| PDF ဆောင်းပါး | Read in English |
သရုပ်ဖော်ပုံကို AI ဖြင့် ဖန်တီးသည်။
ဆောင်းပါး အကျဉ်းချုပ်
ဟန်ပြနှင့် တရားဝင်မှု ကွာခြားချက် - နိုင်ငံတကာ၏ ထိတွေ့ဆက်ဆံမှုများသည် နယ်စပ်ပြဿနာ၊ ကျားဖြန့်နှင့် ဒုက္ခသည်အရေးစသည့် ဘေးထွက်ဆိုးကျိုးများကို ထိန်းညှိရန် လက်တွေ့အကျိုးစီးပွားအရ ဆောင်ရွက်ခြင်းသာဖြစ်ပြီး စစ်အုပ်စုကို တရားဝင်အသိအမှတ်ပြုခြင်း မဟုတ်ပါ။
အဖွဲ့အစည်းဆိုင်ရာ ပိတ်ဆို့မှုများ - သမ္မတဘွဲ့ခံယူကာ အရပ်သားအစိုးရ အယောင်ဆောင်ထားသော်လည်း IPU က CRPH ကို ဆက်လက်အသိအမှတ်ပြုထားပြီး ကုလသမဂ္ဂနှင့် EU တို့ကလည်း စစ်အုပ်စုကို ဆက်လက် ဆန့်ကျင် ဖယ်ထုတ်ထားပါသည်။
ထိတွေ့ဆက်ဆံမှု၏ ကန့်သတ်ချက်များ - အမေရိကန်က ရှားပါးသတ္တုနှင့် ကျားဖြန့်နှိမ်နင်းရေးအတွက် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံလိုသော်လည်း အဆိုပါ သယံဇာတနှင့် ကျားဖြန့်ရှိရာ နယ်မြေများကို စစ်တပ်က အမှန်တကယ် စိုးမိုးထိန်းချုပ်နိုင်ခြင်း မရှိပေ။
ပြည်တွင်း ပြိုလဲမှု အခြေအနေ - စစ်အင်အား ပြုန်းတီးခြင်း၊ စစ်မှုထမ်းဥပဒေ မအောင်မြင်ခြင်း၊ ကျပ်ငွေတန်ဖိုး ထိုးကျခြင်းနှင့် အဓိကမဟာမိတ် တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် အက်ကြောင်းထင်လာခြင်းတို့ကြောင့် ပြည်ပ လက်ဆွဲနှုတ်ဆက်မှုများသည် စစ်အုပ်စုကို ကယ်တင်နိုင်မည် မဟုတ်ပါ။
ခန့်မှန်းခြေ ဖတ်ရှုချိန် ~ ၅-၆ မိနစ်ခန့်
အယောင်ဆောင် သမ္မတ မင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဉ်တွေ စိပ်လာတာကြောင့် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကြားထဲမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာခြင်းဟာ သဘာဝကျပါတယ်။ မလေးရှားခရီးစဉ်အပြင် တရုတ်၊ ရုရှား၊ ဘီလာရုစ်၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းနိုင်ငံတွေဆီ သွားခဲ့တဲ့ တရားဝင်ခရီးစဉ်တွေကို စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး ယန္တရားတွေက အကြီးအကျယ် ပုံကြီးချဲ့ခဲ့ကြပါတယ်။ ဒါဟာ စစ်အုပ်စု အနေနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ပြန်ရလာနေပြီဆိုတဲ့ သက်သေပါဆိုပြီး အတင်းလှုံ့ဆော်နေကြတာပါ။ ဒါ့အပြင် အင်ဒိုနီးရှားနဲ့ ဘရူနိုင်းတို့ဆီကပါ ဖိတ်ကြားချက်တွေ လာတော့မယ်ဆိုတဲ့ သတင်းတွေ၊ အာဆီယံထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်ကို ပြန်လည် လက်ခံနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ အမေရိကန်အစိုးရက စစ်အုပ်စုနဲ့ ပြန်ပြီး ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ အပြောင်းအလဲတွေကြောင့် စစ်ဗိုလ်ချုပ်တွေဟာ သံတမန်ရေးအရ အထီးကျန်ဘဝကနေ အောင်အောင်မြင်မြင် လွတ်မြောက်သွားတော့မှာလားလို့ တချို့က စိုးရိမ်နေကြပါတယ်။
မြန်မာနိုင်ငံကြီး ပုံမှန်အခြေအနေ ပြန်ရောက်နေသယောင် လှည့်ဖျားတဲ့အနေနဲ့ ပထမဆုံး စစ်ကောင်စီကို အရပ်သားအစိုးရအသွင် ရုပ်ဖျက် ဖန်တီးခဲ့ပါတယ်။ မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း စစ်ယူနီဖောင်းကို ချွတ်ပြီး "သမ္မတ" ဆိုတဲ့ ဘွဲ့ကို ခံယူလိုက်ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အပေါ်ယံ ပြကွက်တွေ၊ အပြန်အလှန် အကျိုးစီးပွားအတွက်သာ ရည်ရွယ်လုပ်ဆောင်တဲ့ နှစ်နိုင်ငံ ခရီးစဉ်တွေ ရှိလာခြင်းကြောင့် စစ်အုပ်စု အနေနဲ့ နိုင်ငံရေးအရ အသက်ဆက်နိုင်ပြီလို့ ယူဆလိုက်ရင် မှားပါလိမ့်မယ်။ ဒီကိစ္စတွေကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) တို့ကို ဗဟိုပြုထားတဲ့ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ စိတ်ဓာတ်ကျစရာ အကြောင်း မရှိပါဘူး။ ကော်ဇောနီခင်း ကြိုဆိုမှုတွေနဲ့ ယဉ်ကျေးပျူငှာတဲ့ သံတမန်ရေး ထုတ်ပြန်ချက်တွေရဲ့ နောက်ကွယ်မှာ မငြင်းသာတဲ့ လက်တွေ့ အမှန်တရား ရှိနေပါတယ်။ အဲဒါကတော့ အယောင်ဆောင် သမ္မတလုပ်နေတဲ့ မင်းအောင်လှိုင်ဟာ ရှုံးနိမ့်နေတဲ့ စစ်ယန္တရားကို မနိုင်မနင်း ဦးဆောင်ရင်း ဒယိမ်းဒယိုင် ပြိုကျနေတဲ့ စီးပွားရေးနဲ့ ပြည်သူလူထုတရပ်လုံးရဲ့ အပြတ်အသတ် ဆန့်ကျင်မှုတွေကို ရင်ဆိုင်နေရတယ် ဆိုတာပါပဲ။
စစ်အုပ်စုရဲ့ သံတမန်ရေးအရ အောင်မြင်မှုဆိုတာတွေဟာ လက်တွေ့ အနှစ်သာရထက် ဟန်ပြသက်သက်သာ ဖြစ်ပါတယ်။ ဒေသတွင်း ခေါင်းဆောင်တွေက မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာဟာ စစ်အုပ်စုကို တရားဝင်မှု ပေးတာ မဟုတ်ပါဘူး။ ဒီစစ်အုပ်စုကြောင့် သူတို့နိုင်ငံတွေအပေါ် ရိုက်ခတ်လာတဲ့ ဆိုးကျိုးတွေကို ထိန်းချုပ်ဖို့ လက်တွေ့ကျကျ ကြိုးစားနေကြတာပါ။ စစ်အုပ်စု လက်ထဲမှာ တနေ့တခြား ယိုင်နဲ့လာနေတဲ့ မြန်မာနိုင်ငံဖက်က ထွက်ပေါ်လာတဲ့ အန္တရာယ်ကြီး ဘေးထွက်ဆိုးကျိုးတွေ—ဥပမာ နိုင်ငံတကာကို ထိခိုက်စေတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်းတွေ၊ မတည်မငြိမ်ဖြစ်နေတဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေနဲ့ ဒုက္ခသည်အရေးတွေကို လျှော့ချနိုင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေက အပြေးအလွှား ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ အန္တရာယ်ကို လက်တွေ့ကျကျ စီမံခန့်ခွဲတာဟာ သံတမန်ရေးအရ လက်ခံအသိအမှတ်ပြုတာ မဟုတ်ပါဘူး။
အမေရိကန်အစိုးရရဲ့ မူဝါဒအပြောင်းအလဲမှာလည်း ဒီအချက်တွေ ပါဝင်နေတယ်ဆိုတာ ထင်ရှားပါတယ်။ အမေရိကန်အစိုးရက စစ်အုပ်စုနဲ့ တိုက်ရိုက် ဆက်သွယ်စကားပြောဖို့အတွက် ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ အလွန်တိကျတဲ့ လက်တွေ့အကျိုးစီးပွားတွေအပေါ်မှာပဲ အခြေခံထားတာပါ။ အဲဒါတွေကတော့ အမေရိကန်နိုင်ငံအတွက် လိုအပ်တဲ့ ရှားပါးသတ္တုတွေကို သက်သာနဲ့ နှုန်းထားနဲ့ ရနိုင်ဖို့၊ အမေရိကန် ပြည်သူတွေကို ဒုက္ခပေးနေတဲ့ မူးယစ်ဆေးပြဿနာနဲ့ ဒေါ်လာဘီလီယံချီတန်တဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေကို ဖြိုခွင်းဖို့ ဆိုတာတွေပါပဲ။ ဒီလို ထိတွေ့ဆက်ဆံတာဟာ နာမည်ဆိုင်းဘုတ် အသစ်လဲလိုက်တဲ့ စစ်အုပ်စုကို သဘောတရားရေးအရ ပွေ့ဖက်ကြိုဆိုတာလည်း မဟုတ်သလို၊ စစ်ခေါင်းဆောင်ကို မြန်မာနိုင်ငံရဲ့ တရားဝင် သမ္မတ အဖြစ် အသိအမှတ်ပြုလိုက်တာလည်း မဟုတ်ပါဘူး။ ဒါဟာ သယံဇာတလုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို လျှော့ချရေးအတွက်သာ ရည်ရွယ်တဲ့ ကျဉ်းမြောင်းပြီး အရောင်းအဝယ်ဆန်တဲ့ သံတမန်ရေး ထိတွေ့မှု တခုမျှသာ ဖြစ်ပါတယ်။
အဓိက အရေးကြီးတဲ့အချက်ကတော့ အမေရိကန်နိုင်ငံက လိုချင်နေတဲ့ မြေရှားသတ္တုတွေနဲ့ သူတို့ ချေမှုန်းချင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ စစ်အုပ်စုရဲ့ စိုးမိုးထိန်းချုပ်မှုအောက်မှာ အမှန်တကယ် ရှိမနေခြင်းပါပဲ။ မြန်မာနိုင်ငံရဲ့ အဓိက ရှားပါးသတ္တု ထွက်ရှိရာ ဒေသတွေဟာ စစ်တပ်လက်အောက်မှာ မဟုတ်ဘဲ ကချင်ပြည်နယ်လို တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ - ဒါမှမဟုတ် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာသာ အများဆုံး တည်ရှိနေတာပါ။ အလားတူပဲ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့်စခန်းတွေဟာလည်း နေပြည်တော်ရဲ့ အာဏာစက် လုံးဝပျက်ပြားနေတဲ့၊ ဒါမှမဟုတ် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေ ကျင်လည်နေတဲ့ နယ်စပ်ဒေသတွေမှာပဲ အခြေစိုက် လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ပြည်တွင်းတည်ငြိမ်မှုနဲ့ ထိရောက်တဲ့ ဥပဒေစိုးမိုးမှုကို ဆောင်ကျဉ်းမပေးနိုင်တဲ့ အယောင်ဆောင် သမ္မတကို ယုံကြည်ပြီး အခုလို ထိတွေ့ဆက်ဆံတာမျိုးဟာ အမေရိကန်နိုင်ငံအတွက် အချည်းနှီး အကျိုးမဲ့ ဖြစ်တယ်ဆိုတာ မကြာခင်မှာပဲ မြင်သာလာပါလိမ့်မယ်။
ဒါ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေရဲ့ တံခါးတွေဟာလည်း စစ်အုပ်စုအတွက် တင်းတင်းကျပ်ကျပ် ပိတ်ထားဆဲ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ထဲမှာတင် မင်းအောင်လှိုင်ကို ပြန်လက်ခံမလား၊ လက်မခံဘူးလား ဆိုတဲ့ မေးခွန်းကို အခြေအတင် ဆွေးနွေးနေရဆဲ ရှိပါသေးတယ်။ မင်းအောင်လှိုင်ကို ပြန်လက်ခံချင်တဲ့ အာဆီယံနိုင်ငံ တချို့ကပင်လျှင် မြန်မာနဲ့ ပတ်သက်ပြီး သူတို့ကိုယ်တိုင် ဆုံးဖြတ် ချမှတ်ထားတဲ့ အာဆီယံ မူငါးချက်ကို မျက်နှာလွှဲခဲပစ် မလုပ်ချင်ကြပါဘူး။ တချိန်တည်းမှာပဲ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အရည်အချင်းစစ် ကော်မတီကလည်း စစ်အုပ်စုက အဆိုပြုတဲ့ သံတမန်တွေကို ဆက်လက် ပယ်ချထားပြီး၊ ပြည်သူ့အစိုးရရဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာ မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်နေဆဲပါ။
ဥရောပသမဂ္ဂ (EU) ကလည်း စစ်အုပ်စုကို အခိုင်အမာ ဆန့်ကျင်နေဆဲ ဖြစ်ပြီး၊ ဒီမိုကရေစီ ခေါင်းဆောင်တွေကို ဖယ်ထုတ်ထားတဲ့ ဟန်ပြ နိုင်ငံရေး အသွင်ကူးပြောင်းမှု မှန်သမျှကို ပယ်ချထားပါတယ်။ ဒါ့အပြင် လေယာဉ်ဆီနဲ့ စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေ အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ပိုပြီး တင်းကျပ်ထားပါတယ်။ ဟိဂ်မြို့မှာဆိုရင်လည်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ တရားစွဲဆိုမှု အရိပ်မည်းကြီးနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က ထုတ်ပြန်လာမယ့် ဖမ်းဝရမ်းတွေကြောင့် စစ်အုပ်စု ခေါင်းဆောင်တွေဟာ ကမ္ဘာ့ရာဇ၀တ်ကောင်များစာရင်းကနေ မလွတ်မြောက်နိုင်တဲ့ အနေအထားကို ရောက်နေပါတယ်။
အဖွဲ့အစည်းဆိုင်ရာ တရားဝင်မှု တိုက်ပွဲမှာ ပိုပြီး ရှင်းလင်းပြတ်သားတဲ့ ရလဒ်တခု နိုင်ငံတကာ ပါလီမန်များသမဂ္ဂ (IPU) မှာ ပေါ်ထွက်လာပါတယ်။ အရပ်သားအစိုးရ အသွင်ဆောင်ထားတဲ့ စစ်အုပ်စုဟာ သူတို့ရဲ့ ရုပ်သေး လွှတ်တော်ကိုယ်စားလှယ်တွေကို ကမ္ဘာ့သက်တမ်းအရင့်ဆုံး ပါလီမန်များ သမဂ္ဂထဲ ဝင်ခွင့်ရဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ IPU က CRPH ကိုပဲ မိတ်ဖက်အဖွဲ့ဝင်အဖြစ် ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပြီး စစ်အုပ်စုက ဖန်တီးထားတဲ့ လွှတ်တော်အတုကို အပြတ်အသတ် ငြင်းပယ်ခဲ့ပါတယ်။ IPU ရဲ့ ဒီဆုံးဖြတ်ချက်ဟာ သမိုင်းဝင် ဆုံးဖြတ်ချက်တခု ဖြစ်ပါတယ်။ လွှတ်တော်ဆိုင်ရာ တရားဝင်မှုဆိုတာ မြို့တော်ကို လက်နက်အားကိုးပြီး အဓမ္မသိမ်းပိုက်ထားရုံနဲ့ မရဘူးဆိုတာကို သက်သေပြလိုက်တာ ဖြစ်ပါတယ်။ CRPH ဟာ မြန်မာပြည်သူတွေ လွတ်လပ်စွာ မဲပေးခဲ့ကြတဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကနေ ဆင်းသက်လာတဲ့ တရားဝင် လုပ်ပိုင်ခွင့်အာဏာကို ဆက်လက်ပိုင်ဆိုင်ထားပြီး၊ ကိုယ့်ဘာသာ တင်မြှောက်ထားတဲ့ သမ္မတဘွဲ့နဲ့ စစ်အုပ်ချုပ်ရေး အမိန့်တွေအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားဝင်မှုကို ဖန်တီးယူလို့ မရနိုင်ဘူးဆိုတာကို အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
တိုင်းပြည်ထဲမှာ နယ်မြေမစိုးမိုးနိုင်ရင် ပြည်ပက သံတမန်ရေး လုပ်ထုံးလုပ်နည်းတွေဟာ ဘာမှ အဓိပ္ပာယ် မရှိပါဘူး။ စစ်တပ်ဟာ ပြည်တွင်းစစ်မှာ အနိုင်မရနိုင်လောက်တဲ့အထိ ရှုံးနိမ့်နေပါပြီ။ သမိုင်းဝင် ၁၀၂၇ စစ်ဆင်ရေး အပါအဝင် နိုင်ငံအနှံ့က တိုက်ပွဲတွေမှာ တော်လှန်ရေး အင်အားစုတွေဟာ အဓိက နယ်စပ်ဂိတ်တွေကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ တိုင်းစစ်ဌာနချုပ်တွေကိုပါ သိမ်းပိုက်ကာ ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ခဲ့ပါတယ်။ ဘယ်တော့မှ မပြိုလဲနိုင်ဘူးလို့ တချိန်က ထင်ခဲ့ရတဲ့ မြန်မာစစ်တပ်ဟာ အခုအခါမှာ မြို့ပြခံစစ်တွေနဲ့ မြန်မာပြည် အလယ်ပိုင်းဒေသတွေထဲမှာပဲ ပိတ်မိနေပြီး၊ လေကြောင်းကနေ အကြမ်းဖက် ဗုံးကြဲတာနဲ့ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကိုပဲ အဓိက အားကိုးနေရပါတော့တယ်။
ရှေ့တန်းတပ်ရင်းတွေဟာ သမိုင်းမှာ မကြုံဖူးလောက်အောင် အင်အားပြုန်းတီးနေပါတယ်။ တတပ်လုံး လက်နက်ချတာတွေ၊ တပ်ပြေးတွေနဲ့ တိုက်ပွဲတွင်း ကျဆုံးမှုတွေကြောင့် ခြေလျင်တပ်ရင်းတွေမှာ စစ်သားတွေ နည်းပါးလာပြီး စစ်တန်းလျားတွေမှာ ဟာလာဟင်းလင်း ဖြစ်နေပါပြီ။ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ အဓမ္မ စစ်မှုထမ်းဥပဒေကို အသည်းအသန် အသက်သွင်းလိုက်ပေမဲ့လည်း ဒီအခြေအနေကို မကုစားနိုင်တော့ပါဘူး။ ရလာဒ်တွေ အနေနဲ့ စစ်မှုထမ်းဖို့ ရှောင်လွှဲတာ၊ စစ်မြေပြင်မှာ လူငယ်တွေ အလုံးအရင်းနဲ့ ထွက်ပြေးတာ၊ အာဏာဖီဆန်တာ စတာတွေ ပေါ်ပေါက်လာပါတယ်။ စုဆောင်းမိသမျှ တပ်သားသစ် အများစုဟာ စစ်သင်တန်းကိုလည်း ပြည့်စုံအောင် တက်ခွင့်မရခဲ့၊ တိုက်ခိုက်လိုစိတ်လည်း မရှိကြတာကြောင့် စစ်ဆင်ရေးတွေမှာ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာပါတယ်။ မင်းအောင်လှိုင်ဟာ အရင်က ရှိခဲ့ဖူးတဲ့ စစ်အာဏာရှင်တွေလို တိုင်းပြည်ကို ထိထိရောက်ရောက် အုပ်ချုပ်နိုင်စွမ်း မရှိတော့တဲ့အပြင်၊ ဗမာအပါအဝင် တိုင်းရင်းသားပြည်သူတွေအားလုံးက သူနဲ့ သူ့ရဲ့ အရပ်သားအယောင်ဆောင် စစ်အုပ်စုကို မြန်မာတနိုင်ငံလုံးကို စစ်ကျွန်ပြုထားတဲ့ ရန်သူတွေအဖြစ်သာ သဘောထားနေကြပါတယ်။
စစ်တပ်တခု ရေရှည်ရပ်တည်ဖို့ ငွေလိုပါတယ်၊ ဒါပေမဲ့ နေပြည်တော်ရဲ့ ဘဏ္ဍာရေး အခြေခံအုတ်မြစ်တွေဟာ ပြာကျလုနီးပါး ဖြစ်နေပါပြီ။ မြန်မာကျပ်ငွေတန်ဖိုးဟာ သမိုင်းတလျှောက် မကြုံဖူးအောင် ထိုးကျသွားပြီး အခြေခံစားသောက်ကုန်၊ စက်သုံးဆီနဲ့ အရေးကြီးတဲ့ ဆေးဝါးဈေးနှုန်းတွေ အဆမတန် ကြီးမြင့်လာပါတယ်။ ဒါကို စစ်အုပ်စုက နိုင်ငံခြားငွေတွေကို အတင်းအကျပ် လဲလှယ်စေခြင်း၊ ကုန်ပစ္စည်းတင်သွင်းခွင့်တွေကို မတရား ပိတ်ပင်ခြင်းနဲ့ ဘဏ်တွေကို အကြမ်းဖက် ထိန်းချုပ်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ တရားဝင်လုပ်ကိုင်နေတဲ့ ပုဂ္ဂလိကကဏ္ဍကို လည်ပင်းညှစ်သလို ဖြစ်လာတာကြောင့် နိုင်ငံခြားကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ ကျွမ်းကျင်လုပ်သားတွေ အမြောက်အမြား တိုင်းပြည်ကနေ ထွက်ခွာသွားကြတာကြောင့် စစ်အုပ်စုက အုပ်ချုပ်နေပါတယ်ဆိုတဲ့ နယ်မြေတွေမှာတောင် စီးပွားရေးဟာ ရေရှည် နာလန်မထူနိုင်တော့ပါဘူး။
နိုင်ငံရပ်ခြား မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ စစ်အုပ်စုကြားက မဟာဗျူဟာမြောက် ဆက်ဆံရေးဟာလည်း အက်ကြောင်းထင်နေပါပြီ။ တရုတ်နိုင်ငံနဲ့ စစ်အုပ်စုကြားမှာ ရှိတဲ့ အကျိုးစီးပွားအခြေပြု အပြန်အလှန် ဆက်ဆံရေးဟာ အလွန်နက်ရှိုင်းတဲ့ မယုံသင်္ကာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ တရုတ်ဟာ ရှမ်းပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို ကူညီနေတယ်လို့ စွပ်စွဲပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို လူသိရှင်ကြား လုပ်ခဲ့ကြတဲ့ စစ်တပ်ထောက်ခံသူတွေနဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးတွေဟာ အခုဆိုရင် အွန်လိုင်းပေါ်မှာပါ တရုတ်ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေကို လုပ်လာကြပါတယ်။ ရပ်တန့်နေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန်က ရေနက်ဆိပ်ကမ်း စီမံကိန်းတွေကို မင်းအောင်လှိုင်က ရုရှားကို ပေးအပ်ပြီး မျက်နှာလိုမျက်နှာရ လုပ်လိုက်တာဟာလည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) က တဆင့် အိန္ဒိယသမုဒ္ဒရာကို စိုးမိုးချင်တဲ့ တရုတ်ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေကို တိုက်ရိုက် ဆန့်ကျင်ရာ ရောက်သွားပါတယ်။ မင်းအောင်လှိုင်က တရုတ်နဲ့ ရုရှားကို တပြေးညီထားပြီး ချိန်ခွင်လျှာညှိဖို့ ကြိုးစားလိုက်ခြင်းကြောင့် သူ့ရဲ့ မဟာမိတ် အင်အားကြီးနိုင်ငံ နှစ်ခုကြားမှာ အန္တရာယ်များတဲ့ သံတမန်ရေး ပွတ်တိုက်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီမိုကရေစီ တော်လှန်ရေး အင်အားစုတွေအတွက် ရှေ့ဆက်ရမယ့် လမ်းကြောင်းဟာ စိတ်ပျက်အားငယ်စရာ မဟုတ်ဘဲ နိုင်ငံရေး၊ သံတမန်ရေးနဲ့ စစ်ရေးအရ မဟာဗျူဟာကျကျ ရှင်းလင်းပြတ်သားစွာ ရှေ့ဆက်ဖို့သာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ IPU ရဲ့ ဆုံးဖြတ်ချက်ကို အရေးကြီးတဲ့ သာဓကအဖြစ် အမိအရ ဆုပ်ကိုင်ပြီး အခြားသော နိုင်ငံတကာ စင်မြင့်တွေက တဆင့် စစ်အုပ်စုရဲ့ အရပ်သားအစိုးရ အယောင်ဆောင်မှုကို ပြတ်ပြတ်သားသား ချေဖျက်ပစ်ရပါမယ်။ NUG နဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေဟာလည်း လွတ်မြောက်နယ်မြေတွေမှာ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေး၊ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေကို ပိုမို ခိုင်မာအောင် တည်ဆောက်ပြီး မိမိတို့ရဲ့ အုပ်ချုပ်နိုင်စွမ်းကို သက်သေပြရပါမယ်။ မြေပြင်မှာ ဖက်ဒရယ်အုပ်ချုပ်ရေးယန္တရား အမှန်တကယ် လည်ပတ်နေတာကို ပြသနိုင်ခြင်းက တိုင်းပြည်ကို သူတို့ကသာ အုပ်ချုပ်နိုင်တယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ပြောဆိုချက်တွေကို အဓိပ္ပါယ်မဲ့ သွားစေပါလိမ့်မယ်။ တချိန်တည်းမှာပဲ တော်လှန်ရေး အင်အားစုတွေဟာ အမေရိကန်၊ အာဆီယံနဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုမို ထိတွေ့ဆက်ဆံပြီး၊ မြန်မာနိုင်ငံတွင်းက အရေးပါတဲ့ သယံဇာတတွေကို စနစ်တကျ စီမံခန့်ခွဲရေး၊ မူးယစ်ဆေးနဲ့ အွန်လိုင်းငွေလိမ် စခန်းတွေကို အမြစ်ပြတ် ချေမှုန်းရေးအတွက် မိမိတို့ကသာလျှင် လက်တွေ့ကျပြီး ယုံကြည်စိတ်ချရတဲ့ တခုတည်းသော မိတ်ဖက် ဖြစ်တယ်ဆိုတာကို ပြသရပါလိမ့်မယ်။
သမိုင်းကို ပြန်ကြည့်ရင် အကျပ်အတည်းဆိုက်နေတဲ့ အာဏာရှင်တွေဟာ ပြည်တွင်းက အခြေခံအုတ်မြစ်တွေ ပြိုလဲလာတဲ့အခါ သူတို့ကိုယ်သူတို့ ရွေးကောက်ခံအစိုးရအသွင် ပြောင်းလဲပြတာတွေ၊ ပြည်ပခရီး ပိုထွက်ပြတာတွေ လုပ်လေ့ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်က အရပ်သား သမ္မတအသွင်နဲ့ ပြည်ပခရီးတွေ ထွက်ပြနေတာဟာလည်း တိုင်းပြည်ကို လုံခြုံအေးချမ်းအောင် မအုပ်ချုပ်နိုင်တော့တဲ့ သူရဲ့ ဖြစ်အင်ကို ဖုံးကွယ်ဖို့သာ ဖြစ်ပါတယ်။ သူနဲ့ အလွမ်းသင့်တဲ့ ခေါင်းဆောင်တွေက သူ့ကို လက်ခံကြိုဆိုလိုက်ရုံနဲ့ ပြုတ်ပြုတ်ပြုန်းနေတဲ့ သူ့ရဲ့ စစ်တပ်ဟာ ပြန်လည် တောင့်တင်းလာမှာ မဟုတ်သလို၊ ပြောင်သလင်းခါလုနီးပါး ဖြစ်နေတဲ့ သူ့ရဲ့ ဘဏ္ဍာတိုက်ကိုလည်း ပြန်ဖြည့်ပေးနိုင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့်တော့ သူနဲ့ သူ့ရဲ့ စစ်တပ်ကို အမုန်းကြီးမုန်းနေတဲ့ ပြည်သူလူထုရဲ့ မေတ္တာနဲ့ ယုံကြည်မှုကို ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို အမှန်တကယ် အဆုံးအဖြတ် ပေးနိုင်တဲ့ တကယ့် ဗဟိုချက်ဟာ အရင်ကရော အခုပါ တနေရာတည်းမှာပဲ ဆက်လက် တည်ရှိနေပါတယ်။ အဲဒါကတော့ မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ ထာဝရ ကိန်းအောင်းနေတဲ့ လွတ်လပ်လိုစိတ်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်လိုစိတ်နဲ့ အဲဒီရည်မှန်းချက်တွေ ပြည့်ဝစေဖို့ စည်းလုံးညီညွတ်စွာနဲ့ မဆုတ်မနစ် ကြိုးပမ်းကြမယ် ဆိုတဲ့ သူတို့ရဲ့ သန္နိဋ္ဌာန်ပဲ ဖြစ်ပါတယ်။