မြန်မာ့အရေး ပတ္တရားအစည်းအဝေး — ဘုံသဘောတူညီချက် ငါးရပ်ကို အသက်သွင်းခြင်းလား၊ စစ်အုပ်စုကို အသက်ရှူပေါက်ပေးခြင်းလား
သရုပ်ဖော်ပုံကို AI ဖြင့် ဖန်တီးသည်။
ကောက်နှုတ်ချက်များ
ပတ္တယား တရားဝင်မဟုတ်သော တွေ့ဆုံပွဲသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို တိုးတက်အောင် ဆောင်ရွက်ခြင်းထက် မြန်မာစစ်ကောင်စီကို နိုင်ငံရေးအရ တရားဝင်မှု ပေးရန် ပိုမိုစွန့်စားရာ ရောက်နေသည်။
ထပ်တူကျနေသော အစီအစဉ်များ: အဆိုပါ တွေ့ဆုံပွဲသည် ထိုင်းနိုင်ငံ၏ နယ်စပ်နှင့် စီးပွားရေ းဆိုင်ရာ အကျိုးစီးပွားများ၊ စစ်ကောင်စီ၏ နိုင်ငံရေးအရ ပုံမှန်အခြေအနေသို့ ရောက်ရှိရန် တွန်းအားပေးမှုများနှင့် အဖွဲ့အစည်းဆိုင်ရာ ဆက်လက်ပါဝင်ခွင့်ကို ရှာဖွေနေကြသည့် ငြိမ်းချမ်းရေး ဆောင်ရွက်သူဟောင်းများ၏ တူညီသော အကျိုးစီးပွားများကို ဟပ်ဟပ်စပ်စပ် ဖော်ပြနေသည်။
စစ်ကောင်စီ၏ နည်းဗျူဟာ: စစ်ကောင်စီသည် အကြမ်းဖက်မှုများကို လျှော့ချရန်၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ခွင့်ပြုရန် ပျက်ကွက်နေသော်လည်း အပြည်ပြည်ဆိုင်ရာ၏ လက်ခံမှုကို ပြသနိုင်ရန် တဖြည်းဖြည်းချင်း ထိတွေ့ဆက်ဆံသည့် နည်းလမ်းကို အသုံးပြုနေသည်။
မညီမျှသော ပါဝင်ပတ်သက်မှု: စစ်ကောင်စီကို ဝန်ကြီးအဆင့် ဆက်ဆံခွင့်ပေးထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေး အင်အားစုများကိုမူ ဒုတိယတန်းစား အခန်းကဏ္ဍတွင်သာ ကန့်သတ်ထားခြင်းသည် စစ်ကောင်စီ၏ တရားဝင်မှုကို ခိုင်မာစေပြီး သွေးခွဲအုပ်ချုပ်သည့် နည်းဗျူဟာကို အားပေးရာရောက်သည်။
အာဆီယံအနေဖြင့် အောင်မြင်မှုကို သံတမန်ရေးရာ လုပ်ငန်းစဉ်မျှသာ မဟုတ်ဘဲ အကြမ်းဖက်မှုများ လျော့ကျသွားခြင်းကဲ့သို့သော လက်တွေ့ကျသည့် ရလဒ်များပေါ်မူတည်၍ တိုင်းတာဆုံးဖြတ်ရမည် ဖြစ်သည်။
ယခု ရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချွန်ဘူရီပြည်နယ်၊ ပတ္တရားမြို့နှင့် ဘန်ကောက်မြို့များတွင် ပြုလုပ်ခဲ့သည့် အာဆီယံ အထူးကိုယ်စားလှယ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာစစ်အုပ်စု ကိုယ်စားလှယ်တို့၏ အလွတ်သဘောအစည်းအဝေးအများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ပြုလုပ်ခဲ့သည့် အစည်အဝေးများကို လေ့လာသူများက အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) အကောင်အထည်ဖော်ရေး ကြိုးပမ်းမှုတရပ် အဖြစ် ယေဘုယျအားဖြင့် ရှုမြင်ကြမည် ဖြစ်သည်။ သို့သော် အစည်းအဝေး၏ နောက်ခံ အကျိုးစီးပွားများ၊ ပါဝင်သူများ၏ ရည်မှန်းချက်များနှင့် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးအကျိုးဆက်များကို သေချာစွာ ဆန်းစစ်ကြည့်ပါက၊ စေ့စေ့တွေးမှ ရေးရေးပေါ် ဆိုသကဲ့သို့ ပိုမိုရှုပ်ထွေးသည့် နောက်ခံအခြေအနေကို မြင်တွေ့နိုင်မည် ဖြစ်သည်။
အဓိက ဆန်းစစ်သင့်သည့် မေးခွန်းမှာ အစည်းအဝေးကျင်းပခဲ့ခြင်း ရှိ-မရှိ ဆိုသည့်အချက် မဟုတ်ဘဲ ဤအစည်းအဝေးအားဖြင့် စစ်အုပ်စု၏ အပြုအမူကို ပြောင်းလဲစေမည်လား၊ သို့မဟုတ် စစ်အုပ်စုက အာဆီယံအတွင်းသို့ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်နိုင်ရန်အတွက် နိုင်ငံရေးအသက်ရှူပေါက်တခု ဖွင့်ပေးနေခြင်းလား ဆိုသည့် မေးခွန်းသာ ဖြစ်သည်။
လက်ရှိအခြေအနေကို ကြည့်လျှင် အဆိုပါ အစည်းအဝေး အခင်းအကျင်းသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရန် အတွက် စစ်အုပ်စုကို တိတိကျကျ ဖိအားပေးသည့် လုပ်ငန်းစဉ်တရပ်ထက် ထိုင်းနိုင်ငံအာဏာပိုင်များ၊ စစ်အုပ်စုနှင့် “ငြိမ်းချမ်းရေး” အမည်ခံ အကျိုးဆောင်များ၏ အကျိုးစီးပွားများ ဆုံစည်းရာ ပလက်ဖောင်းတခု အခင်းအကျင်းနှင့် အလားသဏ္ဌာန် ပိုတူသည်။
ထိုင်းနိုင်ငံ၏ အကျိုးစီးပွား
အိမ်နီးချင်း ထိုင်းနိုင်ငံသည် မြန်မာ့အရေးအား ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတခုအဖြစ် ရှုမြင်ခြင်းထက်၊ စွမ်းအင်ကို လုံခြုံစိတ်ချစွာ အဆက်မပြတ် ရရှိနိုင်ရေး၊ နယ်စပ်တည်ငြိမ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ ဒုက္ခသည်အရေးနှင့် ထိုင်းနိုင်ငံပိုင် သို့မဟုတ် အစိုးရနှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ၏ အကျိုးစီးပွား အခြေခံဖြင့်သာ ရှုမြင် ချဉ်းကပ်သည်ကို မြင်တွေ့နိုင်သည်။
မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့၊ လျှပ်စစ်စွမ်းအင်နှင့် စီးပွားရေး လမ်းကြောင်းများသည် ထိုင်းနိုင်ငံအတွက် လက်တွေ့ကျသော အရေးပါမှုရှိသည်။ ထို့အပြင် နယ်စပ်တလျှောက် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ ဒုက္ခသည်စီးဆင်းမှုများ၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် ကျားဖြန့် (cyber scam) လုပ်ငန်းများသည် ထိုင်းနိုင်ငံ၏ လုံခြုံရေးအပေါ် တိုက်ရိုက်သက်ရောက်နေသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ၏ မြန်မာ့အရေးချဉ်းကပ်မှုတွင် စစ်အုပ်စု၏ နိုင်ငံရေးအပြုအမူ ပြောင်းလဲရေးထက် မိမိ၏ နယ်စပ်နှင့် စီးပွားရေးအကျိုးစီးပွားများကို ထိန်းသိမ်းရေးတို့ကို ပိုမိုဦးစားပေးမည်မှာ ထင်ရှားသည်။ ဤသည်မှာ နားလည်နိုင်သည့် အမျိုးသားအကျိုးစီးပွားဖြစ်သည်။ အမှန်စင်စစ် အဆိုပါအကျိုးစီးပွားကို နယ်စပ်ဒေသရှိ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအား ဖိအားပေး အကျပ်ကိုင်၍ စစ်အုပ်စု အလိုကျ ဆောင်ရွက်ပေးရုံ သို့မဟုတ် စစ်အုပ်စုနှင့် ပြေလည်အောင် ဆောင်ရွက်ပေးရုံမျှဖြင့် ဆောင်ကျဥ်းနိုင်ပါမည်လား။ လက်တွေ့ကျကျ မဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင်များ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။
အစည်းအဝေး အခင်းအကျင်း၏ အခြား အရေးကြီးသည့် ပြဿနာ တခုမှာ ထိုင်းနိုင်ငံနှင့် စစ်အုပ်စု၏ နှစ်ဘက် အကျိုးစီးပွား (bilateral interest) ကို အာဆီယံ မူဝါဒ (ASEAN Policy) အဖြစ် ပုံဖော်လာခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံက စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အား အိမ်ရှင်အဖြစ် လက်ခံပြီး သံတမန်ရေး ကစားသည့် host-country diplomacy နှင့် အာဆီယံ၏ စုပေါင်းရပ်တည်ချက်တို့အကြား ရှင်းလင်းသော နယ်နိမိတ် သတ်မှတ်ချက် မရှိပါက အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်သည် နယ်စပ်တည်ငြိမ်ရေးနှင့် စီးပွားရေး ပုံမှန်ဖြစ်စေရေး လုပ်ငန်းစဉ်ဖြင့် တဖြည်းဖြည်း အစားထိုးခံရနိုင်သည့် အန္တရာယ်ရှိသည်။
အနည်းဆုံးရလဒ်သည်ပင်လျှင် စစ်အုပ်စုအတွက် အမြတ်ဖြစ်သည်
စစ်အုပ်စုအတွက် ပတ္တရားအစည်းအဝေး အပါအဝင် အလွတ်သဘော အစည်းအဝေးများ၏ အဓိကတန်ဖိုးမှာ သဘောတူညီချက်တရပ် ရရှိခြင်း မဟုတ်ပါ။ “တွေ့ဆုံခွင့်ရခြင်း” ကိုယ်တိုင်က အကျိုးအမြတ် ဖြစ်နေသည်။
စစ်အုပ်စုသည် အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများမှ ချန်လှပ်ခံထားရသော်လည်း အလွတ်သဘောအစည်းအဝေးများ၊ နှစ်နိုင်ငံ ခေါင်းဆောင်အဆင့် တွေ့ဆုံမှုများနှင့် အထူးအစီအစဉ်များမှ တဆင့် အာဆီယံ၏ နိုင်ငံရေးဝန်းကျင်အတွင်းသို့ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေသည်။ ဤသည်မှာ “ကုလားအုပ်၏ ခေါင်းဝင်ပြီးနောက် တကိုယ်လုံးပါ ဝင်လာခြင်း (ခေါင်းဝင် ကိုယ်ဆံ့)” ဟု ဆိုနိုင်သည့် နည်းဗျူဟာဖြစ်သည်။ အစပိုင်းတွင် အလွတ်သဘောဆွေးနွေးမှု၊ ထို့နောက် ဒေသတွင်း ညှိနှိုင်းဆောင်ရွက်ရေး ဆွေးနွေးမှု၊ ထို့နောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံမှု၊ နောက်ဆုံးတွင် ပုံမှန် အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ ပြန်လည်တက်ရောက်နိုင်မှု ဟူ၍ အဆင့်ဆင့် တိုးချဲ့လာနိုင်သည်။
စစ်အုပ်စုအတွက် ယခု အစည်းအဝေးမှ အနိမ့်ဆုံး အကျိုးအမြတ် ရည်မှန်းချက်မှာ ဝါဒဖြန့်ချိရေး ဖြစ်သည်။ “အာဆီယံက မိမိတို့နှင့် ပြန်လည်ဆက်ဆံနေပြီ” ဟူသော ပုံရိပ်ကို ပြည်တွင်းနှင့် နိုင်ငံတကာတွင် ထုတ်လွှင့်နိုင်သည်။ ဤအချက်ကို အစည်းအဝေးများ မကျင်းပမီနှင့် ကျင်းပနေစဉ်ကာလများတွင် ထွက်ပေါ်လာသည့် သတင်းများ၊ အစည်းအဝေး နောက်ဆက်တွဲ သတင်းပုံဖေါ်မှု ဇာတ်ကြောင်းများကို လေ့လာကြည့်ပါက ရှင်းလင်းစွာ ရှုမြင်နိုင်မည် ဖြစ်သည်။
စစ်အုပ်စု၏ အမြင့်ဆုံးရည်မှန်းချက်မှာ ၄င်းတို့၏ နိုင်ငံရေးတရားဝင်မှုကို တဖြည်းဖြည်း ပြန်လည်တည်ဆောက်နိုင်ရေး ဖြစ်သည်။ ပို၍ စိုးရိမ်စရာကောင်း သည်မှာ စစ်အုပ်စုသည် အာဆီယံဘုံသဘောတူညီချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ အာဆီယံနှင့် ဆက်လက် ထိတွေ့ဆက်ဆံခွင့် (engagement) ရခြင်းအားဖြင့် ၎င်းတို့အတွက် အကျိုးကျေးဇူးများစွာကို ရရှိသွားနိုင်ခြင်းဖြစ်သည်။ အကြမ်းဖက်မှုများကိုလည်း လျှော့ချခြင်း မရှိ၊ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်း မရှိ၊ လူသားချင်းစာနာမှု အကူအညီများကို နယ်မြေမရွေး လွတ်လပ်စွာ စီးဆင်းခွင့်ပေးခြင်းလည်း မရှိဘဲ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံခွင့်ရနေပါက စစ်အုပ်စုအတွက် ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာရန် အကြောင်းမရှိတော့ပါ။
ငြိမ်းချမ်းရေး အမည်ခံ စီမံကိန်းများ
ပတ္တရား အခင်းအကျင်း၏ တတိယအကျိုးစီးပွားဆုံချက်သည် စစ်အုပ်စု၏ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement, NCA) အခြေပြု “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်” ကို ပြန်လည်အသက်သွင်းလိုသည့် အဖွဲ့များနှင့် သက်ဆိုင်သည်။
စစ်အုပ်စုသည် ၎င်း၏ နိုင်ငံရေးယန္တရားတခုဖြစ်သည့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (National Solidarity and Peacemaking Negotiation Committee, NSPNC) နှင့် NCA မူဘောင်အတွင်းမှ ရွေးထုတ်ထားသော အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများပြုလုပ်ပြီး ယင်းကို နိုင်ငံရေးအရ ဖြေရှင်းမှု တရပ်အဖြစ် နိုင်ငံတကာက ရှူမြင်စေလိုသည်။ သို့သော် ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးခဲ့သည့် အချိန်ကနှင့် မတူတော့ပါ။
ယခုအခါတွင် NUG အမျိုးသားညီညွတ်ရေးအစိုးရ ပေါ်ပေါက်နေပြီ ဖြစ်သည်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ နယ်မြေထိန်းချုပ်မှုသည်လည်း ပိုမိုကျယ်ပြန့်လာပြီဖြစ်သည်။ ပြည်မရှိ NUG ထိန်းချုပ်ဒေသများတွင် ဒေသန္တရ ဖက်ဒရယ်အုပ်ချုပ်ရေးယန္တရားများ ပေါ်ပေါက်နေပြီ ဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union, SCEF) ကဲ့သို့ စုပေါင်းနိုင်ငံရေးဦးဆောင်မှု ပုံစံသစ်များ တည်ဆောက်ပြီးနေပြီ ဖြစ်သည်။
ဤအခြေအနေတွင် ကျဉ်းမြောင်းသည့် NCA-သီးသန့် မူဘောင်ကို လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း၏ အဓိကမူဘောင် အဖြစ် ပြန်လည် ဇောင်းတင်ခြင်းသည် လက်တွေ့အခြေအနေကို လျစ်လျူရှုခြင်း ဖြစ်သည်။ သို့သော် ငြိမ်းချမ်းရေးလုပ်ငန်းများနှင့် နှစ်ပေါင်းများစွာ ဆက်စပ်လုပ်ကိုင်ခဲ့ကြသော အချို့ အကျိုးဆောင်များအတွက်မူ ဤလုပ်ငန်းစဉ်ကို ပြန်လည် စတင်ရေးသည် ငြိမ်းချမ်းရေးစီမံချက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု ဆက်လက်ရရှိရေး၊ ၎င်းတို့၏ အဖွဲ့အစည်း ဆက်လက် တည်ရှိနိုင်ရေးနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ဆက်လက်ဆောင်ခွင့် ရရှိရေးတို့အတွက် အရေးကြီးသည့် အခွင့်အလမ်းဖြစ်သည်။ ထို့ကြောင့် “ငြိမ်းချမ်းရေး” ဟူသော စကားရပ်နောက်တွင် ပဋိပက္ခကို ပြေငြိမ်းစေရေးထက် စီမံချက် တည်တံ့ရေး အကျိုးစီးပွားအား ပိုမိုဦးစားပေးနေခြင်း ရှိ-မရှိ ဆိုသည်ကို ဆန်းစစ်သင့်ပါသည်။
အာဆီယံဥက္ကဋ္ဌ၏ အားနည်းချက်ကို မည်သူက အသုံးချနေသနည်း
လက်ရှိ အာဆီယံဥက္ကဋ္ဌ၏ မြန်မာ့အရေးချဉ်းကပ်မှုတွင် ရှင်းလင်းပြတ်သားသည့် ဗျူဟာ၊ မြင်သာသည့် တိုးတက်မှုနှင့် ပြတ်သားသည့် နိုင်ငံရေးဦးဆောင်မှု အားနည်းပါက အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ၏ ကိုယ်ပိုင် အစီအမံက အာဆီယံလုပ်ငန်းစဥ်ကို လွှမ်းမိုးသွားမည်သာ ဖြစ်သည်။ ပတ္တရားအစည်းအဝေးတွင် ထိုင်းနိုင်ငံသည် အိမ်ရှင်နိုင်ငံ၏ အခန်းကဏ္ဍကို အသုံးချ၍ မိမိ၏ မြန်မာ့အရေး ချဉ်းကပ်မှုကို အာဆီယံလုပ်ငန်းစဥ်နှင့် ပေါင်းစပ်နိုင်ခဲ့သည်ဟု သုံးသပ်နိုင်သည်။ သို့ဖြစ်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သည် ထိုင်းနိုင်ငံ၏ အကျိုးစီးပွား၊ စစ်အုပ်စု၏ ပုံမှန်ပြန်ဖြစ်ရေး ကြိုးပမ်းချက်နှင့် ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ ကိုယ်ကျိုးဆန္ဒတို့အကြား အသုံးချခံနေရခြင်း ရှိ-မရှိကို အလေးအနက် စိစစ်သင့်သည်။
အာဆီယံသည် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အာဆီယံ၏ စုပေါင်းရပ်တည်ချက် အဖြစ် ပြောင်းလဲခွင့်ပေးလိုက်ပါက အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်သည် မူဝါဒတရပ် အဖြစ် မည်ကာမတ္တမျှ ဆက်လက် တည်ရှိနေမည် ဖြစ်သော်လည်း လက်တွေ့တွင် အဓိပ္ပါယ် ကင်းမဲ့သွားနိုင်သည်။
တရုတ်၏ နယ်စပ်ဆိုင်ရာ စီမံမှုကို ထိုင်းက ပုံတူ ကူးချနေသလား
ထိုင်းနိုင်ငံ၏ လက်ရှိချဉ်းကပ်မှုသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်အစိုးရက အသုံးပြုခဲ့သည့် နယ်စပ်တည်ငြိမ်ရေးဆိုင်ရာ စီမံမှုနှင့် အချို့အပိုင်းများတွင် ဆင်တူနေသည်။ တရုတ်နိုင်ငံသည် မြန်မာ့ပဋိပက္ခကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအမြင်ထက် နယ်စပ်တည်ငြိမ်ရေး၊ ကုန်သွယ်ရေးလမ်းကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် တရုတ်နိုင်ငံအတွင်းသို့ မတည်ငြိမ်မှု ကူးစက်လာခြင်း မရှိစေရေးတို့ အပေါ် အခြေခံ၍ ကိုင်တွယ်သည်။
ထိုင်းနိုင်ငံသည်လည်း ၎င်း၏ နယ်စပ်ဒေသတွင် တရုတ်နိုင်ငံနှင့် အလားတူ အကျိုးစီးပွား အလေးကဲသည့် တည်ငြိမ်ရေးနည်းလမ်း (interest-driven stabilization approach) ကို အသုံးပြုလာသည်ဟု မြင်နိုင်သည်။ ဤနေရာတွင် အထူးပြု၍ ပြောလိုသည်မှာ - ဒေသတခုတွင် တိုက်ပွဲရပ်တန့်နိုင်ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ခြင်း သို့မဟုတ် စွမ်းအင်စီးဆင်းမှု တည်ငြိမ်စေနိုင်ခြင်းသည် စစ်အုပ်စု၏ နိုင်ငံရေးအတွေးအခေါ်၊ အာဏာတည်မြဲရေး ရည်ရွယ်ချက်နှင့် အကြမ်းဖက်မှုအပေါ် အားကိုးသည့် အုပ်ချုပ်မှုပုံစံကို ပြောင်းလဲစေမည် မဟုတ်ကြောင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ - နယ်စပ်ဒေသ တည်ငြိမ်ရေးကို ဆောင်ရွက်ရုံဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို ပြေလည်စေနိုင်မည် မဟုတ်ပါ။
ရလဒ်ကို ထိတွေ့ဆက်ဆံမှု (engagement) သက်သက်ဖြင့် မတိုင်းတာသင့်ပါ
အာဆီယံသည် စစ်အုပ်စုနှင့် ပြုလုပ်သည့် အစည်းအဝေး အရေအတွက်၊ အထူးကိုယ်စားလှယ်၏ မြန်မာပြည် ခရီးစဉ် အရေအတွက်၊ သို့မဟုတ် ထုတ်ပြန်ချက် အရေအတွက်ဖြင့် မိမိ၏ အောင်မြင်မှုကို မတိုင်းတာသင့်ကြောင်း NUG ၏ ထုတ်ပြန်ကြေညာချက်တွင် ထောက်ပြထားသည်။ ယင်းအစား -
• စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ လျော့ကျသလား
• အရပ်သားများအပေါ် အကြမ်းဖက်မှု ရပ်တန့်သလား
• နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာသလား
• လူသားချင်းစာနာမှုအကူအညီများကို စစ်အုပ်စု၏ ထိန်းချုပ်မှုမရှိဘဲ လိုအပ်ချက်ရှိသည့် နေရာဒေသများသို့ လွတ်လပ်စွာ ပေးပို့နိုင်သလား
• အာဆီယံ အထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ရသလား
• အာဆီယံအနေဖြင့် NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ SCEF၊ ဒီမိုကရေစီအင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်းများကို စစ်အုပ်စုနှင့် တန်းတူညီမျှသော အဆင့်ဖြင့် ဆက်ဆံနိုင်ပြီလား - ဆိုသည့် မေးခွန်းများဖြင့် စောကြောသင့်ပါသည်။
အကယ်၍ အဆိုပါမေးခွန်းများအတွက် အဖြေမှာ “မရှိသေး” ဟု ဆိုပါက ပတ္တရားအစည်းအဝေးသည် အာဆီယံဘုံသဘောတူညီချက် ငါးချက် အား အကောင်အထည် ဖော်နေသည့် လုပ်ရပ်အဖြစ် မသတ်မှတ်သင့်ပါ။
တန်းတူညီမျှမှု မရှိသော ထိတွေ့ဆက်ဆံမှုသည် ဘက်လိုက်ခြင်းဆီသို့ ရွေ့လျောသွားနိုင်သည်
အာဆီယံအနေဖြင့် တဖက်တွင် စစ်အုပ်စုကို လူကိုယ်တိုင် တွေ့ဆုံခွင့်၊ ဝန်ကြီးအဆင့် အထိ ပေါက်ရောက်ခွင့် (access) နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရှေ့မှောက်တွင် မိမိ၏ အမြင်ကို တင်ပြခွင့် ပေးထားစဉ် NUG နှင့် အခြားအဓိကတော်လှန်ရေးအင်အားစုများကို အွန်လိုင်း တွေ့ဆုံမှု၊ အဆင့်နိမ့် ထိတွေ့ဆက်ဆံမှု သို့မဟုတ် သီးခြားတဖွဲ့ချင်း တွေ့ဆုံမှုများသာ ပေးနေပါက ယင်းကို မျှတသည့် ဆက်သွယ်ဆောင်ရွက်မှု (balanced engagement) ဟု မခေါ်ဆိုနိုင်ပါ။ ဤနည်းလမ်းသည် စစ်အုပ်စုကို တဦးတည်း တဖက်သတ် ဇာတ်ကြောင်း ဖော်ပြသူ (sole narrator) ဖြစ်စေရုံသာမက “နိုင်ငံတော်ကို ကိုယ်စားပြုသူမှာ စစ်အုပ်စုသာ ဖြစ်သည်” ဟူသော ၎င်းတို့၏ အဆိုကို မသိမသာ အားဖြည့်ပေးနေရာ ရောက်ပါသည်။ ထို့အပြင် NUG၊ တိုင်းရင်းသားအဖွဲ့များနှင့် SCEF တို့ကဲ့သို့သော စုပေါင်းနိုင်ငံရေးဦးဆောင်မှု ယန္တရားများကို အားပေးမည့်အစား တဖွဲ့ချင်း၊ တဦးချင်း ခွဲထုတ်ဆက်ဆံပါက စစ်အုပ်စု၏ အာဏာတည်မြဲရေး ထောင်ချောက်အတွင်း သက်ဆင်းသွားရမည့် အန္တရာယ် ဖြစ်ပေါ်နိုင်သည်။ မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းလိုသည်ဆိုပါက အာဆီယံသည် အင်အားစုများကို ခွဲထုတ်ဆက်ဆံခြင်းမပြုဘဲ စုပေါင်းညှိနှိုင်းနိုင်စွမ်း တိုးတက်လာစေရန် ကူညီရမည်သာဖြစ်သည်။
မြန်မာပြည်သူများ၏ သမိုင်းသင်ခန်းစာ
မြန်မာပြည်သူများသည် စစ်အာဏာရှင်များ၏ ကတိပျက်မှု၊ အချိန်ဆွဲမှု၊ သွေးခွဲမှုနှင့် နိုင်ငံတကာ၏ အားနည်းချက်ကို အသုံးချသည့် နည်းလမ်းများကို မျိုးဆက်ပေါင်းများစွာ ခံစားခဲ့ကြရပြီး ဖြစ်သည်။
စစ်အုပ်စု၏ နည်းဗျူဟာသည် အသစ်မဟုတ်ပါ
စစ်အုပ်စုသည် ၎င်းတို့အပေါ် နိုင်ငံတကာဖိအား များလာချိန်တွင် တွေ့ဆုံဆွေးနွေးမည်ဟု ပြောသည်။ ဆွေးနွေးရန် အခွင့်အရေး ရလာချိန်တွင် အချိန်ဆွဲသည်။ အင်အားစုများကို တဖွဲ့ချင်း ခွဲထုတ်သည်။ အလွတ်သဘော ထိတွေ့ဆက်ဆံမှုကို ၎င်းတို့အား အသိအမှတ်ပြုမှု အဖြစ် အသုံးချသည်။ နောက်ဆုံးတွင် မူလအပြုအမူကို မပြောင်းလဲဘဲ နိုင်ငံတကာအသိုင်းအဝိုင်းတွင် ၎င်းတို့သည်သာ တိုင်းပြည်၏ တရားဝင် အုပ်ချုပ်စီရင်ပိုင့် ရှိသူများ ဖြစ်သည်ဆိုသော အကျိုးအမြတ်ကို ရယူလေ့ရှိသည်။
ဤသမိုင်းကို မလေ့လာဘဲ စစ်အုပ်စုကို ကျောသပ်ရင်သပ် ဆက်ဆံခြင်းဖြင့် စစ်အုပ်စု၏ နိုင်ငံရေး အပြုအမူကို ပြောင်းလဲနိုင်မည်ဟု အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများက ယုံကြည်နေပါက မြန်မာပြည်သူများ၏ ရင်ထဲတွင် နောက်ထပ် ဆူးတချောင်း စိုက်ထူခြင်းသာ ဖြစ်လိမ့်မည်။
ပတ္တရားအစည်းအဝေး၏ အမှန်တကယ် စမ်းသပ်ချက်
ပတ္တရားအစည်းအဝေးသည် သံတမန်ရေး တံခါးဖွင့်မှုတရပ် ဖြစ်နိုင်သည်။ သို့သော် မည်သူ့အတွက် တံခါးဖွင့်ပေးနေသနည်းဆိုသည်မှာ အရေးကြီးသည်။ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရေးအတွက် တံခါးဖွင့်ခြင်းလား။ အကြမ်းဖက်မှုလျှော့ချရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး အတွက် တံခါးဖွင့်ခြင်းလား။ သက်ဆိုင်သူ အားလုံး ပါဝင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်အတွက် တံခါးဖွင့်ခြင်းလား။ သို့မဟုတ် စစ်အုပ်စုအား အာဆီယံအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် တံခါးဖွင့်ပေးခြင်းလား ဆိုသည်မှာ မြန်မာပြည်သူတို့ မေးမြန်းနေကြသည့် မေးခွန်းများ ဖြစ်ပါသည်။
ဤမေးခွန်းများ၏ အဖြေကို အစည်းအဝေး ဓာတ်ပုံများ၊ သံတမန်ရေး စကားလုံးများနှင့် ကြေညာချက်များက မပေးစွမ်းနိုင်ပါ။ စစ်အုပ်စု၏ ထင်ရှားသော အပြုအမူ ပြောင်းလဲခြင်းကသာ ပေးစွမ်းနိုင်ပါသည်။
အကြမ်းဖက်မှုကိုလည်း မလျှော့၊ နိုင်ငံရေးအကျဉ်းသားများကိုလည်း လွှတ်မပေး၊ လူသားချင်းစာနာမှုလမ်းကြောင်းကိုလည်း ဖွင့်မပေး၊ အားလုံးပါဝင်သည့် ထိတွေ့ဆက်ဆံမှုလည်း မရှိဘဲ စစ်အုပ်စုနှင့် ဆက်ဆံရေးကိုသာ တိုးမြှင့်ဆောင်ရွက်နေပါက ပတ္တရားအစည်းအဝေးသည် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အသက်သွင်းသည့် ခြေလှမ်းအဖြစ် မြန်မာပြည်သူများက လက်ခံယူဆကြမည် မဟုတ်ပါ။ ၎င်းသည် ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား၊ စစ်အုပ်စု၏ "ပိုနေမြဲ ကျားနေမြဲ" ပုံမှန်နေသွားရေး စီမံချက် (normalisation agenda) နှင့် ငြိမ်းချမ်းရေးအမည်ခံ အကျိုးဆောင်များ၏ အကျိုးစီးပွား အခြေစိုက် စီမံချက် (project-based agenda) တို့၏ ဆုံစည်းရာ အပေါ်ယံ နိုင်ငံရေးပြယုဂ် တခုသာ ဖြစ်သွားပါလိမ့်မည်။ ထို့အပြင် ဤလုပ်ငန်းစဉ်သည် စစ်အုပ်စု၏ နိုင်ငံရေး အပြုအမူကို ပြောင်းလဲရန် ကြိုးပမ်းသည့် မူဝါဒ မဟုတ်ဘဲ စစ်အုပ်စုကို ထပ်မံ အသက်ရှူခွင့်ပေးသည့် မူဝါဒတရပ်အဖြစ် မြန်မာ့သမိုင်းနှင့် အာဆီယံသမိုင်းတွင် မှတ်တမ်းတင်ခံရနိုင်ခြင်းပင် ဖြစ်သည်။