆံရေးများ ရှိနေခြင်းသည် ဦးကျော်မိုးထွန်း၏ ကိုယ်စားပြုခွင့်အတွက် အထူး စိုးရိမ်စရာ မရှိပါ။ သို့သော်လည်း ဦးကျော်မိုးထွန်းအား မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိလိုကြသည့် NUG နှင့် SCEF အပါအဝင် မြန်မာနှင့် နိုင်ငံတကာ ဒီမိုကရေစီ အင်အားစုများအနေဖြင့် အောက်ပါ နည်းဗျူဟာမြောက် ဦးစားပေးမှုများကို အလေးထားဆောင်ရွက်သင့်ပါသည်။

၁။ ကော်မတီဝင် နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေး ထားရှိခြင်း

သံတမန် အထောက်အထား စိစစ်ရေး ကော်မတီဝင် နိုင်ငံများ အားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေး ထားရှိကာ နိုင်ငံတကာ တရားဥပဒေများကို ဆက်လက် စောင့်ထိန်းရန်နှင့် မြန်မာကိုယ်စားလှယ်အသစ် ရွေးချယ်ရေး ကိစ္စကို အများသဘောတူ ဆိုင်းငံ့ထားခြင်း (Consensus Deferral) သည်သာ ၎င်းတို့အား အကျပ်ရိုက်စေမည့် ဘက်ရွေးရမှုများမှ ရှောင်ရှားနိုင်ကြောင်း စည်းရုံးပြောဆိုရန်။

၂။ တည်ငြိမ်သော ယုံကြည်မှုကို ပြသခြင်း

တရုတ်နှင့် ရုပ်ရှားတို့၏ ဖိအားကြောင့် ဦးကျော်မိုးထွန်း ဦးဆောင်သော လက်ရှိ မြန်မာကိုယ်စားလှယ်အဖွဲ့သည် နောက်ထပ် သက်တမ်းတခုအတွက် တာဝန်ထမ်းဆောင်ခွင့် ဆုံးရှုံးနိုင်သည် ဟူသော စိုးရိမ်တကြီး အသံထွက်မှုများသည် အဆိုပါ နိုင်ငံများ အနေဖြင့် အထောက်အထား စိစစ်ရေးကော်မတီဝင် အခြားနိုင်ငံများအပေါ် ဖိအားပေး စမ်းသပ်လိုစိတ် ပေါ်ပေါက်လာစေရန် ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားနိုင်သည်။ ယင်းအစား ယုံကြည်မှုကို တည်ငြိမ်စွာ ပြသပြီး၊ အပြုသဘောဆောင်သည့် သံတမန်ရေး ချဉ်းကပ်မှုများကို ပြုလုပ်ဆောင်ရွက်ခြင်းသည်သာလျှင် "ကိုယ်စားလှယ်အသစ် ခန့်အပ်ရေး ကိစ္စကို နည်းဥပဒေ ၂၉ အရ မဲခွဲဆုံးဖြတ်ခြင်းမပြုဘဲ အများသဘောတူ ဆိုင်းငံ့ထားခြင်း (Consensus Deferral) " ဆိုသည့် ဆုံးဖြတ်ချက်ကို ရရှိစေနိုင်မည် ဖြစ်သည်။


Previous
Previous

The Procedural Fortress

Next
Next

The Mirage on the Andaman Sea