နေပြည်တော်၌ ချောင်ပိတ်မိနေသည့် မင်းအောင်လှိုင်
အာဆီယံကို ရာဇသံပေးခြင်းသည် အင်အားရှိခြင်း မဟုတ်၊ ရှုံးနိမ့်ခြင်း၏ လက္ခဏာသာဖြစ်သည်
| Download PDF | Read in English |
Visual generated by AI for illustrative purposes.
ကောက်နှုတ်ချက်များ
သံတမန်ရေးအရ ပိတ်ဆို့ခံရမှု - မင်းအောင်လှိုင်သည် အတုအယောင် ရွေးကောက်ပွဲများကို ကြိုးကိုင် ကျင်းပပြီး သမ္မတရာထူးကို ရယူခဲ့သော်လည်း၊ မလေးရှားနှင့် စင်ကာပူတို့၏ ပြတ်သားသော ပိတ်ပင်မှုကြောင့် အာဆီယံ၏ တူညီဆန္ဒကို မဖြိုခွဲနိုင်ခဲ့ပါ။
ရန်လိုသော ပုံစံသို့ ပြောင်းလဲလာမှု - အာဆီယံမှ ဆက်လက်ဖယ်ကျဉ်ခံထားရမှု အပေါ် တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် ထားရှိရန် မလိုအပ်တော့ကြောင်း ကြေညာခဲ့ပြီး၊ တုံ့ပြန်မှုများ လုပ်ဆောင်မည်ဟု မင်းအောင်လှိုင်က ခြိမ်းခြောက်ခဲ့သည်။
ဗျူဟာမြောက် အားနည်းချက် - စစ်ကောင်စီ၏ ရန်လိုသော အမူအယာများ နောက်ကွယ်တွင် နိုင်ငံတဝှမ်း၌ စစ်ရေးဆုံးရှုံးမှုများ၊ ပြင်းထန်သော စီးပွားရေးပြိုလဲမှုများနှင့် တရုတ်နှင့် ရုရှားတို့ အပေါ် ပထဝီနိုင်ငံရေးအရ လုံးဝအမှီပြုရတော့မည့် အခြေအနေသို့ ဆိုက်ရောက်လာသည်။
မူဝါဒရေးရာ ရပ်တည်ချက် - ဟန်ပြရွေးကောက်ပွဲများကို အာဆီယံက အသိအမှတ်ပြုရန် ငြင်းပယ်ခြင်းအားဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေးမှာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးပေါ်၌သာ လုံးဝမူတည်နေကြောင်း မီးမောင်းထိုးပြလိုက်သည်။
မြန်မာနိုင်ငံအား အတိုင်းထက်အလွန် ဆိုးရွားလှသည့် ပြည်တွင်းစစ်အတွင်းသို့ တွန်းပို့ခဲ့သည့် အဓိပ္ပါယ်မဲ့သော စစ်အာဏာသိမ်းမှုကို ပြုလုပ်ခဲ့အပြီး ငါးနှစ်အကြာတွင် မင်းအောင်လှိုင်သည် သံတမန်ရေးရာ လမ်းစပျောက်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ စစ်တပ်က နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် အယောင်ပြ “ရွေးကောက်ပွဲ” ကို ပြုလုပ်၍ မိမိကိုယ်ကို သမ္မတအဖြစ် တင်မြှောက်ကာ ဟန်ပြ အရပ်သား အစိုးရတရပ် ဖန်တီးနိုင်လျှင် နိုင်ငံတကာ အသိုင်းအဝိုင်းထဲသို့ ချောချောမောမော ပြန်လည် ဝင်ရောက်နိုင်မည်ဟု မှန်းဆခဲ့သော်လည်း၊ လက်တွေ့တွင်မူ ၎င်းတို့ ခမ်းခမ်းနားနား ပြင်ဆင်ခဲ့သော နိုင်ငံရေးပြဇာတ်မှာ အရှေ့တောင်အာရှ သံတမန်လောက၏ ခိုင်ကျည်သော ရပ်တည်ချက်ကြောင့် ဖရိုဖရဲ ဖြစ်ခဲ့ရသည်။
အာဆီယံ၏ သံတမန်ရေးရာ ပိတ်ဆို့မှု မူဘောင်
စစ်ကောင်စီ၏ လတ်တလော ဗျူဟာမှာ ရည်မှန်းချက် ကြီးမားသကဲ့သို့၊ လိမ်လည်လှည့်ဖြားမှုလည်း ပါဝင်နေသည်။ ဤဗျူဟာအရ စစ်ဝတ်စုံကို ချွတ်၍ သမ္မတဝတ်စုံ ပြောင်းလဲဝတ်ဆင်ခြင်းဖြင့် “အရပ်သား” အသွင်ယူကာ အာဆီယံအဖွဲ့ အတွင်း သဘောထားကွဲလွဲအောင် ဆောင်ရွက်နိုင်ခဲ့သည်။
လက်တွေ့ကျသော ပြန်လည်ဆက်ဆံရေးကို လိုလားသည့် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အခြား အာဆီယံ အဖွဲ့ဝင် အချို့၏ ကူညီမှုဖြင့် စစ်အုပ်စုသည် စည်းရုံးလှုံ့ဆော်မှုများကို ပြင်းပြင်း ထန်ထန် လုပ်ဆောင် ခဲ့သည်။ ၎င်းတို့၏ အကြောင်းပြချက်မှာ ရှင်းလင်းလှပါသည် - ၂၀၂၁ စစ်အာဏာသိမ်းကာလမှာ ယခု အခါ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည့်အပြင်၊ “ရွေးကောက်ခံအစိုးရ” တရပ်ပင် ပေါ်ထွန်းနေပြီ ဖြစ်သဖြင့် "အစိုးရ" ခေါင်းဆောင်များအား အာဆီယံထိပ်သီးအစည်းအဝေးများသို့ ပြန်လည် တက်ရောက်ခွင့် ပေး ရမည်ဟူ၍ ဖြစ်သည်။
သို့သော်လည်း အာဆီယံ၏ အဓိကမဏ္ဍိုင် နိုင်ငံများ ဖြစ်ကြသော မလေးရှားနှင့် စင်ကာပူတို့၏ ခိုင်မာသော မူဝါဒရေးရာ ရပ်တည်ချက်ကြောင့် စစ်အုပ်စု၏ လှည့်ကွက်မှာ ပျက်စီးခဲ့ရသည်။ အကြမ်းဖက်မှုများ၊ နိုင်ငံရေးအကျဉ်းသား ဖမ်းဆီးထားမှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများကြားမှ ပြုလုပ်ခဲ့သော အတု အယောင် ရွေးကောက်ပွဲသည် မည်သို့သော တရားဝင်မှုကိုမျှ ဆောင်ကြဉ်းမပေးနိုင်ဟု အဆိုပါ နိုင်ငံများက သုံးသပ်ခဲ့ကြသည်။ စစ်ပွဲများ၊ စစ်ဘေးရှောင်များနှင့် ရာဇဝတ်ဂိုဏ်းများ ပေါ်ပေါက်စေခဲ့ပြီး ဒေသတွင်း မတည်ငြိမ်မှုကို ဖန်တီးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီသည် ရာထူးအမည်နာမကို ပြောင်းလဲလိုက်ရုံဖြင့် ၎င်း၏ မူရင်းဇစ်မြစ်ကို ဖျောက်ဖျက်ခြင်း မပြုနိုင်ဟု ၎င်းတို့က အခိုင်အမာ ယူဆကြသည်။ ထို့ကြောင့် အာဆီယံ၏ တူညီဆန္ဒ ၅ ရပ်မှာ ဆက်လက် တည်ရှိနေဆဲဖြစ်ပြီး၊ မြန်မာနိုင်ငံအား တရားဝင် ကိုယ်စားပြုခွင့် ရရှိရေးအတွက် စစ်အုပ်စု၏ ကြိုးပမ်းမှုမှာ ပိတ်ဆို့ခံထားရဆဲဖြစ်သည်။
စစ်ကောင်စီ၏ ဒေါသတကြီး တုံ့ပြန်မှုနှင့် သံတမန်ရေးရာ လမ်းစပျောက်မှု
မိမိတို့၏ သံတမန်ရေးရာ အကွက်ဆင်မှု ပျက်စီးသွားခဲ့ပြီးနောက် မင်းအောင်လှိုင်၏ တုံ့ပြန်မှုမှာ မြန်ဆန်ပြီး၊ ရန်လိုသည့် ပုံစံသို့ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ မိမိကိုယ်မိမိ သမ္မတအဖြစ် တင်မြှောက်ထားသူက မြန်မာနိုင်ငံတွင် “ပြည်သူက ရွေးကောက်မြှောက်ထားသော အစိုးရ” ရှိနေပြီ ဖြစ်၍၊ အာဆီယံအနေဖြင့် အထူးသံတမန် စေလွှတ်ရန် မလိုတော့ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် အာဆီယံက မြန်မာ့ပြည်တွင်းရေးကို ဆက်လက် ဝင်ရောက်စွက်ဖက်မည် ဆိုပါက မိမိတို့ကလည်း "တချက်ချင်း ပြန်လည် တုံ့ပြန်သွားမည်" ဟုခြိမ်းခြောက်ခဲ့သည်။
စင်စစ်တွင် အဆိုပါ ပြောဆိုချက်များသည် စစ်အုပ်စု၏ အင်အားကို ပြသခြင်း မဟုတ်ဘဲ၊ ချောင်ပိတ်မိသွားသည့် အခြေအနေကြောင့် ပရမ်းပတာ တုံ့ပြန်လိုက်ခြင်းသာ ဖြစ်ကြောင်း ထင်ရှားလှပါသည်။ နိုင်ငံရေးတွင်လည်းကောင်း၊ စစ်ရေးတွင်လည်းကောင်း အကွက်အကွင်းများ ပျောက်ဆုံးနေပြီဖြစ်သည့် မင်းအောင်လှိုင်အတွက် အခြား ရွေးချယ်စရာ နည်းလမ်း များ ကုန်ခမ်းနေပြီဖြစ်သည်။ တိုင်းပြည်အနှံ့ရှိ စစ်မြေပြင်များတွင် တော်လှန်ရေးအင်အားစုများက ဗျူဟာမြောက် စစ်ရေးအသာစီးရမှုကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး၊ စစ်အုပ်စု၏ စီးပွားရေးယန္တရားမှာလည်း ပြိုလဲနေပြီ ဖြစ်သည်။ အာဆီယံ၏ တူညီဆန္ဒကို သပ်လျှိုဖြိုခွဲခြင်းငှာ မစွမ်းသာတော့သည့် စစ်အုပ်စုသည် ယခုအခါ တရုတ်နှင့် ရုရှားတို့ကိုသာ လုံးလုံး လျားလျား မှီခိုရတော့မည် ဖြစ်ရာ၊ ဗျူဟာမြောက် ဆုံးဖြတ်ချက်များအား လွတ်လပ်စွာ ချမှတ်နိုင်ခွင့် ဆုံးရှုံးတော့မည် ဖြစ်သည်။
အနာဂတ် သံတမန်ရေးရာ ရိုက်ခတ်မှုများ
အာဆီယံအဖွဲ့တွင်းသို့ တင်းပြည့်ကျပ်ပြည့် ပြန်လည်ဝင်ရောက်နိုင်ရန် မိမိကိုယ်တိုင် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပြီးကာမှ ယင်းအဖွဲ့အစည်းကို ပြန်လည် ခြိမ်းခြောက်လာခြင်းသည် မင်းအောင်လှိုင်၏ သံတမန်ရေး ဗျူဟာ မရှုမလှ ကျရှုံးသွားပြီ ဆိုသည့် အရိပ်အယောင် ဖြစ်သည်။ အာဆီယံ မူဘောင်များမှ လမ်းခွဲထွက်မည်ဟု မင်းအောင်လှိုင်က ခြိမ်းခြောက်လိုက်ခြင်းက - အဖွဲ့၏ မူဘောင်ကို အလျှော့မပေးဘဲ တင်းခံခဲ့သည့် အာဆီယံ၏ ရပ်တည်ချက် မှန်ကန်ကြောင်း သက်သေပြနေပါသည်။
"ဟန်ပြရွေးကောက်ပွဲများဖြင့် တရားဝင်မှုကို အလွယ်တကူ ဝယ်ယူ၍ မရနိုင်" ဆိုသည့် မူကို ကိုင်စွဲ ထားသည့် အာဆီယံအဖွဲ့သည် လည်းကောင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သည် လည်းကောင်း၊ မိမိတို့၏ ရပ်တည်ချက်ကို အလျှော့ပေးရန် မလိုပါ။ သံတမန်ရေးအရ နေပြည်တော်တွင် ချောင်ပိတ်မိနေသော စစ်အုပ်စုသည် ပိုမိုနက်ရှိုင်းသော အထီးကျန် ဘဝသို့ ဆုတ်ခွာရန် ပြင်ဆင်နေချိန်တွင် အာဆီယံ အနေဖြင့် - "မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် နိဂုံးချုပ်ပြီး မြန်မာပြည်သူများ၏ စစ်မှန်သောဆန္ဒကို ဖော်ထုတ်နိုင်ခွင့်ရှိသည့် အချိန်ကျမှသာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်" ဆိုသည့် မူဝါဒကို ပိုမို ခိုင်မာစွာ ကိုင်စွဲထားရမည် ဖြစ်သည်။