အာဆီယံ၏ မြန်မာနိုင်ငံအရေး ဆောင်ရွက်မှုသည် ပြည်တွင်းရေးစွက်ဖက်မှု မဟုတ် - မြန်မာ့အရေးအား ကုလသမဂ္ဂနှင့် အာဆီယံ ပဋိညာဉ်စာချုပ်များပါ နိုင်ငံတကာဥပဒေများအရ ရှုမြင်သုံးသပ်ခြင်း
သရုပ်ဖော်ပုံကို AI ဖြင့် ဖန်တီးသည်။
ကောက်နှုတ်ချက်များ
ဥပဒေရေးရာ မူဘောင်များကို ပုံဖြန့်ဖျက်ခြင်း - အာဆီယံနှင့် ကုလသမဂ္ဂတို့၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများသည် "ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း" ဖြစ်သည်ဟူသော မြန်မာ စစ်တပ်၏ စွပ်စွဲချက်သည် တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် နိုင်ငံရေးအရ ကတိကဝတ်ပြုမှုများကို ရှောင်လွှဲရန် အပြည်ပြည်ဆိုင်ရာ ဥပဒေကို လိမ်လည်ပုံဖျက်ထားခြင်းဖြစ်သည်။
အာဆီယံ၏ ပိုမိုကျယ်ပြန့်သော လုပ်ပိုင်ခွင့် - အာဆီယံ ပဋိညာဉ်စာတမ်းတွင် ပြည်တွင်းရေး မစွက်ဖက်ရေး မူဝါဒ ပါဝင်သော်လည်း ဒေသတွင်း ပူးပေါင်းတာဝန်ယူမှု၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနှင့် အရေးကြီးသော ဒေသတွင်း ပြဿနာများအပေါ် ဆွေးနွေးတိုင်ပင်မှု များကို မြှင့်တင်ရန်လည်း ထိန်းညှိပြဋ္ဌာန်းထားသည်။
ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို သဘောတူညီခဲ့ခြင်း - စစ်ကောင်စီသည် "သက်ဆိုင်သူ အားလုံး" နှင့် တွေ့ဆုံဆွေးနွေးရန် ပြဋ္ဌာန်းထားသည့် 5PC ကို အတိအလင်း သဘောတူခဲ့ခြင်း ဖြစ်သည်။ အတိုက်အခံ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်းသည် အပြင်ပန်းမှ ဖိအားပေး မှုမဟုတ်ဘဲ အဆိုပါ သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းသာ ဖြစ်သည်။
တရားဝင်မှုရှိသော စေတနာ့ဝန်ထမ်း စေ့စပ်ညှိနှိုင်းမှု - သက်ဆိုင်သူ အားလုံးနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံခြင်းသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ မူဝါဒများကို အခြေခံထားပြီး ပုံမှန် အပြည်ပြည်ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး စံနှုန်းများနှင့် အညီ ဆောင်ရွက်ခြင်းဖြစ်သည်။
ဒေသတွင်း ခြိမ်းခြောက်မှု - ဒုက္ခသည်များ ပြဿနာ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ (Cyber Scams) နှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုကဲ့သို့သော နယ်စပ်ဖြတ်ကျော် ပြဿနာများသည် မြန်မာ့အရေးကို ပြည်တွင်းရေး သီးသန့်အဖြစ်မှ ကင်းလွတ်စေခဲ့ပြီး ပိုမိုကျယ်ပြန့်သော ဒေသတွင်း လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော စစ်အုပ်စု၏ နိုင်ငံရေးအကြမ်းဖက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများ (ပြည်တွင်းစစ်/ခုခံတွန်းလှန်စစ်) ကို ဖြေရှင်းရန် အာဆီယံနှင့် ကမ္ဘာ့ကုလသမဂ္ဂ တို့က ဆက်လက်ကြိုးပမ်းလျက်ရှိသည်။ အထူးသဖြင့် အာဆီယံသဘာပတိ (ASEAN Chair) ၏ အထူးသံတမန် (Special Envoy) နှင့် ကုလသမဂ္ဂ အထူးသံတမန်တို့သည် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်နေသည့် သက်ဆိုင်သူ အားလုံး (all stakeholders) နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းလျက်ရှိသည်။
သို့သော် စစ်အုပ်စုနှင့် အပေါင်းအပါများက ယင်းကြိုးပမ်းမှုများကို “မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်း” ဟု စွပ်စွဲလျက်ရှိသည်။ အထူးသဖြင့် စစ်အုပ်စု၏ လွှတ်တော်ကိုယ်စားလှယ်ဆိုသူများကပါ အဆိုတင်သွင်း စွပ်စွဲလာသည်ကို တွေ့ရှိရသည်။ ထိုစွပ်စွဲချက်များသည် နိုင်ငံတကာဥပဒေ၊ အာဆီယံပဋိညာဉ် (ASEAN Charter) နှင့် ကုလသမဂ္ဂပဋိညာဉ် (UN Charter) တို့၏ အခြေခံသဘောတရားများကို ရည်ရွယ်ချက်ရှိရှိ လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆို ပုံဖျက်ထားခြင်းပင် ဖြစ်သည်။ စင်စစ်အားဖြင့် ဤလုပ်ရပ်သည် အာဆီယံ၏ "ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူဝါဒ" (Non-Interference Policy) နှင့် "ဒေသတွင်း စုပေါင်းတာဝန်ယူမှု" (Collective Regional Responsibility) တို့ကို ရောထွေးသွားအောင် ဖန်တီးလိုက်သော နိုင်ငံရေးဝါဒဖြန့်ချိမှုသာ ဖြစ်သည်။
ဝင်ရောက်မစွက်ဖက်ရေးမူ (Non-Interference Policy) သည် အာဆီယံပဋိညာဉ်၏ တခုတည်းသော အခြေခံမူ မဟုတ်
စစ်အုပ်စု၏ အဓိက စောဒကတက်မှုသည် အာဆီယံပဋိညာဉ်၏ အခန်း (၁)၊ အပိုဒ် (၂) တွင် ပါရှိသော "အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်မှု မပြုရေး" (Non-Interference in the Internal Affairs of Member States) ဆိုသည့် မူအား အခြေခံထားခြင်း ဖြစ်သည်။
သို့သော် အာဆီယံပဋိညာဉ်ကို အပြည့်အစုံ ဖတ်ရှုကြည့်ပါက - အဆိုပါ အခြေခံမူသည် "အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေကြောင့် ဒေသတခုလုံး၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်လာသည့်တိုင်အောင် အာဆီယံအဖွဲ့က တစုံတရာ ဆောင်ရွက်ခြင်း အလျဉ်းမရှိစေရ" ဟု ဆိုလိုခြင်း မဟုတ်ကြောင်း ထင်ရှားပါသည်။
အာဆီယံပဋိညာဉ်၏ အခန်း (၁)၊ အပိုဒ် (၁) တွင် အာဆီယံအဖွဲ့၏ ရည်ရွယ်ချက်များအဖြစ် -
• ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်း၊
• ပြည်သူကို ဗဟိုပြုသည့် အာဆီယံအဖွဲ့ (People-oriented ASEAN) ကို တည်ဆောက်ခြင်း၊
• ဒီမိုကရေစီ၊ ကောင်းမွန်သည့် အုပ်ချုပ်မှု (Good Governance) နှင့် တရားဥပဒေ စိုးမိုးမှု (Rule of Law) တို့ကို အားပေးခြင်း၊
• လူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင်ခြင်း စသည်တို့ကို အတိအလင်း ပြဋ္ဌာန်းထားသည်။
ထို့ပြင် အာဆီယံပဋိညာဉ်၏ အခန်း (၁)၊ အပိုဒ် (၂)၊ ပုဒ်ခွဲ (၂) (င) တွင် အာဆီယံသည် "အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မရှိစေရ" ဟု ဖော်ပြထားသကဲ့သို့၊ ပုဒ်ခွဲ (၂) (ဆ) တွင် "အာဆီယံ၏ ဘုံအကျိုးစီးပွားကို ပြင်းထန်စွာ ထိခိုက်စေသည့် ကိစ္စရပ်များ အပေါ် တိုင်ပင်ဆွေးနွေးမှုများကို ပိုမိုပြုလုပ်ရမည်" ဆိုသည့် စုပေါင်းတာဝန်ယူမှု (collective responsibility) ကိုပါ တပြိုင်နက်တည်း ထည့်သွင်း ချမှတ်ထားသည်ကို တွေ့ရှိရသည်။
အာဆီယံ ဘုံသဘောတူညီချက် ငါးချက် (ASEAN Five-Point Consensus) သည် စစ်အုပ်စု ကိုယ်တိုင် သဘောတူခဲ့သည့် အာဆီယံဆိုင်ရာ ဆုံးဖြတ်ချက်ဖြစ်သည်
၂၀၂၁ ခုနှစ် ဧပြီလတွင် ဂျကာတာ၌ ကျင်းပခဲ့သော အာဆီယံ ခေါင်းဆောင်များ၏ အစည်းအဝေးတွင် စစ်ခေါင်းဆောင် ကိုယ်တိုင်က အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို သဘောတူ လက်ခံခဲ့သည်။ ထို့ကြောင့် အာဆီယံသဘာပတိနှင့် အာဆီယံအထူးသံတမန်တို့၏ လှုပ်ရှားဆောင်ရွက်မှုများသည် စစ်အုပ်စုအပေါ် ပြင်ပမှ အတင်းအကျပ် ဖိအားပေးခြင်း မဟုတ်ဘဲ အာဆီယံခေါင်းဆောင်များ၏ ဘုံဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခြင်းသာ ဖြစ်သည်။ သို့သော် ယခုအခါတွင်မှ အဆိုပါ သဘောတူညီချက်ကို “ပြည်တွင်းရေး စွက်ဖက်မှု” ဟု စစ်အုပ်စုက စွပ်စွဲနေခြင်းသည် မိမိကိုယ်တိုင်က လက်ခံခဲ့သော ကတိကဝတ်ကို ငြင်းဆိုခြင်းသာ ဖြစ်သည်။
အမှန်စင်စစ် ဤဖြစ်ရပ်သည် မြန်မာ စစ်ခေါင်းဆောင်အဆက်ဆက်ထံတွင် တွေ့မြင်ခဲ့ရသည့် ကတိပျက်ခြင်း၊ သဘောတူညီချက်များကို ဖောက်ဖျက် ငြင်းပယ်ခြင်း၊ နိုင်ငံတကာ ကတိကဝတ်များကို လိုရာဆွဲ၍ အဓိပ္ပါယ်ဖွင့်ခြင်း စသည့် နိုင်ငံရေး အလေ့အထဆိုးများ၏ ဥပမာတခုသာ ဖြစ်သည်။
All Parties Concerned ဆိုသည်မှာ သက်ဆိုင်သူများ အားလုံးနှင့် တွေ့ဆုံရန် ဖြစ်သည်
အာဆီယံ ဘုံသဘောတူညီချက် ငါးချက်တွင် ပဉ္စမမြောက် အချက်အဖြစ် "အာဆီယံ အထူးသံတမန်နှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ကာ သက်ဆိုင်သူများ အားလုံးနှင့် တွေ့ဆုံရမည်" (The special envoy and delegation shall visit Myanmar to meet with all parties concerned) ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။
ထို့ကြောင့် အာဆီယံ အထူးသံတမန်သည် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government, NUG), တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ (Ethnic Resistance Organizations, EROs)၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သူများအား တွေ့ဆုံခြင်းသည် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အား အကောင်အထည်ဖော်ခြင်းသာ ဖြစ်သည်။ အာဆီယံ အထူးသံတမန် အနေဖြင့် စစ်အုပ်စု တဖွဲ့တည်းနှင့်သာ တွေ့ဆုံရမည်ဟု ဤသဘောတူညီချက်တွင်သာမက ASEAN ၏ အခြား မည်သည့် စာတမ်းတွင်မျှ ဖော်ပြထားခြင်း မရှိပေ။
သို့ဖြစ်ရာ အာဆီယံ အထူးသံတမန်အနေဖြင့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခြင်းသည် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အား လိုက်နာခြင်းသာဖြစ်ပြီး၊ မတွေ့ဆုံခြင်းသာလျှင် ဤသဘောတူညီချက်ကို ချိုးဖောက်ရာကျမည် ဖြစ်သည်။
ကြားဝင်ညှိနှိုင်းသူတဦး၏ အခြေခံတာဝန်မှာ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခြင်း ဖြစ်သည်
နိုင်ငံတကာ ငြိမ်းချမ်းရေးညှိနှိုင်းမှုများတွင် ကြားဝင်ညှိနှိုင်းပေးသူ (mediator) တဦးသည် ပဋိပက္ခ၏ သက်ဆိုင်သူများ အားလုံးနှင့် တွေ့ဆုံရသည်မှာ အခြေခံစံနှုန်း တရပ် ဖြစ်သည်။ တဖက်တည်းနှင့်သာ တွေ့ဆုံမည် ဆိုပါက ယင်းကို ကြားဝင် ညှိနှိုင်းမှု (mediation) ဟုပင် ခေါ်ဆိုနိုင်မည် မဟုတ်တော့ဘဲ တဖက်သတ်ဆက်ဆံရေးဟုသာ သတ်မှတ်ရမည် ဖြစ်သည်။
ထို့ကြောင့် အာဆီယံ အထူးသံတမန်နှင့် ကုလသမဂ္ဂ အထူးသံတမန်တို့ကဲ့သို့သော ကြားဝင်ညှိနှိုင်းသူများက ပဋိပက္ခ၏ သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံခြင်းသည် သမာသမတ်ကျသော ရုံးအဖွဲ့များ (Good Offices) က လိုက်နာဆောင်ရွက်ရသည့် ကြားနေမှု (neutrality) နှင့် လူစုံတက်စုံ ပါဝင်စေမှု (inclusivity) ဆိုသည့် အခြေခံသဘောတရားများနှင့် အပြည့်အဝ ကိုက်ညီသည်။
ကုလသမဂ္ဂပဋိညာဉ်သည် ငြိမ်းချမ်းစွာဖြေရှင်းရေးကို အားပေးသည်
ကုလသမဂ္ဂပဋိညာဉ်စာချုပ်၏ အခန်း (၆)၊ အပိုဒ် (၃၃) တွင် ငြိမ်းချမ်းရေးအား ထိခိုက်စေနိုင်သည့် ပဋိပက္ခများကို စေ့စပ်ဆွေးနွေးခြင်း (negotiation), စုံစမ်းမေးမြန်းခြင်း (enquiry), ဖျန်ဖြေခြင်း (mediation)၊ ကျေချမ်းအောင်ပြုခြင်း (conciliation), ခုံတင်ဆုံးဖြတ်ခြင်း (arbitration) နှင့် တရားရုံးအဆုံးအဖြတ်ကို ခံယူခြင်း (judicial settlement) တို့အားဖြင့် ဦးစွာဆောင်ရွက်ရမည်ဟု ပြဌာန်းထားပါသည်။ ထို့ကြောင့် ကုလသမဂ္ဂ အထူးသံတမန်ရုံးသည် ပဋိပက္ခဖျန်ဖြေခြင်း နှင့် တွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်ပေးခြင်းတို့သည် ကုလသမဂ္ဂ ပဋိညာဉ် အရ ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေခြင်းသာ ဖြစ်သည်။
ထို့အပြင် စစ်အုပ်စုက မကြာခဏ ကိုးကားလေ့ရှိသည့် ကုလသမဂ္ဂပဋိညာဉ်စာချုပ်၏ အခန်း (၁)၊ အပိုဒ် (၂/၇) တွင် ဖော်ပြထားသော "ကုလသမဂ္ဂတွင် နိုင်ငံတနိုင်ငံ၏ ပြည်တွင်းစီရင်ပိုင်ခွင့် အာဏာအတွင်း၌သာ သက်ရောက်သော ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် အာဏာမရှိစေရ" ဆိုသည့် စကားရပ်သည် အင်အားသုံး၍ ဝင်ရောက်စွက်ဖက်မှုကိုသာ အဓိက ရည်ညွှန်းထားခြင်း ဖြစ်ပြီး၊ ကုလသမဂ္ဂ၏ ပဋိပက္ခဖျန်ဖြေခြင်းနှင့် အထူးသံတမန်များ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို တားမြစ်ထားခြင်း မဟုတ်ပေ။
မြန်မာ့အကျပ်အတည်းသည် ပြည်တွင်းရေးသီးသန့် မဟုတ်တော့ပါ
၂၀၂၁ ခုနှစ် နောက်ပိုင်းရှိ မြန်မာနိုင်ငံ၏ ပဋိပက္ခသည် နိုင်ငံ၏ နယ်နိမိတ်ကို ကျော်လွန်ကာ ဒေသတွင်း လုံခြုံရေးကိုပါ ထိခိုက်စေသည့် ပြဿနာအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မြန်မာ့ပဋိပက္ခ၏ အကျိုးဆက်များ ဖြစ်သည့် နယ်စပ်ဖြတ်ကျော် ဒုက္ခသည်များ တိုးပွားလာခြင်း၊ လူကုန်ကူးမှုနှင့် ဆိုက်ဘာ လိမ်လည်မှု ကွန်ရက် (cyber scam networks) များ ကျယ်ပြန့်လာခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် မှောင်ခိုကူးသန်းရောင်းဝယ်မှုများ မြင့်တက်လာခြင်း၊ နယ်စပ်ဒေသ တည်ငြိမ်မှု ကျဆင်းလာခြင်း၊ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမို ဆိုးရွားလာခြင်းတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများကိုပါ ဆိုးကျိုးများ တိုက်ရိုက် သက်ရောက်စေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် မြန်မာ့အရေးသည် ပြည်တွင်းရေး သီးသန့်ကိစ္စ သက်သက်သာ မဟုတ်တော့ဘဲ ASEAN ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် တိုက်ရိုက်ဆက်စပ်နေသော ဒေသဆိုင်ရာ လုံခြုံရေး ပြဿနာ (regional security issue) တရပ် ဖြစ်လာပြီ ဖြစ်သည်။
နိဂုံး
အာဆီယံနှင့် ကုလသမဂ္ဂတို့၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို “ပြည်တွင်းရေး စွက်ဖက်မှု” အဖြစ် စစ်အုပ်စုက စွပ်စွဲနေခြင်းသည် ကုလသမဂ္ဂနှင့် အာဆီယံ ပဋိညာဉ်စာချုပ်တို့တွင် ပါရှိသည့် နိုင်ငံတကာဥပဒေများကို လိုရာဆွဲ၍ လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်းသာ ဖြစ်သည်။
စင်စစ်တွင် အာဆီယံနှင့် ကုလသမဂ္ဂ အထူးသံတမန်တို့သည် ၎င်းတို့၏ သက်ဆိုင်ရာ ပဋိညာဉ်စာချုပ်များတွင် ပါရှိသည့် တာဝန်သတ်မှတ်ချက်များအရ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူ အားလုံးနှင့် တွေ့ဆုံခြင်းအားဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေကြခြင်းသာ ဖြစ်သည်။ အခြားတဖက်တွင်လည်း ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် မြန်မာ့အရေးကို ပြေလည်စေရန် ယခုထက် ပို၍ အရေးယူဆောင်ရွက်သင့်သည် ဆိုသော ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။
မြန်မာ့အကျပ်အတည်းသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျိုးစီးပွားများကို တိုက်ရိုက်ထိခိုက်စေသောကြောင့် အာဆီယံနှင့် ကုလသမဂ္ဂတို့၏ ကြားဝင်ဆောင်ရွက်မှုများသည် သက်ဆိုင်ရာ ပဋိညာဉ်စာချုပ်များပါ နိုင်ငံတကာဥပဒေများ၏ အနှစ်သာရနှင့် အပြည့်အဝ ကိုက်ညီနေသည်။
ထို့ကြောင့် စစ်အုပ်စုအနေဖြင့် မြန်မာ့အရေးကို ရေရှည်တည်တံ့နိုင်မည့် နည်းလမ်းများအားဖြင့် အမှန်တကယ် ဖြေရှင်းလိုပါက “ပြည်တွင်းရေး စွက်ဖက်မှု” ကဲ့သို့သော နိုင်ငံရေးစွပ်စွဲချက်များ၏ နောက်ကွယ်တွင် ပုန်းခိုမနေဘဲ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်တွင် ပါရှိသည့်အတိုင်း သက်ဆိုင်သူအားလုံး ပါဝင်ကာ၊ ရလဒ်ကို ဦးတည်သော (results-oriented) နိုင်ငံရေးဆွေးနွေးမှုကို လက်ခံ အကောင်အထည်ဖော်ရပါလိမ့်မည်။ သို့မှသာ အာဆီယံနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်များတွင် ပါရှိသည့် နိုင်ငံတကာဥပဒေများ၏ အခြေခံအနှစ်သာရနှင့် ကိုက်ညီမည် ဖြစ်ပါကြောင်း လေ့လာသုံးသပ်ရပါသည်။