| Download PDF | Read in English |
သရုပ်ဖော်ပုံကို AI ဖြင့် ဖန်တီးသည်။
ဆောင်းပါးအကျဉ်းချုပ်
မင်းအောင်လှိုင်၏ နိုင်ငံခြားခရီးစဉ်များသည်နိုင်ငံရေး တရားဝင်မှု ရယူရန် ရည်ရွယ်သော်လည်း ဘယ်လာရုစ်ကဲ့သို့သော နိုင်ငံများထံမှ နိုင်ငံတကာ ချေးငွေများ ရှာဖွေနေရခြင်းက စစ်အုပ်စု၏ သံတမန်ရေး အောင်ပွဲထက် ၎င်းတို့၏ ဘဏ္ဍာရေး အားနည်းချက်များကို ပိုမိုပေါ်လွင်စေသည်။
တော်လှန်ရေး အင်အားစုများသည် အရေးပါသော သံတမန်ရေးရာ ကိုယ်စားပြုမှုကိုဆက်လက် ရရှိထားကြောင်း နိုင်ငံတကာပါလီမန်များ သမဂ္ဂ (IPU) က CRPH ကိုဆက်သွယ်ဆောင်ရွက်ဖက် အဖြစ်ဆက်လက်ထားရှိခြင်းက သက်သေပြနေသည်။
နိုင်ငံတကာ ငွေကြေးမသမာမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) သည်မြန်မာနိုင်ငံနှင့် ဆက်နွယ်နေသော ငွေကြေးလုပ်ဆောင်ချက်များ အပေါ် စိစစ်မှု တိုးမြှင့်လျက်ရှိပြီး၊ ၂၀၂၇ ခုနှစ်ဖေဖော်ဝါရီလအတွင်း လက်တွေ့ကျသောငွေကြေးမသမာမှု တိုက်ဖျက်ရေး အရေးယူဆောင်ရွက်ချက်များကို ပြသရန် တောင်းဆိုကာစစ်အုပ်စု၏ ငွေကြေးစီးဆင်းမှုအပေါ် ဖိအားပေးလျက်ရှိသည်။
အာဆီယံအနေဖြင့် စစ်အုပ်စုအား အဆင့်မြင့် အစည်းအဝေးများတွင် နိုင်ငံရေး ကိုယ်စားပြုခွင့်ပေးခြင်းထက် အရပ်သားများအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေးကဲ့သို့သော လက်တွေ့ကျသည့် ရလဒ်များဖြင့်သာ တိုးတက်မှုကိုတိုင်းတာရမည်။
ခန့်မှန်းခြေ ဖတ်ရှုချိန် ~ ၅-၆ မိနစ်ခန့်
စစ်ဝတ်စုံလဲပြီး ရွေးကောက်ပွဲအတုမှ တဆင့် သမ္မတအဖြစ် တရားဝင်မှု ရယူရန် ကြိုးပမ်းနေသော မင်းအောင်လှိုင်၏ နိုင်ငံခြားခရီးစဉ်များကို မြင်တွေ့ရသည့်အခါ နွေဦးတော်လှန်ရေး၏ နိုင်ငံတကာမျက်နှာစာသည် အကျဘက်သို့ ရောက်ရှိနေပြီလားဟု အချို့က စိတ်ပူပန်စွာ မေးခွန်းထုတ်လာကြသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုမှသည် ရုရှားနှင့် အခြားနိုင်ငံများအထိ ဆက်ဆံရေး ချဲ့ထွင်လာခြင်းသည် "စစ်အုပ်စုကို နိုင်ငံတကာက ပြန်လည် လက်ခံလာပြီလား" ဆိုသည့် စိုးရိမ်မှုကိုလည်း ဖြစ်ပေါ်စေသည်။
ဤစိုးရိမ်မှုကို ပေါ့ပေါ့တန်တန် သဘောထား၍မရပါ။ နိုင်ငံတနိုင်ငံချင်းစီ၏ အကျိုးစီးပွားအခြေပြု ထိတွေ့ဆက်ဆံမှုများသည် စစ်အုပ်စုအတွက် နိုင်ငံရေး ထွက်ပေါက်၊ စီးပွားရေး အထောက်အပံ့နှင့် ဖိနှိပ်မှု စွမ်းရည်များ ရရှိစေနိုင်သည်။ သို့သော် ခရီးစဉ်များနှင့် တွေ့ဆုံပွဲဓာတ်ပုံများကိုသာ ကြည့်၍ တော်လှန်ရေး၏ နိုင်ငံခြားရေးမျက်နှာစာ တခုလုံး အရေးနိမ့်သွားပြီဟု ဆုံးဖြတ်ခြင်းသည်လည်း အခြေအနေကို ပြည့်စုံစွာ သုံးသပ်၍ ဆုံးဖြတ်ရာ မရောက်ပေ။
ကျိုးကြောင်းဆီလျော်စွာ ဆန်းစစ်နိုင်ရန်အတွက် မေးသင့်သည့် မေးခွန်းမှာ "မင်းအောင်လှိုင် မည်သည့်နိုင်ငံသို့ သွားနိုင်ခဲ့သနည်း" ဆိုသည်ထက် "အဆိုပါ ခရီးစဉ်များမှ မည်သည့် လက်တွေ့ အကျိုးရလဒ်များ ရရှိခဲ့သနည်း" ဆိုသည် မေးခွန်း ဖြစ်သည်။ ထို့အပြင် အဆိုပါ ခရီးစဉ်များကြောင့် "နိုင်ငံရေးတရားဝင်မှု မည်မျှ ခိုင်မာစွာရရှိခဲ့ပါသနည်း"၊ "နိုင်ငံတကာ အဖွဲ့အစည်းမျက်နှာစာများတွင် ပြည်သူ့ကိုယ်စားပြုမှုကို စစ်အုပ်စုက အစားထိုး ရယူနိုင်ပြီလား"၊ "စစ်အုပ်စုသည် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ အကန့်အသတ်များကို ကျော်လွှားနိုင်ပြီလား" ဆိုသည့် မေးခွန်းများသည်လည်း မေးသင့်သည့် မေးခွန်းများ ဖြစ်သည်။
ဘယ်လာရုစ်ထံမှ ချေးငွေရရှိရန် ကြိုးပမ်းခဲ့သည် ဆိုသော သတင်းများကိုလည်း ဤရှုထောင့်မှ ကြည့်ရမည်ဖြစ်သည်။ ဤချေးငွေသည် မြင့်မားလွန်းသော အတိုးနှုန်းဖြင့် ချေးယူခဲ့ရခြင်း ဟုတ် မဟုတ် ဆိုသည်ကိုလည်း ဆန်းစစ်သင့်သည်။ ထို ငွေချေးမှု၏ သဘောသဘာဝနှင့် ရလဒ်ကို သီးခြားအတည်ပြုရန် လိုသော်လည်း စစ်အုပ်စု၏ ဘဏ္ဍာရေး လိုအပ်ချက်နှင့် အကန့်အသတ်များကို သုံးသပ်ရာတွင် မင်းအောင်လှိုင် ကိုယ်တိုင် ပြည်ပမှ ငွေကြေးအထောက်အပံ့ ရှာဖွေနေရခြင်းကိုပါ ထည့်သွင်း စဉ်းစားရပါလိမ့်မည်။ ချေးငွေတောင်းခံခြင်း၊ ကတိကဝတ် ရရှိခြင်းနှင့် ငွေကြေးအမှန်တကယ် လက်ခံရရှိခြင်းတို့ကိုလည်း ခွဲခြားကြည့်ရန် လိုသည်။
တဖက်တွင် တော်လှန်ရေးအင်အားစုများ၏ နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုများလည်း ဆက်တိုက် ရှိနေသည်ကို သတင်းထုတ်ပြန်မှုများအရ သိရှိရသည်။ ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF) ဖွဲ့စည်းပြီးနောက် ပြုလုပ်သည့် နိုင်ငံတကာ သံတမန် မိတ်ဆက်ခြင်း အစီအစဉ်မှ အစ ပြု၍ ဂျပန်၊ ဩစတြေးလျ၊ ကနေဒါ ခရီးစဉ်များ၊ အာဆီယံ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတည်ဆောက်မှုများ၊ သံတမန် တွေ့ဆုံရှင်းလင်းပွဲများ ပြုလုပ်လျက်ရှိသည်။ ထို့အပြင် နိုင်ငံခြားရေးလုပ်ငန်းများကို SCEF အဖွဲ့ဝင် အသီးသီး၏ မူလ နိုင်ငံခြားရေးမူဝါဒများနှင့် ဆန့်ကျင်မှုမရှိစေဘဲ တော်လှန်ရေးအား အထောက်အကူ ဖြစ်စေရန် အတွက် သုံးသပ်ညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည် ဟု နားလည်ရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ချက်များ၏ အကျိုးရလာဒ်ကို သုံးသပ်ရာတွင် သတ်မှတ်ကာလအတွင်း -
(၁) နိုင်ငံခြားရေးကဏ္ဍ အနေဖြင့် တော်လှန်ရေး၏ နိုင်ငံရေး၊ စစ်ရေး မျှော်မှန်းချက်များနှင့် ရလဒ်များကို နိုင်ငံတကာသို့ အသိပေးနိုင်ခဲ့သည့် အတိုင်းအတာ၊
(၂) ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးဆိုင်ရာ ဘုံနိုင်ငံရေးဦးတည်ချက်ကို မြန်မာပြည်သူများနှင့် နိုင်ငံတကာက ယုံကြည်လက်ခံလာသည့် အတိုင်းအတာ၊
(၃) နိုင်ငံတကာ ဆက်ဆံရေးမှ ရရှိလာသည့် ရလာဒ်ကို လူသားချင်းစာနာမှု အကူအညီ၊ ပြည်သူ့ဝန်ဆောင်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအဖြစ် ပြောင်းလဲနိုင်ခဲ့သည့် အတိုင်းအတာ - စသည်တို့ကို ပဓါန ထား၍ သုံးသပ်ရမည် ဖြစ်သည်။
ကိုယ်စားပြုမှုကို ထိန်းသိမ်းနိုင်ခြင်း၏ တန်ဖိုး
၁၅၃ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ သမဂ္ဂ (IPU) ညီလာခံတွင် CRPH ကို IPU ၏ ဆက်သွယ်ဆောင်ရွက်ဖက်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းသည် အရေးပါသော နိုင်ငံရေးရလဒ် တခု ဖြစ်သည်။ ဤသည်မှာ ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည့်အပြင်၊ ပြည်သူ့ကိုယ်စားပြုမှုကို စစ်အုပ်စုက ဖန်တီးသည့် နိုင်ငံရေးအစီအစဉ်ဖြင့် အလိုအလျောက် အစားထိုး၍ မရကြောင်း ပြသနေသည်။
ကုလသမဂ္ဂ မျက်နှာစာတွင်လည်း တတိယကော်မတီဆိုင်ရာ ဆွေးနွေးမှုများ၊ အထူးကိုယ်စားလှယ်နှင့် လူ့အခွင့်အရေး အထူးအစီရင်ခံစာ တင်သွင်းသူတို့၏ အစီရင်ခံချက်များ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား (Independent Investigative Mechanism for Myanmar - IIMM) ၏ အထောက်အထား စုဆောင်းထိန်းသိမ်းမှုများသည် လုပ်ပိုင်ခွင့်နှင့် ရည်ရွယ်ချက် ကွဲပြားသော်လည်း စစ်အုပ်စု၏ လုပ်ရပ်များကို နိုင်ငံတကာ စိစစ်မှုအောက်တွင် ဆက်လက် ရှိနေစေသည်။ ယင်းလုပ်ငန်းစဉ်များမှ ချက်ချင်း အရေးယူမှု ထွက်ပေါ်လာမည်ဟု မမျှော်မှန်းသင့်သော်လည်း၊ တာဝန်ခံမှုဆိုင်ရာ လမ်းကြောင်းများ ဆက်လက် ရှင်သန်နေခြင်း၏ တန်ဖိုးကို လျှော့တွက်၍ မရပေ။
သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တဆင့် ပြည်သူ့အသံကို ကုလသမဂ္ဂတွင် ဆက်လက်တင်ပြနိုင်ရေးနှင့် သူ၏ လက်ရှိ ကိုယ်စားပြုမှုကို ကာကွယ်ရေးသည်လည်း တော်လှန်ရေးဖက် နိုင်ငံခြားရေးကဏ္ဍ၏ အဓိက တာဝန်တရပ် ဖြစ်သည်။ ယခုနှစ် ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားပြုမှု (UN Credentials) နှင့် စပ်လျဉ်းသည့် တရားဝင်ဆုံးဖြတ်ချက် မကျမီ ကြိုတင် အောင်ပွဲခံရန် မသင့်ပါ။ သို့သော် မင်းအောင်လှိုင် သွားလာနေသည့် နိုင်ငံခြားခရီးစဉ်များသည် မြန်မာပြည်သူများအား ကိုယ်စားပြု၍ သွားလာနေခြင်း မဟုတ်ကြောင်း ရှင်းလင်းစွာ နားလည်ထားရမည်။
ငွေကြေးစီးဆင်းမှုဆိုင်ရာ ဖိအား
နိုင်ငံတကာ ငွေကြေးမသမာမှု တိုက်ဖျက်ရေးအဖွဲ့ ဖြစ်သည့် Financial Action Task Force (FATF) ၏ အောက်တိုဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်သည် အရေးပါသည့် အချက်တခု ဖြစ်သည်။ မြန်မာနှင့်ဆက်စပ်သော ငွေကြေးလုပ်ငန်းများကို တိုးမြှင့်၍ စိစစ်ရန် FATF အဖွဲ့က ဆက်လက်တောင်းဆိုထားခြင်းကြောင့် စစ်အုပ်စုနှင့် ဆက်နွယ်နေသည့် ငွေကြေးလမ်းကြောင်းများ၊ တဆင့်ခံ ဆောင်ရွက်သည့် လုပ်ငန်းများအတွက် နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ကို အသုံးပြုရာတွင် ပိုမို ခက်ခဲလာပြီး၊ တိုးမြှင့်၍ စိစစ်ခံရမည် ဖြစ်သည်။
ငွေကြေးမသမာမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အရေးယူဆောင်ရွက်ချက်များသည် ၂၀၂၇ ဖေဖော်ဝါရီအထိ သိသာသော တိုးတက်မှု မရှိပါက တန်ပြန် အရေးယူဆောင်ရွက်ရန် စဉ်းစားမည်ဆိုသော FATF ၏ သတိပေးချက်သည် စစ်အုပ်စုအပေါ် နိုင်ငံတကာ၏ ဖိအားထပ်မံ မြင့်တက်လာနိုင်သည့် အလားအလာကို ဖော်ပြနေသည်။ ငွေကြေးမသမာမှုနှင့် အွန်လိုင်း ငွေလိမ်လုပ်ငန်းများကြောင့် ပေါ်ပေါက်လာရသည့် တရားမဝင် ငွေကြေးအန္တရာယ်ကို FATF က ဆက်လက် ထောက်ပြထားခြင်းသည် ထိုပြဿနာများကို ဖြေရှင်းနေပြီဆိုသည့် စစ်အုပ်စု အနေဖြင့် အပေါ်ယံဆန်သည့် ကြေညာချက်များ ထုတ်ပြန်နေခြင်းထက် လက်တွေ့ အရေးယူပြရမည်ဟု တောင်းဆိုနေခြင်းဖြစ်သည်။
FATF ၏ ဆုံးဖြတ်ချက်သည် မြန်မာစစ်အုပ်စုကိုသာ ပစ်မှတ်ထားသည့် ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှု မဟုတ်ပါ။ သို့သော် ဤဆုံးဖြတ်ချက်ကြောင့် စစ်အုပ်စု၏ ငွေကြေးစီးဆင်းမှု အပေါ် ကြီးမားသော ဖိအား သက်ရောက်စေမည်မှာ ဧကန်ပင် ဖြစ်သည်။ ယင်းကို တော်လှန်ရေးဖက်ရှိ နိုင်ငံခြားရေးကဏ္ဍ၏ အောင်မြင်မှု တခု အဖြစ် သတ်မှတ်ရန် မသင့်သော်လည်း၊ တရားမဝင် ငွေကြေးကွန်ရက်များအပေါ် အရေးယူ စိစစ်မှုများ ပိုမို ထိရောက်စေရန် ဆက်လက် ကြိုးပမ်းနိုင်သည့် အခွင့်အလမ်း ဖြစ်သည်။
တချိန်တည်းတွင် FATF ၏ ဆုံးဖြတ်ချက်ကြောင့် ပြည်သူများ၏ အသက်ရှင်ရပ်တည်ရေး လမ်းကြောင်းများ မထိခိုက်စေရန်ကိုလည်း သတိထား၍ ကာကွယ်ရမည်။ FATF ကိုယ်တိုင်ကလည်း လူသားချင်းစာနာမှု အကူအညီ၊ တရားဝင် အရပ်ဘက်အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများနှင့် မိသားစုထံ ငွေလွှဲပို့မှုများကို ဟန့်တားမှုများ မဖြစ်ပေါ်စေရန် အလေးပေး ဖော်ပြထားသည်။ ထို့ကြောင့် FATF ၏ ဖိအားသည် တရားမဝင် ငွေကြေးကွန်ရက်များအပေါ် ထိရောက်စွာ သက်ရောက်စေရမည် ဖြစ်သော်လည်း၊ ပြည်သူများအား မထိခိုက်စေရန် သက်ဆိုင်သူတို့က FATF နှင့် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်သည်။
အာဆီယံ၏ နောက်ခြေလှမ်း
လာမည့် အာဆီယံထိပ်သီးအစည်းအဝေးကို အထက်ဖော်ပြပါ နိုင်ငံရေးနှင့် ဘဏ္ဍာရေး ဖိအားများ ကြားတွင် ကျင်းပမည် ဖြစ်သည်။ အာဆီယံအဖွဲ့ အနေဖြင့် မိမိတို့ ချမှတ်ထားသော ဘုံသဘောတူညီချက် ငါးရပ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုပါက ထိုသဘောတူညီချက်ပါ အချက်အလက်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည်။
ဘုံသဘောတူညီချက် ငါးရပ်၏ တိုးတက်မှုကို တိုင်းတာရာ၌ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည် အကြိမ် အရေအတွက်၊ သွားရောက်ခဲ့သော ခရီးစဉ် အရေအတွက်နှင့် ရရှိခဲ့သည့် ကတိကဝတ်များဖြင့် တိုင်းတာ၍ မရပါ။ အရပ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ရပ်တန့်ရေး၊ အကူအညီ လိုအပ်နေသူ အားလုံးထံ လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိရေးနှင့် နိုင်ငံရေးဆွေးနွေးမှုတို့တွင် သက်ဆိုင်သူအားလုံး ပါဝင်နိုင်ရေး အစရှိသည့် ရလဒ်များအားဖြင့်သာ တိုင်းတာရပေမည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးကိုလည်း ခိုင်ခိုင်မာမာ ဆက်လက် တောင်းဆိုရမည်။
ထိုသို့သော အဓိပ္ပါယ်ရှိသည့် တိုးတက်မှုမျိုး မရှိဘဲ စစ်အုပ်စုကို အဆင့်မြင့် အစည်းအဝေးများ၌ နိုင်ငံရေးကိုယ်စားပြုခွင့် ပြန်ပေးမည် ဆိုပါက အာဆီယံ၏ ဘုံသဘောတူညီချက်သည် အဓိပ္ပါယ် ကင်းမဲ့သွားမည် ဖြစ်သည်။ အာဆီယံအနေဖြင့် မြန်မာ့ အနာဂတ်အတွက် ထိရောက်စွာ ချဉ်းကပ် ဆောင်ရွက်လိုပါလျှင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အစရှိသည့် ဒီမိုကရေစီနှင့် တိုင်းရင်းသားအင်အားစုများနှင့် အဓိပ္ပါယ်ရှိရှိ ထိတွေ့ ဆက်ဆံရမည်။
တော်လှန်ရေးဖက်ရှိ NUG နိုင်ငံခြားရေးဌာန အနေဖြင့်လည်း ကုလသမဂ္ဂရှိ သံတမန်ရေးဆိုင်ရာ လက်ရှိ ကိုယ်စားပြုမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်းနှင့် စစ်အုပ်စုအပေါ် ဖိအားပေးနေနိုင်ခြင်းမျှဖြင့် အားရ ကျေနပ် မနေသင့်ပါ။ သံတမန်ဆက်ဆံရေးဆိုင်ရာ ရလဒ်များကို ပြည်သူများအတွက် အကူအညီ ရရှိရေး၊ အဖွဲ့အစည်းများ၏ စွမ်းရည် မြှင့်တင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအတွက် ယုံကြည်စိတ်ချရသော ပူးပေါင်း ဆောင်ရွက်မှုများ အဖြစ် ပြောင်းလဲနိုင်ရန် လိုအပ်ပါသည်။
မင်းအောင်လှိုင်၏ သွားရောက်ခဲ့သည့် ခရီးစဉ် တခုချင်းကို ကြည့်၍ စိတ်ပျက်ခြင်း၊ မသွားရောက်နိုင်ခဲ့သည့် ခရီးစဉ် များကို ကြည့်၍ အောင်ပွဲခံခြင်းထက်၊ နွေဦးတော်လှန်ရေး၏ ဘက်စုံအရွေ့နှင့် မဟာဗျူဟာ ရည်မှန်းချက်အတွက် ဟန်ချက်ညီစွာ လှုပ်ရှားဆောင်ရွက်နေမှုတို့ကို ယှဉ်ထိုး၍ ကြည့်ရမည် ဖြစ်သည်။
စစ်အုပ်စု အနေဖြင့် ပြည်သူ့တို့အား တရားဝင် ကိုယ်စားပြုခွင့် ရရှိနေပြီလား၊ ပုံမှန် အခြေအနေတခုသို့ ပြန်လည်ရောက်ရှိစေရန် ကြိုးပမ်းနေသည့် စစ်အုပ်စု၏ လုပ်ရပ်ကို ဟန့်တားရာတွင် နိုင်ငံတကာ မျက်နှာစာ၌ အမျိုးသားညီညွတ်ရေး အစိုးရက မည်သို့သော နိုင်ငံခြားရေး ရည်မှန်းချက်များဖြင့် ဆောင်ရွက်နေသနည်း စသည့် မေးခွန်းတို့သည် မေးသင့်သော မေးခွန်းများ ဖြစ်ပါသည်။
အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲအတု ၊ လွတ်တော်အတုတို့မှ ထွက်ပေါ်လာသော အစိုးရအတုကို နိုင်ငံတကာက အသိအမှတ်မပြုစေရန် ဆက်လက် ဖိအားပေးရေးသည် တော်လှန်ရေးဖက်ရှိ နိုင်ငံခြားရေးဌာန၏ အဓိက ရည်မှန်းချက် ဖြစ်သကဲ့သို့ ကြီးမားသော စိမ်ခေါ်မှု တရပ်လည်း ဖြစ်သည်။ ဤကိစ္စမှတပါး အခြား ထားရှိသင့်သော ရည်မှန်းချက်များမှာ -
၁။ စစ်အုပ်စု အနေဖြင့် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖေါက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ်တွင် ကျူးလွန်သော ရာဇဝတ်မှုများ အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် တရားမျှတမှုတို့ ရှိစေရန် နိုင်ငံတကာ တရားရေး စနစ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊
၂။ စစ်အုပ်စု၏ ဘဏ္ဍာရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ရေး၊
၃။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တော်လှန်ရေးအင်အားစုများက ထိမ်းချုပ်ထားသည့် ဒေသများအထိ ခွဲခြားဆက်ဆံမှု မရှိစေဘဲ စီးဆင်းစေနိုင်ရေး၊
၄။ ပြည်သူများ၏ ရုန်းကန်မှုနှင့် နိုင်ငံရေးတည်ဆောက်မှုများကို နိုင်ငံတကာက သိအောင် ဆောင်ရွက်နိုင်ရေး - စသည့် ရည်မှန်းချက်များ ဖြစ်သည်။
နိုင်ငံခြားရေးကဏ္ဍ၏ စွမ်းဆောင်ရည်ကို တိုင်းတာရာတွင် နိုင်ငံတခုချင်းနှင့် ဆက်ဆံရေးကိုသာမက ကမ္ဘာ့နိုင်ငံပေါင်းစုံ ပါဝင်သည့် ကုလသမဂ္ဂနှင့် အခြား ဆက်စပ်ယန္တရားများ၊ နိုင်ငံတကာ ပါလီမန်များ၊ အာဆီယံကဲ့သို့သော ဒေသတွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာ အလုပ်သမား သမဂ္ဂများနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ စသည်တို့၏ နှစ်စဥ် ဆုံးဖြတ်ချက်များ မည်သို့ ရှိနေသည်ကိုလည်း ထည့်သွင်း တွက်ချက်ရမည် ဖြစ်သည်။
နိုင်ငံခြားရေးကဏ္ဍသည် ပြည်တွင်းရှိ ပြည်သူ့အင်အား
နိုင်ငံရေးအရ စည်းလုံးညီညွတ်မှုနှင့် အုပ်ချုပ်ရေးတည်ဆောက်မှုတို့နှင့် ချိတ်ဆက်မိမှသာ ပိုမို ထိရောက်လာမည် ဖြစ်သည်။ ပြည်သူ့ကိုယ်စားပြုမှုကို ထိန်းသိမ်းထားနိုင်ခြင်း၊ စစ်အုပ်စု၏ တရားဝင်မှု ရယူရေး ကြိုးပမ်းချက်ကို တားဆီးထားနိုင်ခြင်း၊ စစ်အုပ်စု၏ ငွေကြေးနှင့် ဘဏ္ဍာရေး စီးဆင်းမှုတို့ကို ဟန့်တားကာ စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ဖြစ်ပေါ်လာစေခြင်းတို့သည် တော်လှန်ရေးကာလ၏ နိုင်ငံခြားရေး ရည်မှန်းချက် ဖြစ်သည် ဆိုပါလျှင် ယခုအခါ၌ အဆိုပါ ရည်မှန်းချက်များကို မည်သည့် အတိုင်းအတာ အထိ ဖြည့်ဆည်းပြီးနေပြီ ဆိုသည်ကိုအကဲဖြတ်၍ မှတ်ကျောက်တင်ရမည် ဖြစ်သည်။