ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ပို့ရေးနှင့် မလေးရှား၏ စံလွဲ သံတမန်ရေးရာ ခြေလှမ်း

ရေတိုနိုင်ငံရေးအကျိုးအမြတ်၊ လူသားချင်းစာနာမှု၊ နိုင်ငံတကာဥပဒေ၊ အာဆီယံမူဝါဒပျက်ပြားမှုနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာရိုက်ခတ်မှုများအား သုံးသပ်ချက်

| PDF ဆောင်းပါး | Read in English |


သရုပ်ဖော်ပုံကို AI ဖြင့် ဖန်တီးသည်။

ဆောင်းပါး အကျဉ်းချုပ်

  • မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်များအား နေရပ်ပြန်လည်ပို့ဆောင်ရေး ကိစ္စသည် လူသားချင်းစာနာမှု၊ နိုင်ငံတကာ ဥပဒေ၊ နိုင်ငံသားဖြစ်ခွင့်၊ လုံခြုံရေး၊ ဒေသတွင်း သံတမန်ရေးနှင့် အာဆီယံ၏ မြန်မာ့အရေးဆိုင်ရာ မူဝါဒတို့ကို တပြိုင်နက်တည်း ထိတွေ့နေသည့် ရှုပ်ထွေးသော မူဝါဒဆိုင်ရာ ကိစ္စတရပ် ဖြစ်သည်။ မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူနှင့် ဒုက္ခသည်အများအပြားကို လက်ခံထားသည့် နိုင်ငံတနိုင်ငံ ဖြစ်ပြီး၊ ရိုဟင်ဂျာများအပါအဝင် မလေးရှားရောက် မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ရေးဆိုင်ရာ ဆွေးနွေးမှုများကို ၂၀၂၆ ခုနှစ်တွင် စစ်တပ်က ထိန်းချုပ်ထားသည့်  မြန်မာအစိုးရနှင့် တိုးမြှင့် ပြုလုပ်လာခဲ့သည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာနိုင်ငံဘက်မှ မလေးရှားတွင်ရှိသည့် ရိုဟင်ဂျာ ၅,၀၀၀ ခန့်ကို ပြန်လည်လက်ခံရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့သော်လည်း၊ မြန်မာဘက်ကမူ ပြန်လည် လက်ခံမည့်သူများမှာ စိစစ် အတည်ပြုထားသော နိုင်ငံသားများ ဖြစ်ရမည်ဟု အလေးထား ဖော်ပြခဲ့သည်။ ၂၀၂၆ စက်တင်ဘာ ၁၆ ရက်တွင် အန်ဝါအီဘရာဟင်က မြန်မာသမ္မတကို မလေးရှားသို့ တရားဝင်ဖိတ်ကြား၍ ရိုဟင်ဂျာများ အပါအဝင် အခြား မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံရေးကို တိုက်ရိုက်ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း ထပ်မံ ကြေညာခဲ့သည်။ အန်ဝါအီဘရာဟင်၏ ပြောကြားချက်အရ မြန်မာနိုင်ငံအနေဖြင့် လူဦးရေ ၂၀၀,၀၀၀ ခန့်ကို တကြိမ်တည်း လက်မခံနိုင်ပါက အဆင့်ဆင့် ပြန်လည်လက်ခံနိုင်ရေးကို ဆွေးနွေးမည်ဟု သိရသည်။

  • ထိုသို့သော ပြန်လည်ပို့ဆောင်ရေးအစီအစဉ်က နိုင်ငံရေး၊ လူသားချင်းစာနာမှု၊ ဥပဒေရေးရာနှင့် ဒေသတွင်းလုံခြုံရေးအခြေအနေများအပေါ် သက်ရောက်နိုင်မှုကို အခြေခံ၍ ဤဆောင်းပါးတွင် ဆန်းစစ်ထားသည်။ အထူးသဖြင့် ဒုက္ခသည်များအား အန္တရာယ်ရှိသော ဒေသသို့ ပြန်မပို့ရ ဆိုသည့် နိုင်ငံတကာမူ (Non-Refoulement policy)၊ လုံခြုံ၍ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိသော ပြန်လည်နေထိုင်ရေး၏ အခြေခံလိုအပ်ချက်များနှင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် တို့၏ ဆက်စပ်မှုကို လေ့လာထားသည်။

 

ခန့်မှန်းခြေ ဖတ်ရှုချိန် ~ ၆-၇ မိနစ်ခန့်

နိဒါန်း

၂၀၂၆ ခုနှစ် မလေးရှားနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း ရိုဟင်ဂျာဒုက္ခသည် ၂၀၀,၀၀၀ ခန့်အား မြန်မာစစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တိုက်ရိုက်ညှိနှိုင်း၍ နေရပ် ပြန်ပို့မည် ဆိုသော ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ ပြောဆိုချက်သည် အာဆီယံ ဒေသတွင်း သံတမန်ရေးရာနှင့် လူ့အခွင့်အရေးဆိုင်ရာ ကြီးမားသော ဂယက်ရိုက်ခတ်မှုများကို ဖြစ်ပေါ်စေသည်။ မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များနှင့် စစ်ဘေးဒဏ်သင့် ပြည်သူများအပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် သမိုင်းအဆက်ဆက် ရှေ့တန်းမှ ရပ်တည်ခဲ့သည့် နိုင်ငံ ဖြစ်သော်လည်း ယခုကဲ့သို့ မြန်မာပြည်သူလူထု အပေါ်ကြီးလေးသော စစ်ရာဇ၀တ်မှုကြီးများကို ကျူးလွန်လျက်ရှိသည့် စစ်အုပ်စုအား တရားဝင် အသိအမှတ်ပြုရာ ရောက်မည့် ခြေလှမ်းများ လှမ်းလာခြင်းသည် ရပ်တည်ချက်ဆိုင်ရာ သမိုင်းဝင် လွဲမှားမှုတခု ဖြစ်လာနေသည်။

တချိန်တည်းတွင် UNHCR က မြန်မာနိုင်ငံ၏ လက်ရှိ လုံခြုံရေးအခြေအနေသည် ဒုက္ခသည်များအတွက် လုံခြုံပြီး ရေရှည်တည်တံ့သော ပြန်လည်နေထိုင်ရေးအတွက် မသင့်လျော်သေးကြောင်း သတိပေးထားသည်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် UNHCR သည် မလေးရှားအစိုးရ၏ ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး အစီအစဉ်တွင် မိမိတို့အဖွဲ့အစည်းက ပါဝင်ခြင်းမရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် ပြန်လည်ပို့ဆောင်ရေး၏ လုံခြုံရေးအခြေအနေ အပေါ် စိုးရိမ်မှုရှိကြောင်း ဖော်ပြခဲ့သည်။

ဤဆောင်းပါးသည် မလေးရှားနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ရိုက်ခတ်မှုများ၊ အာဆီယံပဋိညာဉ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် အပေါ် စိန်ခေါ်မှုများ၊ နိုင်ငံတကာ ဒုက္ခသည်ဆိုင်ရာ ဥပဒေ (Non-Refoulement) ပြဋ္ဌာန်းချက်များနှင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားရင်ဆိုင်နေရသော စစ်အုပ်စုထံ ဒုက္ခသည်များ လွှဲပြောင်းပေးခြင်း၏ အန္တရာယ်များကို သုံးသပ် တင်ပြထားပါသည်။

မလေးရှား၏ပြည်တွင်းနိုင်ငံရေး၊ မဲဆွယ်မှုအကွက်နှင့် အခွင့်အရေးယူ မြန်မာစစ်အုပ်စု

မလေးရှားနိုင်ငံ၏ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်ပြဿနာသည် မဲဆန္ဒရှင်များ၏ လူမှုစီးပွား စိုးရိမ်မကင်းဖြစ်မှုများကိုလှုံ့ဆော်ရန် အဓိကခေါင်းစဉ်တခု ဖြစ်လာသည်။ မလေးရှားအစိုးရအနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်စေလွှတ်ရေးကို မဲဆွယ်မှု အခင်းအကျင်းအဖြစ် အသုံးပြုသလို ဖြစ်နေခြင်းသည် ပြည်တွင်း မဲဆန္ဒရှင်များ၏ ထောက်ခံမှုကိုရယူရန် ရေတိုနည်းဗျူဟာ ဖြစ်နိုင်သော်လည်း ရေရှည်တွင် မလေးရှား၏ နိုင်ငံတကာ သံတမန်ရေးရာ ဂုဏ်သိက္ခာကို ကြီးစွာ ထိခိုက်စေမည်ဖြစ်သည်။

အာဆီယံနှင့် နိုင်ငံတကာ၏ ဖယ်ကျဉ်ခြင်းခံထားရသည့် မြန်မာစစ်အုပ်စုအတွက် မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရှိခြင်းသည် ၎င်းတို့၏ တရားမဝင်အာဏာသိမ်းမှုကို တရားဝင်မှု ရရှိစေမည့် ထွက်ပေါက်တခုအဖြစ် အသုံးချလာနိုင်မည်ဖြစ်သည်။ စစ်အုပ်စုသည် ဒုက္ခသည်အနည်းငယ်ကို ဟန်ပြ ပြန်လည်လက်ခံပြပြီး နိုင်ငံတကာ၏ ဖိအားကို လျှော့ချရန်နှင့် အာဆီယံအတွင်း အကွဲအပြဲဖြစ်အောင် အကွက်ဆင် ဆောင်ရွက်လာနိုင်သည်။

အာဆီယံသည် စစ်ခေါင်းဆောင်များအား အရေးပါသော အစည်းအဝေးများသို့ နိုင်ငံရေးကိုယ်စားပြုသူ အဆင့်တက်ရောက်ခွင့်မပြုခြင်းအားဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် ဖိအားပေးထားသည်။ သို့သော် ထိုင်းနှင့် အင်ဒိုနီးရှား အပါအ၀င် အာဆီယံအဖွဲ့၀င်နိုင်ငံ အချို့၏ နောက်ကွယ်မှ သံတမန်ရေးရာ ခြေပုန်းခုတ်မှုများ ပါဝင်နေနိုင်သည့် မလေးရှား၏ တိုက်ရိုက်ထိတွေ့ဆက်ဆံမှု အစီအစဉ်သည် အာဆီယံ၏ ဘုံသဘောတူညီချက်ကို တိုက်ရိုက် ချိုးဖောက်ရာ ရောက်နိုင်ပါသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား မြန်မာ့အရေးနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ပိုမိုကြီးမားလာပါက အာဆီယံ၏ ဗဟိုချက်ဖြစ်မှု လျော့ပါးသွားမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ စစ်ဘေးစစ်ဒဏ်သင့်မှုနှင့် ဒုက္ခသည် ပြဿနာသည် ဒေသတွင်း လုံခြုံရေးဆိုင်ရာ အန္တရာယ် အဖြစ် ရေရှည် တည်ရှိနေမည် ဖြစ်သည်။ မြန်မာ စစ်ခေါင်းဆောင်များအား အာဆီယံ အဆင့်မြင့်အစည်းအဝေးများမှ ဖယ်ကျဉ်ထားမှုကို လျှော့ချလိုက်သကဲ့သို့ ဖြစ်သွားပြီး အာဏာသိမ်းမှုကို တရားဝင် အသိအမှတ်ပြုရာ ရောက်ရှိစေသည်။ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့၏ မြန်မာနိုင်ငံနှင့် သီးခြား ထိတွေ့ဆက်ဆံမှုများကြောင့် အာဆီယံ၏ ဘုံရပ်တည်ချက် ပြိုကွဲစေနိုင်ပါသည်။ အာဆီယံပဋိညာဥ်ပါ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများ တိုက်စားခံရပြီး မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများကို ထိန်းချုပ်နိုင်သည့် နည်းလမ်းများ ကင်းမဲ့သွားမည် ဖြစ်သည်။

နိုင်ငံတကာ ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆန်းစစ်ချက်

ရိုဟင်ဂျာ ဒုက္ခသည်များ အရေးသည် ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် အထူးပြင်းထန်လာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူအများအပြား ထွက်ပြေး ရောက်ရှိခဲ့သည့် အပြင်၊ မလေးရှား အပါအဝင် အရှေ့တောင်အာရှနိုင်ငံများသို့လည်း ရွှေ့ပြောင်းလာခဲ့ကြသည်။ ရိုဟင်ဂျာများ၏ အဓိကပြဿနာများမှာ လုံခြုံရေး၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်၊ လူမှုစီးပွားရေး အခွင့်အလမ်းနှင့် ရခိုင်ပြည် အတွင်းရှိ နေရင်း ဒေသများ၏ လုံခြုံရေး အခြေအနေတို့နှင့် ဆက်စပ်နေသည်။ ထို့အပြင် ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော် (AA) အကြား တော်လှန်ရေးတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းသည် ရိုဟင်ဂျာ ပြန်လည်နေရာချထားရေးအတွက် လုံခြုံရေး အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်။

ထို့ကြောင့် “ပြန်ပို့နိုင်ခြင်း” နှင့် “လုံခြုံစွာ ပြန်လည်နေထိုင်နိုင်ခြင်း” တို့ကို ခွဲခြားရန် အလွန်အရေးကြီးသည်။ လူတဦးကို နယ်စပ်မှ ဖြတ်ကျော်စေလွှတ်နိုင်ခြင်းသည် ထိုသူအတွက် လုံခြုံသော နေရပ်၌ ရေရှည်တည်တံ့စွာ ပြန်လည်နေထိုင်ခွင့် ရရှိပြီ ဆိုသော အဓိပ္ပါယ်မျိုး မသက်ရောက်ပါ။

နိုင်ငံတကာ ဥပဒေနှင့် ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်များ၏ အဓိကဒေါက်တိုင် ဖြစ်သော Non-Refoulement (အသက်အန္တရာယ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာညှင်းပန်းမှုများနှင့် ရင်ဆိုင်ရနိုင်သည့် မလုံခြုံသော နေရာများသို့ ဒုက္ခသည်များအား အတင်းအဓမ္မ ပြန်မပို့ရ ဆိုသည့်မူ) ကို မလေးရှားနိုင်ငံ အနေဖြင့် လျစ်လျူရှုရာ ရောက်ပါသည်။ စစ်အုပ်စု လက်အောက်ရှိ မြန်မာနိုင်ငံ၏ မြေပြင် လက်တွေ့ အခြေအနေများ ဖြစ်သော နိုင်ငံသား အခွင့်အရေး ငြင်းပယ်ခံရခြင်းနှင့် လွတ်လပ်စွာ သွားလာခွင့် ကန့် သတ်ခံရခြင်း၊ ရခိုင်ပြည်အတွင်း စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုများနှင့် စစ်ပွဲများ အရှိန်မြင့်တက်နေခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း စသည်တို့ ဖြစ်ပေါ်နေချိန်တွင် ပြန်ပို့ခံရမည့် ရိုဟင်ဂျာ ဒုက္ခသည်များအနေဖြင့်  နိုင်ငံတကာစံနှုန်းများ ဖြစ်ကြသော မိမိ၏ နေရပ်တွင် ဂုဏ်သိက္ခာရှိပြီး လုံခြုံစွာ ပြန်လည်နေထိုင်ခွင့်၊ အသက်အန္တရာယ် ကင်းရှင်းခွင့် စသည့် လူ့အခွင့်အရေး အာမခံချက်များအား မည်သည့်နည်းနှင့်မျှ ရရှိနိုင်မည် မဟုတ်ပါ။

မလေးရှား၏ ပြန်လည်ပို့ဆောင်ရေး မူဝါဒ

မလေးရှားနိုင်ငံသည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံ မဟုတ်သော်လည်း၊ ဒုက္ခသည် ကာကွယ်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများမှ လုံးဝ ကင်းလွတ်နေသည်ဟု မဆိုနိုင်ပေ။ အထူးသဖြင့် Non-Refoulement သည် နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေအရ နိုင်ငံအားလုံးအပေါ် သက်ရောက်သည့် မူတရပ်ဖြစ်ကြောင်း UNHCR က ဖော်ပြထားသည်။

၂၀၂၆ ခုနှစ်တွင် မလေးရှားအစိုးရက ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေးနှင့် ပတ်သက်၍ စိစစ်မှုများ ပြုလုပ်လာခဲ့သည်။ ဇူလိုင်လတွင် ဒုက္ခသည် ၅,၀၀၀ ခန့်နှင့် သက်ဆိုင်သည့် သဘောတူညီမှုကို ဝန်ကြီးချုပ်က ဖော်ပြခဲ့ပြီး၊ ဒုက္ခသည် ၁,၄၇၆ ဦးသည် စက်တင်ဘာ ၂၉ ရက်တွင် မိမိတို့၏ ဆန္ဒအလျောက် နေရပ် ပြန်မည့် အစီအစဉ် ရှိကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနဘက်မှ ထုတ်ဖော် ပြောဆိုခဲ့သည်။ သို့သော် UNHCR က အဆိုပါအစီအစဉ်တွင် မပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို စိုးရိမ်ကြောင်း ဖော်ပြထားသည်။

ဤအခြေအနေသည် မူဝါဒရေးဆွဲရာတွင် “မိမိဆန္ဒအလျောက် နေရပ်ပြန်ခြင်း” ဆိုသည့် စကားလုံး တခုတည်းနှင့် လုံလောက်မှုမရှိကြောင်း ပြသသည်။ ပြန်လည်နေထိုင်မည့်သူများသည် အန္တရာယ်များ၊ နေရပ်၏ အခြေအနေများနှင့် ရွေးချယ်စရာများကို သိရှိပြီး လွတ်လပ်စွာ ဆုံးဖြတ်နိုင်ရန် လိုအပ်သည်။

Non-Refoulement မူ၏ ဥပဒေရေးရာ အရေးပါမှု

Non-Refoulement ဆိုသည်မှာ လူတဦးအား သူ၏ အသက်၊ လွတ်လပ်ခွင့် သို့မဟုတ် အခြေခံလူ့ အခွင့်အရေးများကို ပြင်းထန်စွာ ထိခိုက်နိုင်သည့် နေရာသို့  အတင်းအကျပ် ပြန်မပို့ရဟူသည့် အခြေခံမူ ဖြစ်သည်။ UNHCR ၏ ရှင်းလင်းချက်အရ Non-Refoulement မူ သည် ဒုက္ခသည်များအတွက်သာမက နိုင်ငံတကာ၏ အကာအကွယ်ပေးမှု လိုအပ်နေသူများနှင့်ပါ သက်ဆိုင်ပြီး၊ အတင်းအကျပ် ပြန်ပို့ခြင်း၊ နိုင်ငံတွင်းမှ ပြန်ပို့ခြင်း၊ နိုင်ငံမှ နှင်ထုတ်ခြင်းနှင့် အခြား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ပြန်လည်လွှဲပြောင်းပေးမှုများ အထိ အကျုံးဝင်ပါသည်။ ထို့အပြင် UNHCR သည် ဤမူကို နိုင်ငံတကာ ထုံးတမ်းစဥ်လာ ဥပဒေ၏ အစိတ်အပိုင်း တရပ်အဖြစ် ဖော်ပြထားသည်။

ထို့ကြောင့် ပြန်လည်ပို့ဆောင်ရေးကို ဆန်းစစ်ရာတွင် ပြန်လည် သွားရောက်မည့် ဒေသတွင် လုံခြုံမှု ရှိ-မရှိ၊ ပြန်လည် ရောက်ရှိပြီးနောက် ဖမ်းဆီးခြင်း၊ အတင်းအကျပ်ရွှေ့ပြောင်းခြင်း သို့မဟုတ် အကြမ်းဖက်ခြင်း ခံရနိုင်ခြေ ရှိ-မရှိ၊ နိုင်ငံသား အခွင့်အရေးနှင့် ဥပဒေရေးရာ အဆင့်အတန်းကို အာမခံနိုင်ခြင်း ရှိ-မရှိ၊ လွတ်လပ်စွာ သွားလာ နေထိုင်နိုင်ခြင်းရှိ-မရှိ၊ အိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများ ရှိ-မရှိ၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြား အခြေခံ ဝန်ဆောင်မှုများ ရရှိနိုင်ခြင်း ရှိ-မရှိ၊ ပြန်လည် နေရာချထားရေးကို အမှန်တကယ် ဆန္ဒအလျောက် လက်ခံခြင်း ဟုတ်-မဟုတ် စသည့် အချက်များဖြင့် ဆန်းစစ်ရန် လိုပါသည်။ ထို့ကြောင့် “ပြန်ရန် ဆန္ဒရှိခြင်း” ဆိုသည့် စကား သက်သက်ကြောင့် ထိုသူများ ပြန်ရမည့်နေရာသည် လုံခြုံသောနေရာဖြစ်သည်ဟု ယူဆရန် မဖြစ်နိုင်သကဲ့သို့ ထိုသူတို့အား ပြန်ပို့ခြင်းကိုလည်း “လုံခြုံစွာ ပြန်လည်နေရာချထားခြင်း” ဟု သတ်မှတ်ရန် မဖြစ်နိုင်ပါ။

ASEAN ၏ မြန်မာ့အရေးမူဝါဒနှင့် ဘုံသဘောတူညီချက် ၅ ရပ်

အာဆီယံ၏ မြန်မာ့အရေးဆိုင်ရာ အဓိက မူဘောင်မှာ ၂၀၂၁ ခုနှစ် ဧပြီလတွင် ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ၅ ရပ် ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ASEAN ခေါင်းဆောင်များက ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် အသုံးပြုရမည့် အဓိက မူဘောင်အဖြစ် ထပ်မံ အတည်ပြုခဲ့သည်။ ၂၀၂၄ ခုနှစ်တွင်လည်း အာဆီယံက မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုနှင့် လူသားချင်းစာနာမှု အခြေအနေအပေါ် စိုးရိမ်ကြောင်း ထပ်မံ ဖော်ပြခဲ့သည်။ ၂၀၂၅ ခုနှစ် ASEAN ထိပ်သီးခေါင်းဆောင်များ၏ ကြေငြာချက်တွင်လည်း ဘုံသဘောတူညီချက် ၅ ရပ်သည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် အဓိက ရည်ညွှန်းမူဘောင် အဖြစ် ဆက်လက်ရှိနေပြီး ၎င်းကို အပြည့်အဝ အကောင်အထည်ဖော်ရန် အလေးထားခဲ့သည်။

မြန်မာစစ်အုပ်စုသည် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး၌ တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။ လူမျိုးတုန်း သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်ကောင်များထံသို့ ၎င်းတို့၏ သားကောင်များ ဖြစ်ခဲ့ဖူးသည့် ဒုက္ခသည်များကို ပြန်လည် လွှဲပြောင်းပေးခြင်းသည် ဒုက္ခသည်များအား သေတွင်းသို့ တိုက်ရိုက်တွန်းပို့ခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံ၏ အနာဂတ် သံတမန်ရေး ဂုဏ်သိက္ခာ မထိခိုက်စေရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးကို ရည်ရွယ်သောအားဖြင့်  မလေးရှား အစိုးရနှင့် ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့အနေဖြင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား မလေးရှားနိုင်ငံသို့ တရားဝင် ဖိတ်ကြားမည့် အစီအစဉ်ကို ရပ်ဆိုင်းပြီး တရားမဝင် စစ်အုပ်စုအား သံတမန်ရေးရာ တရားဝင်မှု ပေးသည့် မူဝါဒများကို ပယ်ဖျက်ရန်၊ ရိုဟင်ဂျာဒုက္ခသည်များ၏ အသက်နှင့် လုံခြုံရေးကို စစ်အုပ်စု၏ လက်ထဲသို့ ၀ကွက် အပ်နှင်းရာ ရောက်မည့် တိုက်ရိုက် နေရပ်ပြန်ပို့ရေး အစီအစဉ်များကို ဆက်လက် မလုပ်ဆောင်ရန်၊ မြန်မာပြည်သူများကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အာရက္ခဒေသရှိ အာရက္ခ ပြည်သူ့အစိုးရ၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)၊ ရိုဟင်ဂျာ လူမှုအသိုက်အ၀န်း အပါအ၀င် သက်ဆိုင်ရာ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် ပူးပေါင်း၍ ရေရှည်တည်တံ့ပြီး ဂုဏ်သိက္ခာရှိသော ဖြေရှင်းနည်းများကို ရှာဖွေရန် အထူးလိုအပ်ပါသည်။

နိဂုံး

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ပို့ရေးသည် ရေတို နိုင်ငံရေးမဲဆွယ်မှုများနှင့် သံတမန်ရေးရာ အမြတ် ထုတ်မှုများအတွက် အသုံးချရမည့် ခေါင်းစဉ်မဟုတ်ဘဲ လူသားချင်းစာနာမှု၊ နိုင်ငံတကာ ဥပဒေနှင့် ဒေသတွင်း တည်ငြိမ်ရေးဆိုင်ရာ မဟာဗျူဟာမြောက် ကိစ္စရပ် ဖြစ်သည်။ မလေးရှားနိုင်ငံ အနေဖြင့် သမိုင်းစဉ်ဆက် ထိန်းသိမ်းခဲ့သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဆိုင်ရာ ရပ်တည်ချက်များကို ပြန်လည် ကိုင်စွဲပြီး အာဆီယံ၏ စည်းလုံးရေးအတွက် မြန်မာပြည်သူများ၏ စစ်မှန်သော တရား၀င်အစိုးရ ဖြစ်သည့် အမျိုး သားညီညွတ်ရေးအစိုးရနှင့် နိုင်ငံတော်အဆင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သင့်သကဲ့သို့၊ အာရက္ခ ဒေသရှိ အာရက္ခ ပြည်သူ့အစိုးရ၊ ရခိုင် အမျိုးသား အဖွဲ့ချုပ်/အာရက္ခ တပ်တော် (ULA/AA) အပြင် ဒေသခံ ရိုဟင်ဂျာ လူမှုအသိုက်အ၀န်းများနှင့် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။


Next
Next

Repatriation of Rohingya Refugees and Malaysia’s Anomalous Diplomatic Footing