သူခိုးကို ဘဏ္ဍာစိုးခန့်ခြင်း
ဆိုက်ဘာငွေလိမ်ဂိုဏ်းများအား နှိမ်နင်းရာတွင် မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းရန် အမေရိကန်၏ ကြံစည်မှုမှာ သမိုင်းအမှားတခုသာ ဖြစ်သည်။
သရုပ်ဖော်ပုံကို AI ဖြင့် ဖန်တီးသည်။
၂၀၂၆ ခုနှစ် ဇွန်လနှောင်းပိုင်းတွင် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဒီဆွန်ဘရေ (Michael DeSombre) သည် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ၌ ထွက်ဆိုချက်ပေးခဲ့ရာတွင် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည့် အဆိုးရွားဆုံး အခြေအနေတခုကို တင်ပြခဲ့သည်။ ၎င်းမှာ ပြီးခဲ့သည့်နှစ် တနှစ်တည်းတွင်ပင် အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံကျော် လိမ်လည်လှည့်ဖြားခဲ့သည့် အရှေ့တောင်အာရှရှိ ဆိုက်ဘာ ငွေလိမ်စင်တာများ အကြောင်း ဖြစ်သည်။ သို့သော်လည်း မြန်မာ့အရေးလေ့လာသုံးသပ်သူများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအား တုန်လှုပ်ချောက်ချားသွားစေခဲ့သည်မှာ ၎င်းကိန်းဂဏန်းများ မဟုတ်ဘဲ၊ အမေရိကန်အရာရှိများသည် အဆိုပါ ဒစ်ဂျစ်တယ်-ကျွန်ပြုစခန်းများကို "အမြစ်ပြတ်ချေမှုန်းရန်" အတွက် တိုကျိုမြို့တွင် တရားမဝင် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များနှင့် တိတ်တဆိတ်တွေ့ဆုံကာ ဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ခြေများကို ဆွေးနွေးခဲ့ကြသည်ဟူသော အချက် ဖြစ်သည်။
ဤကိစ္စအား လေ့လာစောင့်ကြည့်နေသူများ၏ အမြင်တွင်မူ အမေရိကန်အစိုးရက ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင်၏ စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားနေခြင်းသည် ယခင်က ကမောက်ကမ ဖြစ်ခဲ့သည့် သမိုင်းဟောင်းကို ပြန်ကျော့တော့မည့် ရှေ့ပြေးနိမိတ်တခု ဖြစ်နေသည်။ ဤဖြစ်ရပ်သည် ကျရှုံးခဲ့ပြီးသား သမိုင်းဇာတ်ညွှန်းဟောင်းကို အန္တရာယ်ရှိစွာ ပြန်လည်အသက်သွင်းနေခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကလည်း ဝါရှင်တန်သည် ဘိန်းထုတ်လုပ်မှု ပပျောက်ရေးအတွက် ထိုစဉ်က မြန်မာစစ်အာဏာရှင်များနှင့် ပူးပေါင်းကာ ယခုကဲ့သို့သော ထောင်ချောက်ထဲသို့ အတိအကျ သက်ဆင်းခဲ့ဖူးသည်။ ထိုစဉ်က ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်များကို သမိုင်းမှတ်တမ်းများတွင် အထင်အရှား တွေ့နိုင်ပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုတွင် အမေရိကန် အခွန်ထမ်း ပြည်သူများ၏ ငွေကြေး သန်းပေါင်းများစွာ လေလွင့်ဆုံးရှုံးခဲ့ရပြီး၊ စစ်အစိုးရမှာမူ ၎င်းတို့နှင့် မထိုက်တန်သော နိုင်ငံတကာတရားဝင်မှုကို ရရှိသွားခဲ့ကာ၊ ဘိန်းဘုရင်များသည်လည်း "အမျိုးသားခေါင်းဆောင်များ" အဖြစ် အဆင့်အတန်း မြင့်မားသွားခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်သွားချိန်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးဝါး တင်ပို့ရာ နိုင်ငံ အဖြစ် ဆက်လက် တည်ရှိနေခဲ့သည်။
ယနေ့ ဆိုက်ဘာငွေလိမ်လည်မှုများတွင် ဤဗျူဟာကို ထပ်မံကျင့်သုံးခြင်းသည် မျက်ကန်းတစ္ဆေမကြောက် လုပ်ရပ်ဖြစ်ရုံသာမက ... မြန်မာစစ်တပ်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၏ သားကောင်မဟုတ်ဘဲ၊ ၎င်းရာဇဝတ်မှုများမှ အဓိက အကျိုးအမြတ်ရရှိနေသူ ဖြစ်သည်ဟူသော အခြေခံအမှန်တရားကို မျက်ကွယ်ပြုရာ ရောက်နေပါသည်။
မြန်မာ့အရေး သုံးသပ်သူများ အနေဖြင့် အဘယ်ကြောင့် ဤမျှအထိ စိုးရိမ်တကြီး တုံ့ပြန်နေကြသည်ကို နားလည်နိုင်ရန် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များဆီသို့ ပြန်ကြည့်ရန် လိုအပ်သည်။ အမေရိကန်မြို့ကြီးများအတွင်းသို့ ရွှေတြိဂံဒေသထွက် ဘိန်းဖြူများ အဆမတန် ဝင်ရောက်လာမှုကို ထိတ်လန့် ခြောက်ချားခဲ့သော အမေရိကန်အစိုးရသည် နေဝင်း၏ စစ်အစိုးရနှင့် မူးယစ်ဆေးဝါး ပပျောက်ရေး သဘောတူညီချက်များ ချုပ်ဆိုခဲ့သည်။ ဝါရှင်တန်သည် ဘိန်းခင်းများကို ဖျက်ဆီးရန် ရည်ရွယ်၍ စစ်ရဟတ်ယာဉ်များ၊ လေယာဉ်များနှင့် ဓာတု-သစ်ရွက်ချွေဆေးများကို မြန်မာစစ်တပ်ထံ ပံ့ပိုးပေးခဲ့သည်။
သို့သော် စစ်တပ်သည် အမေရိကန်က ပံ့ပိုးပေးထားသော အဆိုပါ ပစ္စည်းများကို ဘိန်းခင်းဖျက်ဆီးရေးတွင် မသုံးဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလူနည်းစု လက်နက်ကိုင်များအား နှိမ်နင်းရာတွင် လမ်းကြောင်းလွှဲ၍ အသုံးပြုခဲ့သည်။ ဘိန်းခင်းများမှာမူ ဆက်လက် ဝေဆာနေခဲ့သည်။ ပို၍ ဆိုးသည်မှာ စစ်အစိုးရသည် ခွန်ဆာနှင့် လော်စစ်ဟန် ကဲ့သို့သော နာမည်ကျော် ဘိန်းဘုရင်များအား နိုင်ငံတော်အဆင့် အကာအကွယ်နှင့် စီးပွားရေးလက်ဝါးကြီးအုပ်ခွင့်များကို ပေးအပ်ကာ စစ်တပ်ဆန့်ကျင်ရေး သူပုန်များကို ပြန်လည်တိုက်ခိုက်စေခဲ့သည်။ အမေရိကန်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရန်ပုံငွေများသည် စစ်အစိုးရ၏ ထီးရိပ်အောက်ရှိ ရာဇဝတ်သား ဘိန်းဘုရင်များအား "အမျိုးသားခေါင်းဆောင်များ" နှင့် တရားဝင် စီးပွားရေးလုပ်ငန်းရှင်ကြီးများအဖြစ် ဂုဏ်တင်ပေးနိုင်ရန် ငွေကြေးစိုက်ထုတ်ပေးသကဲ့သို့ ဖြစ်သွားခဲ့ပြီး စစ်တပ်၏ ခါးပိုက်ဆောင် ပြည်သူ့စစ်များသည်လည်း လုံခြုံမှုအပြည့်ဖြင့် ဆက်လက် လည်ပတ်နိုင်ခဲ့ကြသည်။ အမေရိကန်သည် အနှစ်သာရမရှိသော ကတိကဝတ်များကိုသာ ရရှိခဲ့ပြီး စစ်အစိုးရမှာမူ အကန့်အသတ်မဲ့ ငွေကြေးထောက်ပံ့မှုနှင့် နိုင်ငံရေးအရ ဆက်လက်ရပ်တည်နိုင်မှုကို ရရှိသွားခဲ့သည်။
ယနေ့ခေတ်တွင် တရားမဝင် ကုန်စည်သည် ဘိန်းအဖြစ်မှ လူ့အသက်ကို သေစေနိုင်သည့် ဒစ်ဂျစ်တယ်-ဓားပြမှုများ အဖြစ် ပြောင်းလဲသွားခဲ့သော်လည်း လည်ပတ်နေသည့် ယန္တရားမှာမူ ယခင်က နှင့် ထပ်တူထပ်မျှပင် ဖြစ်သည်။ နာမည်ဆိုးဖြင့် ကျော်ကြားသော ကေကေပတ်ခ် (KK Park) နှင့် ရွှေကုက္ကိုလ် ကဲ့သို့သော ဆိုက်ဘာငွေလိမ်လည်မှု ဗဟိုချက်များသည် စစ်ကောင်စီနှင့် အပြန်အလှန် အကျိုးပြုသည့် ဆက်ဆံရေးအောက်တွင် လည်ပတ်နေသည်။ ဤလုပ်ငန်းများကို စစ်ကောင်စီနှင့် တိုက်ရိုက် မဟာမိတ်ပြုထားသည့် (ယခင် နယ်ခြားစောင့်တပ် BGF တဖြစ်လဲ) ကရင်အမျိုးသားတပ်မတော် (KNA) ကဲ့သို့သော လက်နက်ကိုင်အဖွဲ့များက ကာကွယ်စောင့်ရှောက်ပြီး စီမံခန့်ခွဲနေခြင်း ဖြစ်သည်။ နိုင်ငံတကာတွင် အထီးကျန်နေပြီး ငွေကြေးပြတ်လပ်နေသော စစ်ကောင်စီက မိမိနိုင်ငံသားများကို ရက်ရက်စက်စက် နှိမ်နင်းရာတွင် အသုံးပြုမည့် လက်နက်များနှင့် လောင်စာဆီများ ဝယ်ယူရန် မရှိမဖြစ်လိုအပ်သော နိုင်ငံခြားငွေများကို ဤငွေလိမ်စခန်းများက ထောက်ပံ့ပေးနေသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်တိုင်ကလည်း ဤအချက်ကို အသိအမှတ်ပြုထားပြီး၊ စစ်ကောင်စီ၏ အကာအကွယ်အောက်တွင် ငွေလိမ်လည်မှုလုပ်ငန်းများမှ ဒေါ်လာဘီလီယံနှင့်ချီ ရှာဖွေပေးနေသည့် KNA ခေါင်းဆောင် စောချစ်သူအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ စစ်ကောင်စီသည် နိုင်ငံတကာ၊ အထူးသဖြင့် တရုတ်နိုင်ငံ၏ ပြင်းထန်သော ဖိအားများနှင့် ရင်ဆိုင်ရချိန် ပြီးခဲ့သည့်နှစ် နှောင်းပိုင်းတွင် ကေကေပတ်ခ်၏ အစိတ်အပိုင်းအချို့ကို လူသိရှင်ကြား စီးနင်းခြင်းနှင့် သရုပ်ပြ ဖြိုဖျက်ခြင်းတို့အား ရံဖန်ရံခါ လုပ်ဆောင်ပြလေ့ရှိသည်။ နိုင်ငံပိုင်ရုပ်သံလိုင်းများတွင် သိမ်းဆည်းရမိသော Starlink စက်ပစ္စည်းများဘေး၌ စစ်သားများက အောင်ပွဲခံ မတ်တပ်ရပ်နေသည့် ရုပ်သံများကို ထုတ်လွှင့်ပြသခဲ့သည်။ သို့သော်လည်း ဂြိုဟ်တုဓာတ်ပုံများနှင့် International Justice Mission ကဲ့သို့သော အဖွဲ့အစည်းများမှ ရရှိသည့် ထောက်လှမ်းရေး အချက်အလက်များကမူ လုံးဝခြားနားသော ဖြစ်ရပ်မှန်ကို ပြသခဲ့သည်။ ရုပ်သံကင်မရာများ ပိတ်လိုက်သည်နှင့် တပြိုင်နက် ငွေလိမ်လုပ်ငန်းများသည် စစ်ကောင်စီနှင့် မဟာမိတ်ပြုထားသော လက်နက်ကိုင်များ၏ စောင့်ကြည့်မှုအောက်တွင် အနည်းငယ် လှမ်းသော နေရာရှိ အသစ်တည်ဆောက်ထားသော ဖားကလူ (Hpakalu) ကဲ့သို့သော စခန်းများဆီသို့ လုံခြုံချောမွေ့စွာ ရွှေ့ပြောင်းသွားခဲ့ကြသည်။
U.S. Campaign for Burma မှ မိုင်ရာဒါဂေပေါ် (Myra Dahgaypaw) က လက်ရှိကြုံတွေ့နေရသော အကျပ်အတည်းကို ယခုကဲ့သို့ အထိရောက်ဆုံး အကျဉ်းချုပ်ပြောကြားခဲ့သည် ... "မင်းအောင်လှိုင်ရဲ့ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ ဒီငွေလိမ်စခန်းတွေအတွက် တာဝန်ရှိတဲ့ ရာဇဝတ်ဂိုဏ်းကို ပြန်ပြီး ကူညီတာနဲ့ အတူတူပါပဲ။ ဒါဟာ မီးရှို့တဲ့သူကို မီးလာငြှိမ်းပေးဖို့ အကူအညီတောင်းနေသလိုပါပဲ။"
ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းမှန်သမျှကို အမေရိကန်အစိုးရက ရှာဖွေနေခြင်း၏ အကြီးမားဆုံး အန္တရာယ်မှာ ငွေကြေးကုန်ကျစရိတ်သက်သက် မဟုတ်ပါ။ မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ နိုင်ငံရေးအရ တရားဝင်မှုဟူသော အဖိုးတန်ဆုလာဘ်ကို ၎င်းတို့အား ပေးအပ်လိုက်ရာရောက်သည်။ စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ ပြည်တွင်းစစ်ကို ထိန်းချုပ်ရန်နှင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိရန်အတွက် ရှုံးနိမ့်နေသော တိုက်ပွဲများကို ဆင်နွှဲနေရသည်။ ဝါရှင်တန်အနေဖြင့် ရဲတပ်ဖွဲ့ချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် စစ်ဗိုလ်ချုပ်များနှင့် စားပွဲတလုံးတည်းတွင် အတူထိုင်လိုက်ခြင်းအားဖြင့် စစ်အုပ်စု အလိုချင်ဆုံးဖြစ်သော “နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သည့် အစိုးရ” ဆိုသည့် ဂုဏ်ပုဒ်ကို ကမ္ဘာ့ဇာတ်ခုံပေါ်တွင် အပ်နှင်းလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သမိုင်းသင်ခန်းစာများကို ထောက်ချင့်ကြည့်ပါလျှင် စစ်အုပ်စုသည် အမေရိကန်၏ ထောက်လှမ်းရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဒေါ်လာဘီလီယံချီ တန်သည့် ငွေလိမ်ကွန်ရက်များကို ဖြိုဖျက်ရန် အသုံးပြုမည် မဟုတ်ဘဲ၊ စစ်မှန်သော ဒီမိုကရေစီ အတိုက်အခံများကို နှိမ်နင်းရန်အတွက်သာ အသုံးပြုပေလိမ့်မည်။ တချိန်တည်းမှာပင်၊ ဤ ငွေလိမ်လည်မှု ကွန်ရက်များ၏ နောက်ကွယ်မှ လက်မည်းကြီးများ ဖြစ်ကြသော နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနှင့် စစ်တပ်နှင့် မဟာမိတ်ပြုထားသော လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့၏ စီးပွားရေးကို တကျော့ပြန် အသွင်ပြောင်းကာ လုံခြုံမှုအပြည့်ဖြင့် ၎င်းတို့၏ ဘဏ်များတွင်းသို့ ငွေများ ဆက်လက်သွင်းနေကြဦးမည် ဖြစ်သည်။
အကယ်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် မိမိ၏ နိုင်ငံသားများအား ဒစ်ဂျစ်တယ်နည်းပညာဖြင့် လုယက်ခံရမှုများမှ အမှန်တကယ် ကာကွယ်လိုပြီး၊ အဆိုပါ ခေတ်သစ်ကျွန်ပြုစခန်းများအတွင်း လူကုန်ကူးခံထားရသည့် ထောင်ပေါင်းများစွာသော လူသားများကို ကယ်တင်လိုပါက နေပြည်တော်ထံမှ အဖြေရှာနေခြင်းကို ချက်ချင်းရပ်တန့်ရပါမည်။
ဤကွန်ရက်များကို ဖြိုဖျက်ရန် စစ်မှန်သော ဆန္ဒရှိကြောင်း ပြသခဲ့သည့် အဖွဲ့အစည်းများမှာ ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဒီမိုကရေစီ အတိုက်အခံ တော်လှန်ရေးအင်အားစုများသာ ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်နေသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) သည် မင်းလက်ပံမြို့အနီးရှိ Shunda Park ငွေလိမ်စခန်းကို အောင်မြင်စွာ စီးနင်းနိုင်ခဲ့ပြီး ကျွန်ပြုခံထားရသော အလုပ်သမား ထောင်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။
စစ်ကောင်စီနှင့် မည်သည့် ဥပဒေစိုးမိုးရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုကိုမဆို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားသည့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀ ကျော်၏ အသံကို ဝါရှင်တန်အနေဖြင့် နားထောင်သင့်ပါသည်။ အမေရိကန်သည် ၎င်း၏ ဆိုက်ဘာငွေလိမ်စခန်း တိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force) ကို အသုံးပြု၍ တရားဥပဒေစိုးမိုးရေးကို အမှန်တကယ် ရှေးရှုသော ဒေသတွင်းမဟာမိတ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နှင့် ဒီမိုကရေစီ တော်လှန်ရေးအင်အားစုများနှင့်သာ လက်တွဲဆောင်ရွက်သင့်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ဝါရှင်တန်၏ အမြော်အမြင်နည်းပါးမှုသည် မြန်မာဘိန်းဘုရင်များကို ဩဇာအာဏာကြီးမားသူများ ဖြစ်လာစေခဲ့သည်။ အကယ်၍ အမေရိကန်သည် မြန်မာစစ်အုပ်စု၏ ထောင်ချောက်တွင်းသို့ ထပ်မံသက်ဆင်းမည်ဆိုပါက ၎င်းသည် လက်နက်ကိုင် ဆိုက်ဘာ-ဘီလီယံနာ မျိုးဆက်သစ်များကို မွေးထုတ်ပေးသကဲ့သို့ ဖြစ်လိမ့်မည်သာမက၊ အမေရိကန် အခွန်ထမ်းပြည်သူမျာအား လိမ်လည်မည့် သူခိုးကို ဓါးရိုးကမ်းသကဲ့သို့သာ ဖြစ်သွားပေလိမ့်မည်။
A. K. Barua သည် မြန်မာ့အရေးကို အထူးပြု လေ့လာသုံးသပ်သည့် သတင်းသမားတဦး ဖြစ်သည်။